သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားအစိုးရသစ် နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာဝန်ကြီးတွေ ရွေးချယ်


အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ
ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့
အစိုးရအဖွဲ့သစ်ထဲမှာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာနဲ့
အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ပေး ခန့်ထား
မယ့်သူတွေကို တနင်္လာနေ့က ကြေညာလိုက်ပါ
တယ်။ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ဟောင်းဖြစ်သူ
ဟီလာရီ ကလင်တန် (Hillary Clinton) ကိုတော့
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။
ဒါ့အပြင် လက်ရှိကာကွယ်ရေးဝန်ကြီး ရောဘတ်
ဂိတ်စ် (Robert Gates) ကို သူ့ရာထူးမှာ ဆက်ပြီး
ခန့်ထားဖို့လည်း မစ္စတာအိုဘားမားက ဆုံးဖြတ်ခဲ့
ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။

ရှီကာဂိုမြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ သတင်း
စာရှင်းလင်းပွဲအတွင်း သူရွေးချယ်ခန့်ထားမယ့်သူတွေကို မစ္စတာအိုဘားမားက
ကြေညာခဲ့တယ်လို့ ဗွီအိုအေသတင်းထောက် ဂျင်မ် မလုန်း (Jim Malone) က သတင်း
ပေးပို့ထားပါတယ်။

ရွေးကောက်ခံသမ္မတက သူ့ရဲ့အဆို၊ မသေချာ မရေရာတဲ့ ကမ္ဘာကြီးမှာ အသစ်စတင်ဖို့
အချိန်ကျရောက်ခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။ သူရွေးချယ်လိုက်တဲ့လူတွေဟာ ကမ္ဘာတဝန်း
အမေရိကန်ခေါင်းဆောင်မှု အရုဏ်ဦးအသစ်ကို ဦးဆောင်ဖို့ အဆင်သင့်ပါပဲလို့လည်း
သူက ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ ရန်သူတွေကို အနိုင်ယူပြီး မိတ်ဆွေတွေကို အထောက်အပံ့ပြုဖို့ ကျနော်တို့
ရဲ့ အစွမ်းအစ အားကောင်းအောင်လုပ်ပါမယ်။ ကျနော်တို့ရဲ့ မဟာမိတ်ဟောင်းတွေနဲ့
ဆက်ဆံရေးကို ပြန်လည်ဆန်းသစ်စေပြီး ခိုင်မြဲတဲ့ မဟာမိတ်အသစ်တွေကိုလည်း
တည်ဆောက်သွားပါမယ်။ ကျနော်တို့လူထုကို အကာအကွယ်ပေးတဲ့နေရာမှာ မဆုတ်
မနစ်ရှိတယ်၊ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေ တိုးတက်အောင်လုပ်တဲ့နေရာမှာ အခိုင်
အမာရှိတယ်၊ ကမ္ဘာကြီးရဲ့ မီးပြတိုက်တခုသဖွယ် ထွန်းလင်းတောက်ပစေတဲ့ စံနှုန်းတွေ
အပေါ်မှာ မယိမ်းမယိုင် ရပ်တည်တယ်ဆိုတာ ကမ္ဘာကြီးကို ကျနော်တို့ တကြိမ်ထပ်ပြီး
သက်သေပြပါမယ်။ ဒီစံနှုန်းတွေကတော့ ဒီမိုကရေစီနဲ့ တရားမျှတမှု၊ အခွင့်အလမ်းနဲ့
မယိမ်းယိုင်တဲ့ မျှော်လင့်ချက်တို့ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်ရဲ့
စံတန်ဖိုးတွေဟာ ကမ္ဘာကြီးကိုတင်ပို့တဲ့ အမေရိကန်ရဲ့ ကြီးမားတဲ့ထုတ်ကုန် ဖြစ်လို့ပါပဲ။"
လို့ မစ္စတာ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

မစ္စတာအိုဘားမားက ဟီလာရီ ကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့
တာဟာ သမ္မတအကူးအပြောင်းကာလမှာ ခုချိန်ထိ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်
တခုအဖြစ် အလွယ်တကူပဲ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဟီလာရီ ကလင်တန်ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေးစားမှုကိုရရှိသူ၊ အမေရိကန် သံခင်း
တမန်ခင်းကို ပြန်လည်ဆန်းသစ်စေပြီး မဟာမိတ်ဆက်ဆံရေးတွေကို ပြန်ထူထောင်
နိုင်သူတဦးဖြစ်တယ်လို့ မစ္စတာအိုဘားမားက သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ဟောင်းကို
ပုံဖော်ပြောဆိုခဲ့ပါတယ်။

အထက်လွှတ်တော်ကို စွန့်ခွာရတာ ခက်ခဲပါတယ်လို့ မစ္စစ်ကလင်တန်က ဆိုပေမယ့်
အမေရိကန်ပြည်ထောင်စုကို နိုင်ငံရပ်ခြားမှာ ကိုယ်စားပြုလုပ်ဆောင်ရမယ့်အတွက်
တော့ စိတ်လှုပ်ရှားမိပါတယ်လို့ ပြောပါတယ်။

"ကျမတို့ရဲ့လုံခြုံရေး၊ စံတန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကို အင်အားနဲ့ချည်းပဲဖြစ်ဖြစ်၊
အမေရိကန်တွေနဲ့ချည်းပဲဖြစ်ဖြစ် အကာအကွယ် မပေးနိုင်ဘူးဆိုတာ ကျမတို့သိပါ
တယ်။ မဟာမိတ်ပိုများပြီး ရန်သူပိုနည်းတဲ့၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြော
မှုတို့ကို ဖွေရှာကြသူအားလုံးအတွက် အခွင့်အလမ်းပိုများပြီး အန္တရာယ်ပိုနည်းတဲ့ အနာ
ဂတ်တခု တည်ဆောက်ဖို့ ကျမတို့ ရနိုင်သမျှ ကိရိယာ တန်ဆာပလာအားလုံးကို အသုံး
ပြုပြီး တက်ကြွထက်မြက်အားကောင်းတဲ့ သံခင်းတမန်ခင်းကို ကျမတို့ အကောင်
အထည် ဖော်ရပါလိမ့်မယ်။"

ကာကွယ်ရေးဝန်ကြီးအဖြစ် မစ္စတာအိုဘားမား ရွေးချယ်ခဲ့သူကတော့ သမ္မတဘုရှ်ရဲ့
လက်ရှိကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်ပါ။ သူ့ရဲ့ လက်တွေ့ကျမှုနဲ့ အရည်အချင်း
ပြည့်ဝမှုတို့ကြောင့် ကွန်ဂရက်လွှတ်တော်တွင်းမှာရှိတဲ့ ပါတီနှစ်ရပ်စလုံးက ကိုယ်စား
လှယ်တွေရဲ့ လေးစားမှုကို ဂိတ်စ် ရရှိထားပါတယ်လို့ ရွေးကောက်ခံသမ္မတက ပြောပါ
တယ်။

"ရွေးကောက်ခံသမ္မတက ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ပြီးထမ်းဆောင်ဖို့
ကမ်းလှမ်းခဲ့တဲ့အတွက် ကျနော် အထူးပဲ ဂုဏ်ယူမိပါတယ်။ ကျနော်တို့ဟာ စစ်ပွဲနှစ်ပွဲကို
တိုက်ခိုက်နေရပြီး ပြည်တွင်းနဲ့ ကမ္ဘာတဝှမ်း ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ
တယ်ဆိုတာကို သတိမပြတ်ထားရင်း ကျနော်တို့ရဲ့ ယူနီဖောင်းဝတ် အမျိုးသား အမျိုး
သမီးတွေနဲ့ သူတို့ရဲ့မိသားစုတွေအပေါ်မှာ ပုဂ္ဂိုလ်ရေးအရကို တာဝန်ရှိပါလားဆိုတာ
အလေးအနက် သတိပြုရင်း သူတို့တာဝန်တွေကို သူတို့ထမ်းဆောင်ကြတာနဲ့အမျှ
ကျနော့်တာဝန်ကို ကျနော် ထမ်းဆောင်ရပါမယ်။ ဒါကလွဲလို့ တခြား ဘာများ ကျနော်
လုပ်နိုင်မှာလဲဗျာ။"

အဲရစ် ဟိုလ်ဒါ (Eric Holder) ကို ရှေ့နေချုပ်အဖြစ်၊ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး
ဂျဲနက် နာပိုလီတာနို (Janet Napolitano) ကို ပြည်တွင်းလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်
ဖို့ လျာထားတာတွေကိုလည်း မစ္စတာအိုဘားမားက တချိန်ထဲ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အငြိမ်းစား မရိမ်းတပ်ဖွဲ့ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ဂျုန်းစ် (James Jones) ကို သူ့ရဲ့
အမျိုးသားလုံခြုံရေး အကြံပေးအဖြစ်နဲ့ ဆူဆန် ရိုက်စ် (Susan Rice) ကို ကုလသမဂ္ဂ
ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထားတဲ့အကြောင်းတွေကိုလည်း
မစ္စတာအိုဘားမားက ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့
ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးကြတဲ့အခါ မစ္စတာအိုဘားမားက အမေရိ
ကန် ပြည်ထောင်စုဟာ တချိန်မှာ သမ္မတ တယောက်ပဲရှိတယ်ဆိုတာကို ထပ်ပြီး ပြောခဲ့
ပါတယ်။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အပြင်းအထန် ရှုတ်ချပြောဆိုခဲ့ပြီး
တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့လူတွေကို ဖမ်းမိဖို့ အိန္ဒိယရဲ့ ကြိုးပမ်းမှုတွေကို သူ့အစိုး
ရက အထောက်အပံ့ပြုသွားမယ်လို့ ပြောပါတယ်။

"အကြမ်းဖက်မှုကို ဘယ်နေရာမှာပဲတွေ့တွေ့ အပြုတ်တိုက်ပစ်ဖို့ ကျနော်ကိုယ်တိုင်ရော
အခု ကျနော့်ဘေးနားမှာ ရပ်နေကြတဲ့ ကျနော့်လူတွေရော အခိုင်အမာ သန္နိဋ္ဌာန်ချထား
ပါတယ်။ လိမ်ကောက်လှည့်ဖျားတဲ့ အတွေးအခေါ်တွေပေါ် အခြေခံတဲ့ အစွန်းရောက်
ဝါဒီတွေက အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတဲ့ကမ္ဘာမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး။
အဲဒီခြိမ်းခြောက်မှုတွေကို ကျနော်တို့ရဲ့ အင်အားအပြည့်အ၀ စစ်ရေးသာမက သံတမန်
ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အားလုံးကိုသုံးပြီး ရင်ဆိုင်သွားမှာဖြစ်ပါတယ်။" လို့
ရွေးကောက်ခံသမ္မတ ဘရက်ခ် အိုဘားမားက ပြောသွားပါတယ်။

မစ္စတာအိုဘားမားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက်သမ္မတအဖြစ်
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး စတင်ထမ်းဆောင်တော့မှာပါ။ သူ့ရဲ့
အစိုးရအဖွဲ့ဝင်တွေအနေနဲ့တော့ သူတို့တာဝန်တွေကို မထမ်းဆောင်ခင် အထက်
လွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG