သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရေးအသိနဲ့ လွတ်ငြိမ်းခွင့် ပေးရန် အဲန်အယ်လ်ဒီ တောင်းဆို


နယ်ချဲ့ ကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ စတင် လှုပ်ရှားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားနေ့ဟာ ဒီကနေ့မှာ ၈၈ နှစ် ပြည့်သွားခဲ့ပါပြီ။ ဒီကနေ့မှာ အမျိုးသားရေးစိတ်ဓါတ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ NLD ရုံးချုပ်မှာ ဒီကနေ့ အမျိုးသားနေ့အခမ်းအနား လုပ်ပြီးတော့ ကြေညာချက်ထုတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကိုမင်းကိုနိုင် အပါအဝင် နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ကိုင်ဆောင်ပြီးတော့လည်း လူငယ်တယောက် က NLD ရုံးချုပ်ရှေ့ မှာ ရပ်ပြီးတော့ ဆန္ဒပြခဲ့ပါတယ်။ ဒီလို ရန်ကုန်က နိုင်ငံရေးအင်အားစုတွေ ကျင်းပခဲ့ကြတဲ့ အမျိုးသားနေ့ အထိန်းအမှတ် အခမ်းအနားအကြောင်ကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွတ်ပေးဖို့ ဒီကနေ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပခဲ့တဲ့ (၈၈) နှစ်မြောက် အမျိုးသားနေ့အခမ်းအနားမှာ NLD က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ၂၀၀၃ နှစ် ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အာဏာပိုင်တွေဖက်က ပိတ်ပင်ထားခဲ့တဲ့ အဖွဲ့ချုပ် ရုံးခွဲတွေ ကိုလည်း ပြန်ဖွင့်ခွင့် ပြုဖို့နဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ဖျက်သိမ်းထားတဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည် ဖွဲ့စည်းခွင့်ပြုဖို့ တို့ကိုလည်း NLD က တောင်းဆိုထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အမျိုးသားနေ့အခမ်းအနားနဲ့ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့ အခမ်းအနား ကတော့ မန္တလေး က ကဗျာဆရာကြီးများ ဖြစ်ကြတဲ့ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဦးကြည်အောင်တို့ ကျနော်တို့ ဟောပြောပွဲ လုပ်ပါတယ်။ အမျိုးသားနေ့ ဆိုင်ရာပေါ့။ နောက် ကျနော်တို့ ဒီနေ့ အခမ်းအနားမှာ ရုံးဝန်းအတွင်းမှာ နံရံကပ် စာစောင်တွေ အမျိုးသားနေ့ဆိုင်ရာ ကဗျာတို့ စာညွှန့် တို့ အဲဒါတွေ လုပ်ပါတယ်။ နောက်တခုကတော့ ဒီနေ့ အခမ်းအနားလုပ်တဲ့အချိန်မှာ ကျနော်တို့ ရုံးပတ်ဝန်းကျင်မှာ အထူး လုံခြုံရေးတွေ အများကြီး ချထားတယ်။ ရဲကားတွေရော ဘာတွေရော။ ဒါပေမယ်လို့ ဘာမှတော့ အနှောက်အယှက် မပေးပါဘူး။”

လွန်ခဲ့တဲ့ ၈၈ နှစ်၊ ၁၉၂၀ ခုနှစ်က စတင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ စတင်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကို သင်ခန်းစာယူပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခက်အခဲတွေကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ လည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပါတယ်။

“ဦးဘဦး ခေါင်းဆောင်တဲ့ ကျောင်းသားတွေကနေပြီးတော့ တညီတညွတ်တည်း သပိတ်မှောက်တယ်။ တက္ကသိုလ် ဥပဒေကို သပိတ်မှောက်တယ်။ တိုင်းသူပြည်သား အားလုံးကလည်း ညီညီညွတ်ညွတ် ထောက်ခံကြတယ်။ အဲဒါကြောင့် အောင်မြင်မှု ရတယ်။ ဒီဥပဒေကို ပြင်ဆင်ပေးခဲ့ရတယ်။ အဲဒီ ကျောင်းသားသပိတ်က ပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းတွေ ပေါ်လာတယ်။ အမျိုးသားကျောင်းတွေကနေပြီးတော့ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့တယ်။ ကိုနု တို့၊ ကိုအောင်ဆန်း တို့၊ ကိုဗဟိန်း တို့ ဒီလို ပုဂ္ဂိုလ်တွေ ကျနော်တို့ ပေါ်ထွန်းလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ကြိုးပမ်းတယ်။ ပထမ လက်နက်ကိုင် တော်လှန်မှသာ ရမယ်လို့ အခြေအနေ ရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး လွတ်လပ်ရေး ရတဲ့အချိန်မှာ ဗြိတိသျှအစိုးရ နဲ့ ကျနော်တို့ စကားလက်ဆုံ dialogue လုပ်ပြီးတော့မှ တွေ့ဆုံဆွေးနွေးပြီးတော့မှ ရခဲ့တယ်။ ဒါကြောင့်မိုလို့ ဒါကို သင်ခန်းစာ ယူပြီးတော့ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုတယ်။ လက်ရှိ နအဖ အစိုးရ အနေနဲ့လည်း အမျိုးသားပြန်လည် စည်းလုံးရေးကို နိုင်ငံရေး ရည်ရွယ်ချက်တရပ် အဖြစ် ဖော်ပြနေတယ်။ အဲဒီ နိုင်ငံရေး ရည်ရွယ်ချက် အောင်မြင်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်ဖို့ ဖန်တီးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များကို လွှတ်ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေး နိုးကြွမှု အပြည့်အ၀ ရရှိဖို့ ဒီလို တောင်းဆိုရင်းနဲ့ ကြေညာချက်ကို ထုတ်လိုက်တာပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် အပြစ်ပေးနေပေမယ့်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒီကနေ့ အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့တဲ့အထဲမှာတော့ တိုင်းသူပြည်သားတွေ အနေနဲ့ ဝံသာနု စိတ်ဓါတ် ရှင်သန်နိုးကြားကြဖို့ နဲ့ စစ်အစိုးရ ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံအားပေးကြဖို့ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG