သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန်


မကြာသေးခင် ရက်တွေအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေထဲမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တယောက်လည်း ပါဝင်နေတာမို့ ဒါဟာ မြန်မာနိုင်ငံမှာ အလုပ်သမား အရေး လှုပ်ရှားနေသူတွေ၊ အလုပ်သမား အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေဆဲဆိုတာကို ပြသလိုက်တာ ပဲလို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆွေးနွေးမှုတွေမှာ ဒီအကြောင်းတွေကိုလည်း အလေးထားပြောခဲ့ကြတယ်ဆို။ အကြောင်းစုံကို ကိုအောင်လွင်ဦး က ပြောပြပေးပါဦးရှင်။

ILO အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ နေရာမှာ အဓမ္မလုပ်အားပေး စေခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူ တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြောကြဆိုကြသလို အလုပ်သမား အရေး ဆောင်ရွက်ကြသူတွေကို အရေးယူ အပြစ်ပေးနေတဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြတာပါ။ မကြာသေး ခင်ကပဲ နှစ်ရှည်ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ချမှတ်ပြီး နယ်ထောင်ကို ပို့ခံလိုက်ရတဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နောက် ဦးသက်ေ၀ စတဲ့ သူတွေ အပြစ်ပေးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ဒီလူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့တယ်လို့ ILO အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ (Kari Tapiola) က ပြောပါတယ်။

“ဒီနေရာမှာ နာမည်တပ် ထည့်သွင်းပြောခဲ့ကြသူ ၂ ယောက်ကတော့ အစောပိုင်းမှာ ILO နဲ့ ဆက်နွယ်ပတ်သက် ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး မကြာသေးခင်ကပဲ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရတဲ့ မစုစုနွေးနဲ့ နောက်တယောက် ကတော့ ဦးသက်ေ၀ တို့ ပါ။ သူဟာ ဆိုရင်လည်း အစောပိုင်းမှာ ILO ကို လုပ်အားပေး စေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေမှာ အထောက်အကူပေးခဲ့သူ တဦးဖြစ်သလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံထားရတဲ့ သူလည်း ဖြစ်ပါတယ်။ ဒီလို ILO ရဲ့ လုပ်ငန်းစဉ်မှာ ပတ်သက်ကြသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးနေတဲ့အပေါ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စိုးရိမ်ပူပမ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ လုပ်အားပေး စေခိုင်းမှု တိုင်ကြားတဲ့ လုပ်ငန်းစဉ်မှာ တခြား တိုင်တန်းလိုသူတွေ အနေနဲ့ မတိုင်ရဲအောင် လုပ်သလို ဖြစ်လာနိုင်လို့ပါ။ ဒါကြောင့်လည်း အလုပ်သမားရေးရာ အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်ကြလို့ ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာပါ။”

မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ ထပ်ဆင့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားတယ် ဆိုပေမယ့် လက်ရှိ အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး အခြေအနေတွေ၊ အဓမ္မ လုပ်အားပေး စေခိုင်းမှု အခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲလို့လည်း သူက ဆိုပါတယ်။

“အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေဆဲပါ။ ကျနော်တို့ အနေနဲ့ စံထားရမယ့် လုပ်ငန်းစဉ်တရပ်ကို ဖန်တီးနေတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဒါတွေက သိပ်ခရီးမပေါက်သေးပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုနေပါသေးတယ်။ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ မလုပ်ရဘူးဆိုတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဖြူးပေးဘို့၊ နိုင်ငံတဝန်းမှာ ဒါတွေကို ရှောင်ရှားနိုင်ဖို့စတာတွေ အပါအဝင် ဆောင်ရွက်စရာတွေ ရှိနေပါတယ်။”

ILO အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးတဲ့ နေရာမှာ တိုင်ကြားတဲ့ ကိစ္စတွေထဲက အများအပြားကို ဖြေရှင်းပေးနိုင်ခဲ့တာတွေရှိတယ်၊ ဒီအထဲက အသက်အရွယ် ငယ်ရွယ်သူတွေ ကို စစ်တပ်ထဲသွင်းနေတဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ဒီလို အရွယ်မရောက်သေးသူတွေကို စစ်ထဲထည့်နေတဲ့ ကိစ္စကို အများပြည်သူအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် အစိုးရက အချက်အလက်တွေ ဖြန့်ဖြူး ပေးတာ၊ လူတွေအနေန့ ကိုယ့်မှာ ငြင်းပယ်ပိုင်ခွင့် ရှိတယ်ဆိုတာ သိအောင် အသိပေးတာမျိုး မရှိတာကိုလည်း အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ တွေ့ခဲ့ရတယ်လို့လည်း မစ္စတာ တာပီအိုလာ က ပြောပါတယ်။ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေကို တိုင်ကြားတဲ့ လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ ကိစ္စကို မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား သဘောတူထားတာ လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး အခြေအနေတွေရှိနေသေးတာမို့ ဒီလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က မြန်မာ စစ်အစိုးရဖက် ကို ပြောဆိုထားတယ်လို့လည်း ILO အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ က ပြောပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG