သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေ လေဆိပ်ထဲက ထွက်ဖို့ ထိုင်း တရားရုံး အမိန့်ထုတ်


ထိုင်းနိုင်ငံက အဓိကကျတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီးနင်းထားတဲ့ ထောင်နဲ့ချီတဲ့ အစိုးရ အတိုက်အခံ ဆန္ဒပြသူတွေကို အမြန်ဆုံး စီးနင်းထားတဲ့နေရာကနေ ထွက်ခွာပေးဖို့ ထိုင်းနိုင်ငံ တရားရုံးတခုက ပြောဆိုလိုက်ပါတယ်။ အခုလို တရားရုံးရဲ့ ပြောဆိုမှုဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အစိုးရနဲ့ အစိုးရ ဆန့်ကျင်သူ PAD အကြား ကြားဝင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက ပြောဆိုမှုအပေါ် PADအဖွဲ့ဝင်တွေ အနေနဲ့ လိုက်နာမှု ရှိမရှိ ဆိုတာတော့ လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လက်ရှိ ထိုင်း ဝန်ကြီးချုပ် ဆွန်ချိုင်း ဝန်ဆဝတ် ရာထူးက မဆင်းပေးမချင်း သူတို့အနေနဲ့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကနေ ထွက်ခွာမပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံမှာ ဖြစ်ပေါ်နေတဲံ နိုင်ငံရေး ပြဿာနာတွေကို အဖြေရှာနိုင်ဖို့အတွက် ရွေးကောက်ပွဲ ချက်ချင်း ပြန်လုပ်ပေးဖို့ ထိုင်း စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ ဗိုလ်ချုပ်ကြီး အနုဖောင် ပေါင်ချင်တာ က ပြောဆိုခဲ့မှုအပေါ်လဲ မစ္စတာ ဆွန်ချိုင်းက ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ဟာ တရားဝင် ရွေးကောက်ပြီး ဖြစ်လာတာမို့ ဆင်းပေးစရာမလိုဘူးလို့ မစ္စတာ ဆွန်ချိုင်းက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ တရား ဥပဒေကို လိုက်နာမှု မရှိဘဲ ချိုးဖောက်တယ်ဆိုပြီး စွတ်စွဲခဲ့ပါတယ်။

ဒါ့အပြင် သူ့အစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို ထိန်းသိမ်းထားနိုင်အောင် ဆက်လက် ရင်ဆိုင် တိုက်ပွဲဝင်သွား မယ်လို့လည်း ဆိုပါတယ်။ အခြေအနေတွေကတော့ ဗုဒ္ဓဟူး နေ့မှာ ပိုမိုပြင်းထန်လာပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှာ အစိုးရ ထောက်ခံသူတွေရဲ့ ပစ်ခတ်မှုကြောင့် အစိုးရဆန့်ကျင် လှုပ်ရှားသူတဦး သေဆုံး ခဲ့ရတယ်လို့ ရဲတွေက ပြောဆိုခဲ့ ပါတယ်။ ထိုင်းနိုင်ငံအခြေအနေ နောက်ဆက်တွဲသတင်းတပုဒ်မှာတော့ ဘန်ကောက်မြို့က အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆန္ဒပြသူတွေ က သိမ်းပိုက်ထားတဲ့အတွက် ထောင်သောင်းချီတဲ့ ခရီးသွားတွေ လေဆိပ်ထဲမှာ ပိတ်မိနေပါတယ်။ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက သုဝဏ္ဏဘူမိလေဆိပ်အပြင်ဘက်မှာ ဗုံးပေါက်ကွဲမှု ကြောင့် လူလေးယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီးတဲ့ နောက် လေဆိပ်ထဲပိတ်မိနေသူတွေ သတိကြီးစွာထားကြဖို့ ကမ္ဘာတဝှမ်း သက်ဆိုင်ရာအစိုးရတွေက တိုက်တွန်း သတိပေး နေပါတယ်။ လေဆိပ်ထဲကနေ ခရီးသည်သုံးထောင်ကျော်ကို ထိုင်း အာဏာပိုင် တွေက ပြောင်းရွှေ့ခေါ်ထုတ်ပြီးဖြစ်ပါတယ်။ အဲဒီထဲကအများစု ဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေပါ။ လေဆိပ် ပိတ်ထားတဲ့အတွက် တရက်ကို အမေရိကန် ဒေါ်လာ ၁၄ သန်း ဆုံးရှုံးမယ်လို့ ထိုင်းလေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်ပျံသန်းမှုတွေ ဘယ်တော့ ပြန်စနိုင်မယ် ဆိုတာ ဘာမှ မသိရသေးပါဘူး။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG