သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ


မြန်မာနိုင်ငံမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေဟာ တရားလက်လွတ် ဖြစ်လွန်း
လှတဲ့အတွက် နိုင်ငံရဲ့အနာဂတ် သိပ်ပြီး ဝမ်းနည်းစရာကောင်းလွန်းနေပြီလို့ ပီနန်း
ဆရာတော်ဘုရားကြီးက မိန့်ကြားလိုက်ပါတယ်။ ပီနန်းဆရာတော်ဟာ အမေရိကန်
ပြည်ထောင်စုအခြေစိုက် သာသနာ့မောလိခေါ် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ
မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ သာသနာ့
မောလိအဖွဲ့က နှစ်ပတ်လည်ညီလာခံတခုကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လုပ်ခဲ့ပါသေး
တယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

သာသနာ့မောလိအဖွဲ့ရဲ့ ပထမဆုံး နှစ်ပတ်လည်ညီလာခံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁
ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့တော်မှာ
ကျင်းပပြုလုပ်ခဲ့တာပါ။ အဲဒီညီလာခံကို ဥက္ကဋ္ဌ ပီနန်းဆရာတော်ကြီး အမှူးပြုတဲ့ သံဃာ
တော် ၂၅ ပါး တက်ရောက်ပြီး အောင်အောင်မြင်မြင် ကျင်းပခဲ့တယ်လို့ သာသနာ့
မောလိအဖွဲ့ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာ့မောလိအဖွဲ့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖွဲ့စည်း
ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အဲဒီ ရွှေဝါရောင်လှုပ်ရှားမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီး
ထားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာမို့ ဒီအပေါ်မှာ ပီနန်းဆရာတော်
ကြီးရဲ့အမြင်ကို ဗွီအိုအေက လျှောက်ထားမေးမြန်းခဲ့ပါတယ်။

"ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်လာတဲ့ ဆရာတော်တွေက အစိုးရကိုလည်း ဘာမှ
ပြောတာမဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို တင်ပြတာ၊ မေတ္တာရပ်ခံပြီး
တော့ ဖြေရှင်းပေးဖို့ပြောတာကို အခုလို ထောင်ချတာ၊ ထောင်ကလည်း အပြစ်မရှိဘဲနဲ့
တရားဥပဒေနဲ့ပြောမယ်ဆိုရင် ပြည်တွင်းဥပဒေနဲ့ပဲပြောပြော၊ အပြည်ပြည်ဆိုင်ရာ
ဥပဒေနဲ့ပဲပြောပြော၊ တရားတော်နဲ့လည်း မညီတဲ့အတွက် ဗမာပြည်မှာ အားလုံး
အတွက် ဝမ်းနည်းစရာကောင်းတယ်လို့ ပြောရမှာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေသည် ဗမာပြည်မှာ လုံး၀ ချုပ်ငြိမ်းသလောက်
ဖြစ်နေပြီဆိုတော့၊ ကိုယ်နဲ့မနှစ်သက်တဲ့လူကို တရားမျှတသလား၊ မမျှတသလား၊
တရားတော်နဲ့ ညီသလား၊ မညီသလားဆိုတဲ့ဟာတွေကို စဉ်းစားဆင်ခြင်မှုနည်းပြီးတော့
အဲဒီလိုလုပ်တဲ့အတွက် ဗမာပြည်ရဲ့အနာဂတ်က သိပ်ဝမ်းနည်းစရာကောင်းတယ်လို့
ဘုန်းကြီးတို့ ပြောရမှာပါ။"

သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းထူထောင်ပြီး တနှစ်အတွင်း သာသနာတော်အကျိုး၊ ဒုက္ခ
ရောက်နေသူတွေအကျိုးကို ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာတဝန်း အဖွဲ့ခွဲပေါင်း နိုင်ငံ ၂၀ မှာ
ဖွဲ့စည်းနိုင်ခဲ့တာ၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သူတွေကို ကူညီထောက်ပံ့
ဖို့ လုပ်ဆောင်နိုင်ခဲ့တာတွေဟာ အောင်မြင်မှုမှတ်တိုင်တွေဖြစ်တယ်လို့လည်း ပီနန်း
ဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်။

ရှေ့ဆက်ပြီး လုပ်ဆောင်သွားဖို့ လျာထားတာတွေထဲမှာ အဓိကအကျဆုံးလုပ်ငန်းအဖြစ်
သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာတော်ကြီးက အခုလို ဆက်လက်
မိန့်ကြားခဲ့ပါတယ်။

"အထူးသဖြင့် ဘုန်းကြီးတို့ သာသနာ့ဥသျှောင်အဖွဲ့အနေနဲ့ သာသနာတော်ကြီး စည်ပင်
ပြန့်ပွားဖို့၊ သာသနာတော်ကြီး ကြီးပွားဖို့ လုပ်ကြတာပါ။ အဲလိုကြီးပွားအောင် လုပ်တဲ့
နေရာမှာ သာသနာပြုလုပ်ငန်း၊ သာသနာကို ကြီးပွားအောင်လုပ်တယ်ဆိုတာ အဲဒီ
အထဲမှာ ကြီးပွားအောင် မလုပ်ခင်စပ်ကြား သာသနာ့အန္တရာယ်တွေက ရှိတော့
ဒီသာသနာ့အန္တရာယ်တွေကို ကာကွယ်သွားဖို့က အထူးလိုအပ်တယ်လို့ ဘုန်းကြီးတို့
ယူဆတယ်။

"ဘာဖြစ်လို့လဲဆိုရင် အလုပ်တခုလုပ်တဲ့အခါမှာ အနှောင့်အယှက်တွေ ရှိသလိုပေါ့။
အလုပ်တခု လုပ်တယ်ဆိုတာ တန်းလုပ်လို့ရတာမဟုတ်ဘူး။ အဖျက်အဆီးတွေ၊
အနှောင့်အယှက်တွေ ဖြစ်လာတဲ့အတွက် အဲဒီအနှောင့်အယှက်တွေကို ဘုန်းကြီးတို့
အထူးသဖြင့် ကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့က အဲဒါကို ဦးထိပ်ထားလုပ်ဆောင်ဖို့
အားလုံးကို ညွှန်ကြား တိုက်တွန်းထားပါတယ်။"

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ပီနန်း
ဆရာတော်ကြီး မိန့်ကြားသွားတာ ဖြစ်ပါတယ်။

သာသနာ့ဥသျှောင်အဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကနေ ပြည်တွင်းမှာ မတရားဖမ်းဆီး
နှိပ်စက်ခံနေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊
မတရားပြုမူတာတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ လေးလေးနက်နက်
မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတယ်လို့လည်း ညီလာခံအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြ
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG