သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းညွှန်အစီအစဉ်သာ စစ်အစိုးရ၏ တခုတည်း သော နည်းလမ်း


မြန်မာစစ်အစိုးရက သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းညွှန်အစီအစဉ်တွေကသာ ဒီမိုကရေစီ နိုင်ငံသစ်အဖြစ် ညင်သာစွာ အသွင်ကူးပြောင်းဘို့ တခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတော့ စစ်အစိုးရဘက် ဒီမိုကရေစီ ကျင့်စဉ်တွေကို လေးစားလိုက်နာပြီး အပြောနဲ့ အလုပ်နဲ့ညီအောင် ကြိုးစားသင့်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အချိန်၊ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့နေတဲ့အချိန် စစ်အစိုးရဘက်က သူတို့ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းညွှန် အစီအစဉ်တွကသာ ဒီမိုကရေစီနိုင်ငံသစ်ကို ပြောင်းလဲဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ် ဆိုပြီး ကြေညာလိုက်တာပါ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေး တခုမှာ အခုလို ပြောဆိုလိုက်တာပါ။ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို အမှန်တကယ် လေးစားလိုက်နာဖို့ လိုတယ်ဆိုပြီး တုန့်ပြန်ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အခုလို ပြောပါတယ်။

“ဒီမိုကရေစီအတွက် ဒီနည်းလမ်းတခုတည်း ရှိတယ်လို့ ပြောနေပေမယ့် ကျနော်တို့က ကြည့်ဖို့က ဒီမိုကရေစီကို သွားနေသလား။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီသဘောတရားကို ကျင့်သုံးတဲ့ အပြုအမှုလက္ခဏာ ကျနော်တို့ တခုမှ မတွေ့ဘူး၊ ဒီမိုကရေစီလှုပ်ရှားသူတွေကို ကြီးမားပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးတာတွေပဲတွေ့တယ်။ ဒီမိုကရေစီကို အပြောနဲ့ မရဘူး။ အလုပ်နဲ့ သက်သေပြရမယ်။ ဘယ်မှာဖြစ်ဖြစ် ပြောနေလို့ မပြီးဘူး။ ပြောတဲ့အတိုင်း တကယ်လုပ်တယ် ဆိုတာကသာ အဓိက ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရ ဟာ သူတို့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီတခု သဘောမျိုး အသွင်ပြောင်းဖို့ ခြေလှမ်းတွေ ပြင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ကြံ့ခိုင်ဖွံဖြိုးရေး အသင်းဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုကြီး အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်တယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းရဲ့ နာယက ဖြစ်ပါတယ်။ စစ်အစိုးရက ဒီအသင်းကြီးကို အသွင်ပြောင်းလဲဖို့ ပြင်ဆင်နေပေမယ့် တခြား နိုင်ငံရေး အင်အားစု တွေရဲ့ လှုပ်ရှားခွင့်တွေ ကိုတော့ ပိတ်ပင်ထားပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က အခုလို ပြောဆိုပါတယ်။

“နိုင်ငံရေးလွတ်လပ်ခွင့်က ဘာမှကို မရှိတာ။ ရှိသင့်ရှိထိုက်တဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီလည်း ဘာမှကို လှုပ်ရှားလို့ မရအောင် လုပ်ထားတယ်။ ဘာအကြောင်းပြချက်မှ ခိုင်လုံတဲ့ အကြောင်းပြချက် တခုမှမရှိဘူး။ ကျနော်တို့ အဖွဲ့ချုပ်ရုံးတွေ အားလုံးကို ပိတ်ထားတယ်။ ရန်ကုန်ကလွဲလို့ ကျန်တဲ့ ရုံးတွေကို ပိတ်ထားတယ်။ အဲဒီလို အခြေအနေမှာ ပြောနေရုံနဲ့ မပြီးဘူး။ အလုပ်လုပ်ကြပါ၊ ကျနော်တို့ ဒီလောက်ပဲ ပြောချင်ပါတယ်။”

မြန်မာစစ်အစိုးရက လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး ကြေညာတဲ့အတိုင်း ဆက်လုပ်သွားမယ် ဆိုတာကို စစ်အစိုးရက ထပ်မံ အတည်ပြု ပြောဆိုသွားပါတယ်။ ဒီရွေးကောက်ပွဲ ဟာ စစ်အုပ်ချုပ်ရေး ကနေ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေမယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်က နိုင်ငံရေးဦးဆောင်မှုကို အခိုင်အမာ ရယူပြီး စစ်အုပ်ချုပ်ရေးလိုလားတဲ့ အရပ်သားတွေကို အာဏာတချို့ လွှဲပေးတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက် အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် အခြေအနေ တိုးတက်လာဖို့ ဆိုတာကို နိုင်ငံရေးလေ့လာသူတွေ သံသယ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG