လအတန်ကြာ နိုင်ငံရေး တင်းမားမှု ရှိနေတဲ့ ထိုင်းနိုင်ငံမှာ
မနက်ဖြန် တနင်္လာနေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို ခေါ်ယူလို့ မရအောင် အစိုးရ ဆန့်ကျင်တဲ့
ဆန္ဒပြသူ တသိန်းကျော်က ဒီနေ့ လွှတ်တော်ကို ပိတ်ဆို့ထားပါတယ်။ တဘက်မှာ လည်း ရာထူးက ဖြုတ်ချခံရတဲ့
ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို လိုလားတဲ့ သောင်းနဲ့ချီတဲ့ အစိုးရ ထောက်ခံသူတွေ ကလည်း
ဘန်ကောက်မြို့ တနေရာမှာ စည်းဝေးနေကြပါတယ်။ အခြား ရဲနဲ့ စစ်တပ် လုံခြုံရေးတွေ ကလည်း ဘန်ကောက် မြို့မှာ
မနက်ဖြန် တိုးမြင့် ချထားမယ့် အလားအလာ မြင်နေရပါတယ်။ ထိုင်းနိုင်ငံရေး နောက်ဆုံး အခြေအနေ အကြောင်း ကိုတော့
ထိုင်းနိုင်ငံ ရမတန်ဟန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနက ကိုကျော်လင်းဦးကို ဦးသားညွန့်ဦးက
ဆက်သွယ် မေးမြန်းထားပါတယ်။
အခု နောက်ဆုံး အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ မနက်မှာ ဆန္ဒပြပွဲကို ဗုံးနဲ့ ပစ်ခံရတယ်။ PADခေါင်းဆောင်တွေက တနိုင်ငံလုံးက PAD ထောက်ခံသူတွေကို
ပြန်စုပြီး တနင်္ဂနွေနေ့မှာ လွှတ်တော်ရှိတဲ့ဘက်ကို အင်နဲ့အားနဲ့ ချီတက်သွားမယ်။ မနက်ဖြန်မှာ
လွှတ်တော်အစည်းအဝေးရှိတယ်။ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ အခြေခံ ဥပဒေကို ပြန်ပြင်မယ့်
အစီအစဉ်တွေ ပါတယ်လို့ ပြောတယ်။ ဒါကို မဆွေးနွေးဖြစ်အောင် လွှတ်တော်ကို သွားပြီး ပါလီမာန်ဘက်ကို
ချီတက်သွားပါတယ်။
လူအင်အားက ဘယ်လောက်ခန့်မှန်းပါသလဲ။
တောင်ပိုင်း ပြည်နယ်က လူအင်အား တသိန်းလောက် ဝင်လာတယ်လို့ ပြောတယ်။
တသိန်းကျော်လောက်တော့ အင်အား ရှိပါလိမ့်မယ်။
ပြီးခဲ့တဲ့ တခေါက် လွှတ်တော်မှာ ဆန္ဒပြတုန်းက ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တယ်။ အခုက လူအင်အားများတယ်ဆိုတော့ အဲလိုမျိုး ထပ်ပြီး ဖြစ်လာနိုင်စရာ ရှိသေးသလား။
ရဲချုပ်က သောကြာကရော စနေကရော သတိပေးချက် ထုတ်ထားပါတယ်။ လွှတ်တော် အမတ်တွေကို လွှတ်တော်ထဲကို ဝင်ခွင့်မရဘူးဆိုရင်တော့ သူတို့ဘက်က ဖြေရှင်းရလိမ့်မယ်ပေါ့။ တဘက်ကလည်း စစ် ကြေးတပ် ဦးစီးချုပ် အနုပုံ ကို ဝန်ကြီးချုပ်က လုံခြုံရေး ကိစ္စတွေစောင့်ကြည့်ဖို့ ဒီနေ့မနက်မှာပဲ ခန့်လိုက်တယ်။ ပြီးခဲ့တုန်းကလို ရဲတပ်ဖွဲ့ တခုတည်းနဲ့ ကိုင်တွယ်မှာ မဟုတ်ဘဲ စစ်တပ်ပါ ဝင်လာမယ့် သဘော ရှိတယ်။ စစ်တပ်က သွေးထွက် သံယို မဖြစ်အောင် လုပ်မယ်။ သူတို့ကို အတန်တန် သတိပေးထားတယ်။
တခြားတဘက်မှာလည်း သူတို့ ဆန့်ကျင်နေတဲ့ မစ္စတာ တက်ဆင် က ထိုင်းနိုင်ငံကို ပြန်လာမလိုလို သတင်းတွေ ကြားနေရပါတယ်။ သူ့ကို ထောက်ခံတဲ့ သူတွေလည်း ဆန္ဒပြတယ်ကြားတယ်။ အခြေအနေဘယ်လို ရှိပါသလဲ။
ဘန်ကောက်မြို့ မြောက်ပိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ သူတို့ စုကြတယ်။ နိုဝင်ဘာ ၁ရက်နေ့က တက်ဆင် က တယ်လီဖုန်းနဲ့ စကားပြောတဲ့ လူထု အစည်းအဝေးပွဲကြီး တခု လုပ်ပါတယ်။ လူ ၈၀၀၀၀ တက်ရောက်တယ်။ အဲဒီမှာ ပြောတဲ့ တက်ဆင်ရဲ့ မိန့်ခွန်းတွေကို ဒီ ဘုန်းကြီးကျောင်းမှာ ပြန်ဖွင့်ပြတယ်။ လာမယ့် ဒီဇင်ဘာ ၁၃ရက်နေ့မှာ တယ်လီဖုန်း နဲ့ မိန့်ခွန်း ထပ်လုပ်ပါဦးမယ်။ အဲဒါပြီးရင် သူပြန်လာမယ် ဒါမှမဟုတ် သူ့ရဲ့ အမျိုးသမီး ပြန်လာ ကောင်း ပြန်လာ လိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။
အခု လက်ရှိ ဘန်ကောက်မြို့ရဲ့ အခြေအနေ ဘယ်လို ရှိသလဲခင်ဗျ။
အားလုံး စိတ်ဝင်စားနေတာကတော့ သွေးထွက်သံယိုမှုတွေ ဖြစ်လာနိုင်တယ်ပေါ့။
ဆန္ဒပြတဲ့ သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ ကြားထဲကမဟုတ်ဘဲနဲ့ တက်ဆင်ကို ထောက်ခံတဲ့
အုပ်စုတွေက သေနတ်နဲ့ ချောင်းပစ်တာတို့ ဗုံးနဲ့ တိုက်ခိုက်တာတို့ ဒါတွေက PADပေါ်မှာ နေ့စဉ်
ရက်ဆက်လောက်ကို ဖြစ်နေတဲ့ အခြေအနေရှိတယ်။ ဒီထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်းများ ဖြစ်လာမလား။
ရဲတွေကရော၊ စစ်တပ်ကရော ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်မလား ဆိုတာက
မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါတယ်။