သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်


ဒေါ်လာ သန်းပေါင်း ၇ သိန်း တန်ဖိုးရှိတဲ့ ငွေကြေး အကျပ်အတည်း ကယ်တင်ရေး အစီအစဉ် စီမံခန့်ခွဲနေတာ ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဟင်နရီ ပေါ်လ်ဆင်န် (Henry Paulson) က ကာကွယ် ပြောကြားသွားပါတယ်။ သူ ကယ်လီဖိုးနီးယား ပြည်နယ်၊ Simi Valley မှာ ရှိတဲ့ ရော်နယ် ရီဂင် သမ္မတ စာကြည့်တိုက် မှာ ကြာသပတေးနေ့ က ပြောကြားသွားခဲ့တာပါ။

အမေရိကန် နဲ့ ကမ္ဘာ့ ငွေကြေးစနစ်တွေ ကို သတိထား ပြုပြင်ပြောင်းလဲကြဖို့ သူ က တောင်းဆိုသွားပါတယ်။ မိုက် အို ဆူလီဗန် (Mike O’Sullivan) သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

လက်ရှိငွေကြေး အကျပ်အတည်း မှာ အကြောင်း အများကြီး ရှိတယ်လို့ ပေါ်လ်ဆင်န် က ပြောပါတယ်။ အဲဒီ အကြောင်းတွေ ထဲမှာ အစိုးရ က ဘာမှမလုပ်တာ၊ လုပ်တာတွေ မှားနေတာ၊ အမေရိကန် နဲ့ ကမ္ဘာ မှာ ရှိတဲ့ ထိန်းကျောင်းကြပ်မတ်တဲ့ စနစ်တွေ ခေတ်မမီတော့တာ၊ ငွေကြေးလုပ်ငန်း အဖွဲ့အစည်းတွေ က အန္တရာယ် ဖြစ်နိုင်လျက် နဲ့ တအားကြီး စွန့်စား အလုပ်လုပ်ကြတာတွေ ပါဝင်ပါတယ်။ သူ ပထမ ဦးစားပေး လုပ်မှာကတော့ စနစ် ကို တည်ငြိမ်အောင် လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ဆင့်ကတော့ ပြုပြင်ပြောင်းလဲရေး ဖြစ်တယ်လို့ ပြောပါတယ်။

“အခု ဖြစ်ပေါ်နေတဲ့ အချေအတင် ဆွေးနွေးစရာ အကြောင်းတွေကြောင့် အခွင့်အလမ်းတွေ ပေါ်လာသလို၊ အန္တရာယ်တွေလည်း ရှိပါတယ်။ မနှစ် က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ က အလွန်အကျွံတွေ ကို ဖွင့်ချပြလိုက်တယ်။ အနာအဆာတွေ ကို ဖွင့်ချပြလိုက်တယ်။ အနာအဆာဆိုတာ ခပ်ဖော့ဖော့ နှိမ်ချပြောတာပါ။ ဖြစ်ကြောင်းကုန်စင် ကို မှန်မှန်ကန်ကန် ကျွန်တော်တို့ က မရှာဖွေ၊ မသတ်မှတ် နိုင်ဘဲ အဲဒီ အစား ပိုကောင်းတဲ့ စည်းမျဉ်းတွေ မချဘဲ၊ အလျင်စလိုတွေ လုပ်၊ အကောင်အထည်ဖော် မယ်ဆိုရင်တော့ ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။”

ပြန်နလန်ထဖို့ က အချိန်ယူရပါလိမ့်မယ် လို့ ပေါ်လ်ဆင်န် က ပြောပါတယ်။ ငွေကြေး အခြေအနေတွေ ကို ပိုတွေ့ မြင်လာနေရဆဲဖြစ်နေတာမို့ စည်းမျဉ်းအသစ်တွေ ကို မလုပ်နိုင်သေးပါဘူး လို့ သူ က ပြောပါတယ်။

အောက်လွှတ်တော် ဘဏ္ဍာရေး ဝန်ဆောင်မှု ကော်မီတီ ရှေ့မှောက် အင်္ဂါနေ့ မှာ သူလာရောက် အစစ်ခံတုန်းက၊ ကယ်တင်ရေး အစီအစဉ် ကို သူ ကိုင်တွယ်ပုံ နဲ့ ပတ်သက်ပြီး၊ ဟင်နရီ ပေါ်လ်ဆင်န် ဟာ ပြင်းပြင်းထန်ထန် အဝေဖန်ခံ ခဲ့ရပါတယ်။

သန်းပေါင်း ၇ သိန်း ကယ်တင်ရေး အစီအစဉ် က ဆုံးသွားတဲ့၊ ဆုံးဖို့များတဲ့ ကြွေးတွေ ကို အစတုန်းကတော့ ဝယ်ဖို့ အဓိက ထားပါတယ်။ အိမ်ဈေးကွက် ပျက်သွားပြီးတဲ့နောက်၊ ဘာတန်ဖိုးမှ မရှိသလောက်နီးနီး ဖြစ်သွားတဲ့ အာမခံစာချုပ်တွေ ပဲ ဘဏ်တွေ မှာ ကျန်နေခဲ့ပါတယ်။

ပိုဆိုးလာနေတဲ့ အခြေအနေ နဲ့ လျော်ညီစွာ မဟာဗျူဟာ ပြောင်းဖို့ ဖြစ်လာတယ်လို့ ပေါ်လ်ဆင်န် က ဆိုပါတယ်။ သူ က ငွေကြေး ကုမ္ပဏီကြီးတွေ ထဲ ငွေထည့်ပေးပါတယ်။ အစိုးရ က ပိုင်ဆိုင်မှု ရှယ်ယာ ရပါတယ်။ အဲဒီ ကုမ္ပဏီကြီးတွေ ပြန်ပြီး ငွေချေးနိုင်ကြအောင်လို့ အဲသလို ငွေထည့်ပေးတာပါ။

ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ နဲ့ ဒေသတွင်း ဖွံ့ဖြိူးတိုးတက်ရေး ဘဏ်တွေလို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ဟာ ပိုပြီး တာဝန်ခံနိုင်အောင်၊ ပို ပြေပြစ်သွက်လက်လာအောင်၊ ပို ထိရောက်လာအောင် အုပ်ချုပ်ရေး ဘုတ်အဖွဲ့တွေ ကို ပြုပြင်ပြောင်းလဲရေး လုပ်သင့်တယ်လို့ သူက ပြောပါတယ်။

“အလားတူပဲ၊ အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်တို့ ဟာ တက်သစ်စ ဈေးကွက် စီးပွားရေး နဲ့ လိုက်လျောညီထွေ ဖြစ်အောင်၊ နေ့စဉ် လုပ်ငန်းလုပ်ဆောင်ရာမှာ အဲဒီ စီးပွားရေးတွေ ကို ပို ကိုယ်စားပြုနိုင်အောင်၊ သူတို့ ပို ပါဝင်လာအောင်လုပ်ဖို့ လိုပါတယ်။”

အကျပ်အတည်း ကို ဖြေရှင်းဖို့ အလုပ်လုပ်နေကြတဲ့ အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကြား ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်သလို၊ အမေရိကန် လွှတ်တော် မှာ ဒီမိုကရက်တွေ နဲ့ ရီပါဘလီကန် တွေ ကြား ပူးပေါင်းဆောင်ရွက်ကြဖို့ လည်း ပေါ်လ်ဆင်န် က တိုက်တွန်းပါတယ်။ အနာဂတ် ပြုပြင်ပြောင်းလဲရေး ဟာ လွတ်လပ်စွာ ကုန်သွယ်ရေး နဲ့ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ကိုက်ညီနေရမယ် လို့ သူ က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG