နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
ဆက်လက်ပြီး ထောင်ဒဏ်ချမှတ်နေသလို
ပြစ်ဒဏ်ချပြီးသူတွေကိုလည်း ဆင့်ကဲပြစ်ဒဏ်တွေ ချမှတ်နေပါတယ်။
ဒီကနေ့ဆိုရင်
လည်း တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာတော့
လူငယ်
ဟစ်ဟော့ပ် (Hip-Hop) အဆိုတော် ဇေယျာသော် အပါအဝင် Generation
Wave လို့ သိကြတဲ့ မျိုးဆက်သစ်လူငယ်များ
အစည်းအရုံးက လူငယ်တချို့လည်း
ပါဝင်ခဲ့ကြသလို ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို
နောက်ထပ်
ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။
အခုနောက်ဆုံး ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်နေတဲ့အထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနောက်ပိုင်း
ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ
လူငယ်တွေလည်း ပါဝင်ခဲ့ကြတာပါ။ ဒီအထဲမှာ နာမည်ကျော်
အက်ဆစ်တေးဂီတအဖွဲ့
က ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ တက်ကြွ
လှုပ်ရှားသူ
လူငယ်အဖွဲ့တခုဖြစ်တဲ့ Generation Wave မျိုးဆက်သစ်လူငယ်များ
အစည်းအရုံးအဖွဲ့ဝင်တွေအဖြစ်
ဇေယျာသော်၊ သီဟဝင်းတင်၊ အာကာဘို၊
အောင်ဇေဖြိုး၊ ရန်နိုင်သူ၊ ဝေလွင်မျိုးတို့ ၆ ဦးကို
အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ ထောင်ဒဏ်
၅ နှစ်၊ ဒီအထဲက ဇေယျာသော်ကိုတော့ ဖမ်းဆီးချိန်မှာ နိုင်ငံခြားငွေ
လက်ဝယ်တွေ့ရှိမှု
နဲ့ နောက်ထပ်တနှစ်တိုး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်တွေစီရင်ခဲ့တဲ့
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားခွင်ကို သွားရောက်ကြားနာခဲ့တဲ့ ဇေယျာသော်
ရဲ့ အဒေါ်ဖြစ်သူ
ဒေါ်ခင်သန်းဋ္ဌေး ပြောပြတာကတော့ …
"ဒီနေ့ စီရင်ချက်ချပါတယ်။
လမ်းမတော်မြို့နယ် တရားရုံးကပါ။ ပုဒ်မ ၂၄/၁ နဲ့ တနှစ်၊
၆/၈၈ နဲ့က ငါးနှစ်ချလိုက်တယ်။
အားလုံး ခြောက်နှစ်ချလိုက်တယ်။ ပုဒ်မ ၆/၈၈ နဲ့
ငါးနှစ်ချလိုက်ပေမယ့် သူ့ရဲ့လက်ဝယ်မှာလည်း
ဘာမှမိတာမဟုတ်ဘူး။ သူတို့ကို
ခေါ်ဆောင်သွားတဲ့ စရဖရဲ့ ထွက်ဆိုချက်၊ သူတို့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာ
စစ်ဆေး
တဲ့အပေါ် မူတည်ပြီးတော့ ချလိုက်တာပါ။ အန်တီတို့ဘက်က ဘယ်လောက်ပဲ တင်သွင်း
ပေမယ့်
မရခဲ့ပါဘူး။ သူတို့က ၆/၈၈ မြောက်တယ်ဆိုပြီး ချလိုက်တာပဲ။
"သူကတော့ နဂိုကတည်းက
ပြင်ဆင်ထားတော့ ဘာမှတော့ သိပ်မပြောပါဘူး။ အန်တီ
တို့ကိုမှာတာတော့ ကျန်းမာရေးဂရုစိုက်ဖို့ပေါ့။
သူ့အတွက်ကိုလည်း ဂုဏ်ယူပါဆိုတဲ့
အကြောင်းပဲ ပြောတယ်။ သူက ဘယ်တော့မှ အမှားကိုမလုပ်ခဲ့ဘူးတဲ့၊
အမှန်ကိုလုပ်ဖို့
ကြိုးစားနေတဲ့ လူတယောက်ဖြစ်တယ်ပေါ့၊ ဒါကြောင့် သူ့ကို ဂုဏ်ယူပါဆိုပြီး
အန်တီ
တို့ကို မှာခဲ့တယ်။"
သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေအတွင်း
ထင်ရှားသူ ရဟန်းတော်တပါး
ဖြစ်တဲ့ အရှင်ဂမ္ဘီရကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားခွင်ကနေ
နောက်ထပ်
ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့
လူစု
လူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအဝင် စွပ်စွဲချက် အများအပြားနဲ့ ရင်ဆိုင်နေရတဲ့
အရှင်ဂမ္ဘီရကို အင်္ဂါနေ့တုန်းကပဲ
ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာဖြစ်ပြီးတော့ အခု
ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ
ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ
လုပ်ဆောင်နေရုံ
သာမက ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို
ပို့ဆောင်နေတာတွေရှိလို့ မိသားစုတွေအနေနဲ့ သောကရောက်စရာတွေကလည်း
ဖြစ်နေရတာပါ။ အခုနောက်ဆုံး
ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဇေယျာသော်လို လူငယ်တွေ
ကိုလည်း စီရင်ချက်ချခံရပြီး မိသားစုနဲ့
အလှမ်းဝေးရာ နယ်မြို့တွေဆီ ပို့ဆောင်မှာကို
လည်း စိုးရိမ်နေတာပါ။
"သူက ရန်ကုန်မှာမွေး၊
ရန်ကုန်မှာကြီးတော့ နယ်တွေကိုရောက်သွားရင် သူ ဘယ်လို
တွေ့ဆုံရမလဲ၊ အခက်အခဲတွေ ဘယ်လိုကြုံရမလဲဆိုတာ
အန်တီတို့ကတော့ စဉ်းစားပြီး
စိတ်ပူနေတာပေါ့။ သူက ကောင်းတာလုပ်သွားတော့ ဘုရားကတော့ သူ့ကို
အမြဲတမ်း
ကြည့်နေမှာပေါ့။ အဲဒီလိုပဲ အန်တီကတော့ ခံယူထားပါတယ်။ ကြည့်တော့မနေပါဘူး၊
သူက
အမှားကိုလုပ်တဲ့သူ မဟုတ်တော့။"
အခုနောက်ဆုံး ထောင်ဒဏ်
၆ နှစ် အပြစ်ပေးခံခဲ့ရတဲ့ အက်ဆစ် တေးဂီတအဖွဲ့က
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်ရဲ့ အဒေါ်ဖြစ်သူ
ဒေါ်ခင်သန်းဋ္ဌေး ပြောပြသွားတာ
ဖြစ်ပါတယ်။
တော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသူတွေကို
ဒီလဆန်းပိုင်းကစလို့ နေ့စဉ်ရက်ဆက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာ
အခုဆိုရင် ၁၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ၈၈ မျိုးဆက်ကျောင်းသား
တွေလို၊ သံဃာတော် အရှင်ဂမ္ဘီရလို ပုဂ္ဂိုလ်တွေဟာဆိုရင်လည်း နောက်ထပ်စွပ်စွဲချက်
တွေ ရှိနေဆဲဖြစ်ပြီး ပြစ်ဒဏ်တွေ ဆက်လက်ချမှတ်ခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်
နေရဆဲလည်း ဖြစ်ပါတယ်။