သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ


မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းသင့် လူထုကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်ရှင် သရုပ်ဆောင် လူရွှင်တော် ဇာဂနာ ကို ထောင်ဒဏ် ၄၅ နှစ်၊ အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေး ကိုတော့ ထောင်ဒဏ် ၁၅ နှစ် ဆိုပြီး မြန်မာစစ်အစိုးရက မနေ့ကပဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲချင်သူတွေ၊ အမှန်တရား ကို လိုလားသူတွေ မှန်သမျှကို တရားဥပဒေကို ခုတုံး လုပ်ပြီး အပြစ်ပေးနေတယ်လို့ မြန်မာနဲ့ နိုင်ငံတကာ သတင်းထောက်အဖွဲ့တွေ က ပြောဆိုပါတယ်။ အပြည့်စုံကို မသင်းသီရိ က တင်ပြထားပါတယ်။

မြန်မာပြည်တွင်းက သတင်းသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ နာဂစ်မုန်တိုင်းမှာ ကူညီရေးလုပ်ကိုင်သူတွေ အပါအဝင် မြန်မာပြည်ထဲမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူ အမှန်တရားကို မြတ်နိုးသူတိုင်း အန္တရာယ် ကျနေတယ်လို့ နယ်စည်းမခြား သတင်းထောင်များအဖွဲ့ RSF နဲ့ မြန်မာ့သတင်းသမဂ္ဂ BMA သတင်းအဖွဲ့ကြီး နှစ်ခုက ပြောပါတယ်။ ဒါဟာ မြန်မာစစ်အစိုးရက ၂၀၁၀ မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် စီမံကိန်းချပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် က ပြောပါတယ်။

“ကျနော်တို့ အမြင်အရ ပြောမယ်ဆိုလို့ရှိရင်တော့ စစ်အစိုးရ အနေနဲ့ ၂၀၁၀ ခုနှစ်မှာ မဖြစ်မနေ ကျင်းပမယ်လို့ ရည်စူးထားတဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကို အနှောက်အယှက် ပေးနိုင်တဲ့သူမှန်သမျှကို စောစောကတည်းက ရှင်းထုတ်တဲ့ အနေနဲ့ အခုလိုမျိုး သူတို့ လုပ်တာလို့ ထင်ပါတယ်။ အဲဒီလိုမျိုး ရှင်းထုတ်ဖို့ လုပ်တဲ့သူတွေထဲမှာ စောစောက ပြောသလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ ပါသလို အမှန်တရားကို ကမ္ဘာကို တင်ပြမယ့်သူတွေ သတင်းသမားတွေလည်း ပါ ပါတယ်။ ဒါကြောင့် အခုလိုမျိုး လုပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ သူတို့ အခုလိုမျိုး လုပ်တဲ့ဟာ က မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ကတော့ သူတို့မှာ အာဏာရှိတယ် ဆိုတာကို ပြချင်တာ မှန်ပေမယ့် တကယ်တမ်းကတော့ သူတို့ အားနည်းလာတာကို ပြတဲ့ ပြယုဂ်တခုလို့ ကျနော်တို့ မြင်ပါတယ်။”

အထူးသဖြင့် နိုင်ငံတကာကို ဆက်သွယ်ပေးနိုင်မယ့် သတင်းသမားတွေကို အခုချိန်မှာ အဓိက ပြစ်မှတ်ထားပြီး ဖမ်းဆီး အပြစ်ပေးတာတွေ တွေ့လာရတယ်လို့ ဆက်ပြောပြပါတယ်။

“သတင်းသမားတွေက ကမ္ဘာကို သိအောင် သတင်းပို့ပေးရပါတယ်။ စစ်အစိုးရ အနေနဲ့ လိုချင်တာက သူတို့ မြန်မာနိုင်ငံ ထဲမှာ ဖြစ်နေတဲ့ သတင်းတွေကို နိုင်ငံပြင်ပကို မထွက်အောင် သူတို့ တားဆီးချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့လုပ်တဲ့ အလုပ်တွေဟာ နိုင်ငံတကာ အမြင်နဲ့ ဘယ်လိုမှ မတော်ဘူး။ ပြည်တွင်းက တရားဥပဒေ တွေကိုလည်း သူတို့ ဖောက်ဖျက်နေတယ်။ နိုင်ငံတကာ ဥပဒေတွေကိုလည်း သူတို့ ဖောက်ဖျက်နေတယ်။ အဲဒီဟာကို နိုင်ငံတကာ မသိစေချင်တဲ့အတွက်ကြောင့် မိုလို့ သူတို့ တားဆီးဖို့ဆိုရင် သတင်းသမားတွေကို အရင်ဆုံး ဖမ်းဆီးထောင်ချတာ လုပ်ရပါလိမ့်မယ်။ သူတို့ အခုလုပ်နေတဲ့အချက်က အဲဒါပေါ့။ အဲဒီအတိုင်း အတိအကျ ဖြစ်နေတာပေါ့နော်။”

အခုလို အခြေအနေတွေအပေါ်မှာ အီးယူ ဥရောပ သမဂ္ဂ အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကပါ ပိုမို ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေ ချက်ချင်းလုပ်ပေးဖို့ သူတို့ အဖွဲ့တွေအနေနဲ့ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရားစီရင်ရေးစနစ်ကို ဥပဒေမဲ့ အသုံးပြုခဲ့ကြသူတွေ အားလုံးမှာ တာဝန်ခံမှုတွေ ရှိရမယ်လို့ ဦးမောင်မောင်မြင့် က ဆက်ပြောပြပါတယ်။

“အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ က တရားဥပဒေ ကို မထီမဲ့မြင် ပြုပြီးတော့ စစ်အစိုးရ ကနေ တရားလက်မဲ့ လုပ်နေတဲ့ကိစ္စပါ။ အဲဒီတော့ ကုလသမဂ္ဂ နဲ့ ဥရောပ သမဂ္ဂ တို့အနေနဲ့က ဟိုတုန်းက ကန့်သတ်တာတွေ ရှိပေမယ်လို့ အခုချိန်မှာ ပိုပြီးတော့ ထိရောက်တဲ့ ကန့်သတ်မှုမျိုး၊ ပိုပြီးတော့ တိကျပြီးတော့ ဦးတည်ချက် ရှိတဲ့ ကန့်သတ်မှုမျိုးကို ကျနော်တို့ လိုချင်ပါတယ်။ အဲဒါကြောင့်မိုလို့လည်း ဒီကိစ္စတွေမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီး အပါအဝင် အခုလိုမျိုး မတရားတဲ့ တရားစီရင်ရေးစနစ်မှာ ပါဝင်ပတ်သက်နေတဲ့ သူတွေမှန်သမျှကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ နည်းလမ်းမျိုးတွေကို ကျနော်တို့ ရှာနေတာပါ။ ဥရောပသမဂ္ဂ ကို ကျနော်တို့ ချဉ်းကပ်သလို ကုလသမဂ္ဂကိုလည်း ကျနော်တို့ ချဉ်းကပ်ပါတယ်။ ကုလသမဂ္ဂလို့ ဆိုတဲ့နေရာမှာ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ ချဉ်းကပ်သလို နောက်ပြီးတော့ နိုင်ငံတကာ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ချဉ်းကပ်နေတာတွေ ရှိပါတယ်။ ဒါတွေသာ ထိရောက်လာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းသလို အတိအကျ မဖြစ်ရင်တောင်မှာ အခုလိုမျိုး မတရား အရေးယူတဲ့ကိစ္စတွေ အနည်းနဲ့အများ လျော့ပါးသွားလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ မြန်မာစစ်အစိုးရအပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ် ဆိုတဲ့ တရုတ်နိုင်ငံ နဲ့ အာဆီယံ အဖွဲ့တွေဟာလည်း စီးပွားရေး အကျိုးအမြတ်တွေကို ကြည့်မနေဘဲနဲ့ လက်ရှိ ပြည်တွင်းက အခြေအနေတွေ အပေါ်မှာ ထိထိရောက်ရောက် ဝင်ရောက်ပြောဆိုသင့်တယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF နဲ့ BMA အဖွဲ့တို့က ဝေဖန်ပြောဆိုထားပါတယ်။

အခုလို ကိုဇာဂနာ ကို ထောင်ဒဏ် ၄၅ နှစ်၊ ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သလို ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေကပဲ ဘလော့ဂါသမား ကိုနေဘုန်းလတ် ကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လအပြင် ကဗျာဆရာ ကိုစောေ၀ ကိုတော့ ထောင်ဒဏ် ၂ နှစ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG