သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်


ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဂျော့ဒဘလျု ဘုရှ် ဟာ ပီရူးနိုင်ငံကို သွားရောက်နေပါတယ်။ ဒီ ခရီးစဉ်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း နောက်ဆုံး ပြည်ပနိုင်ငံတွေကို သွားရောက်တဲ့ နိုင်ငံခြား ခရီး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ဝေါ့ဖ်ဆင်န် (Paula Wofson) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး ပြောပြပါလိမ့်မယ်။

ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် သမ္မတ ဘုရှ် တက်ခဲ့တဲ့ အချိန်က ၂၀၀၁ ခုနှစ် စက်တင်ဘာ အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်မှုကြီး ကြုံခဲ့ရပြီး ၂ လအကြာမှာ ဖြစ်ပါတယ်။

အခု တကြိမ် ဒုတိယအကြိမ် ဒီ အစည်းအဝေးကို တက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ နိုင်ငံတွေ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အချိန်မှာဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ၂၁ နိုင်ငံ အစည်းအဝေးကို သမ္မတ ဘုရှ် အနေနဲ့ သမ္မတရာထူးကို မစွန့်ခင် နောက်ဆုံး တက်ရောက်မှာပါ။

အိမ်ဖြူတော် ကိုယ်ရေးအရာရှိတွေကတော့ သမ္မတ ဘုရှ် အနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် တိုးတက်လာအောင် လုပ်ဆောင်ထားပြီးသား အချက်တွေအပေါ် APEC အာရှ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှု ရအောင် တိုက်တွန်းမယ်လို့ ပြောပါတယ်။ ကမ္ဘာတဝှမ်း ကုန်သွယ်ရေးတွေ တိုးချဲ့လုပ်ဆောင်ဖို့ ဈေးကွက်တွေ ချဲ့ထွင်ဖို့ ကိစ္စတွေကိုလည်း အလေးထားပြီး ပြောဆိုဆွေးနွေးမယ့်ပုံ ရှိတယ်လို့ ဆိုပါတယ်။

Charles Freeman ဟာ အမေရိကန် အစိုးရရဲ့ ကုန်သွယ်ရေးဆိုင်ရာ အရာရှိ လုပ်ခဲ့တဲ့သူပါ။ သမ္မတ ဘုရှ် အနေနဲ့ သမ္မတရာထူးကို ဆက်ယူဖို့ အချိန် သိပ်မကျန်တော့ဘူး ဆိုပေမယ့် သူ့ရဲ့ ပြောဆိုချက်တွေဟာ အခု ကျင်းပမယ့် APEC အစည်းအဝေးအပေါ် သြဇာသက်ရောက်မှု ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

“ကျနော် ဆိုလိုတာက ပြောဆိုချက်အပေါ် အလေးအနက် ထားမယ်လို့ ဆိုချင်တာပါ။ ကုန်သွယ်ရေး လွတ်လပ်မှုတွေ တည်ဆောက်နိုင်အောင်လုပ်ဆောင်ဖို့ ခေါင်းဆောင်တွေ ပြောဆိုနေကြတာတွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဒီကိစ္စအတွက် ထောက်ခံရပ်တည်ဖို့ကလည်း အဓိက ကျပါတယ်။”

ပစိဖိတ်သမုဒ္ဒယာ ပတ်ပတ်လည် ဒေသနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက်ရှိသလို ကမ္ဘာ့ ကုန်သွယ်ရေး ရဲ့ တဝက်လောက်ကိုလည်း ဒီဒေသတွင်းက ပိုင်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း APEC အဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်နိုင်ငံချင်း လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေလည်း ပိုများ လာခဲ့ပါတယ်။

APEC အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ဟာ တရားဝင် အဖွဲ့အစည်း ဖြစ်သလို စေ့စပ်ညှိနိုင်းမှုတွေ လုပ်ကိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ အစည်းအဝေးကတော့ ခေါင်းဆောင်တွေအကြား အတွေးအမြင် ဖလှယ်ကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ စက်မှုအင်အားကြီးနိုင်ငံ ၂၀ ရဲ့ အရိပ်ထိုး လွှမ်းမိုးမှုတွေတော့ မရှိပါဘူး။ ဒါပေမယ့်လည်း APEC အစည်းအဝေးဟာ ကမ္ဘာပေါ်က အဓိက ကျတဲ့ ဒေသကြီးအတွင်း စီးပွားရေး ဆွေးနွေးမှုတွေအတွက် အချက်အခြာ ကျတဲ့ နှီးနှောဖလှယ်ပွဲ ဖြစ်ပါတယ။်

ဒီအစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ အစည်းအဝေး အစီအစဉ် အပြင်ကနေပြီး တဦးချင်းစီ သီးခြားတွေ့ဆုံ ဆွေးနွေးတဲ့ အခွင့်အရေးတွေလည်း ရှိပါတယ်။ သမ္မတ ဘုရှ် အနေနဲ့ အစည်းအဝေး ကာလအတွင်းမှာ တရုတ်၊ ရုရား၊ တောင်ကိုရီးယား ဂျပန်နဲ့ အိမ်ရှင် ပီရူးနိုင်ငံက ခေါင်းဆောင် တွေကိုလည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါ သမ္မတရာထူးကို စွန့်လွှတ်တော့မယ် သမ္မတ ဘုရှ် အတွက် နုတ်ဆက်စကားတွေ ပြောဖို့ အခွင့်အရေး တွေလည်း ရပါလိမ့်မယ်။ အစည်းအဝေးနဲ့ ပတ်သက်လို့ သမ္မဘုရှ်မှာ အစီအစဉ်တွေ အများကြီးရှိတယ်လို့ သူ့ရဲ့ ကိုယ်ရေးအရာရှိတွေ က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေးကိစ္စ စေ့စပ်ဆွေးနွေးပွဲ မှာ ပါဝင်နေတဲ့ နိုင်ငံတွေနဲ့လည်း ဆွေးနွေးနိုင်ပါတယ်။ ရုရှား သမ္မတ ဒစ်မီထရီ မက်ဗီးယားဒက်ဗ် (Dmitri Medvedev) နဲ့ တွေ့ဆုံတဲ့အချိန် ဂျော်ဂျီယာနဲ့ ရုရှားအရေး၊ ဥရောပအတွက် အဆိုပြုထားတဲ့ မစ်ဇိုင်းဒုံးကျည် ကာကွယ်ရေးစနစ် အကြောင်းတွေလည်း ဆွေးနွေးနိုင်ပါတယ်။ တရုတ် သမ္မတ ဟူဂျင်းတောင် နဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ ဆူဒန် နဲ့ ဇင်ဘာဘွေ အရေးကိစ္စတွေ အပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေ ကိုလည်း ဆွေးနွေးနိုင်တယ်ဆိုပြီး သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG