သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရလဒ်ကောင်းမမြင်ရရင် ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့ မဖြစ်နိုင်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြည့်အ၀ ဆက်ပြီး
လုပ်ဆောင်သွားပါမယ်လို့ ထပ်ပြီး ကတိပြု ပြောကြားလိုက်ပါတယ်။ သူကိုယ်တိုင်အနေ
နဲ့ရော သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ (Mr. Gambari)
အနေနဲ့ရော လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်
ဟောင်း ၁၀၀ ကျော်တို့ရဲ့ တောင်းဆိုချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တုံ့ပြန်
ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၁၂ ယောက်က ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဆီ စာတစောင်ရေးသားပေးပို့ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း
သားတွေအားလုံး ဒီ ၂၀၀၈ ခုနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ပါလို့ တိုက်တွန်းခဲ့
တာနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ဘက်က တုံ့ပြန်ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကို
ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောရေးဆိုခွင့်
ရှိသူ မစ္စ ချွိုင် ဆောင်-အား (Choi Soung-ah) က …

"စာကို အတွင်းရေးမှူးချုပ် လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစာပေးပို့ရာမှာ အဓိက
ညှိနှိုင်းဆောင်ရွက်သူဖြစ်တဲ့ နော်ဝေး၀န်ကြီးချုပ်ဟောင်းကလည်း အတွင်းရေးမှူးချုပ်နဲ့
ဖုန်းဆက် ပြောဆိုခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံသွားဖို့၊ နိုင်ငံရေး
အကျဉ်းသားတွေ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ဖို့ တိုက်တွန်းထားတဲ့ စာပါ
အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးကြပါတယ်။"

မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ မြန်မာစစ်အစိုးရက ဖမ်းဆီးထားသူ
အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေချ၊ ဝေးလံတဲ့ထောင်တွေကိုပြောင်း စသည်ဖြင့်
လုပ်ဆောင်ခဲ့တာ ပူပူနွေးနွေး ရှိနေသေးတဲ့အချိန်မှာပဲ ခေါင်းဆောင်ဟောင်းတွေက
အတွင်းရေးမှူးချုပ်ကို တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်ကို
အတွင်းရေးမှူးချုပ်က ဘယ်လောက်အတိုင်းအတာထိ အောင်မြင်အောင်လုပ်ဆောင်နိုင်
ပါ့မလဲ။ ဒီမေးခွန်းအတွက် မစ္စ ချွိုင် ဆောင်-အားရဲ့ အဖြေကတော့ အတွင်းရေးမှူးချုပ်
ဟာ မြန်မာ့အရေးကို အပြည့်အ၀ လုပ်ဆောင်နေဆဲပါတဲ့။

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူကိုယ်တိုင်အနေနဲ့ရော၊ သူ့ရဲ့ အထူးအကြံပေး
ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကနေ တဆင့်ရော အပြည့်အ၀ ဆက်ပြီး
ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားတာကို ထပ်ပြီး အာမခံပြောကြားခဲ့ပါတယ်။
နောက်ပြီး ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ထပ်သွားချင်တဲ့အကြောင်း
လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကနေ
အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ မြင်ရစေမယ့် သင့်တင့်လျောက်ပတ်တဲ့ မျှော်လင့်ချက်မျိုး
မရဘူးဆိုရင်တော့ သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

ဒီလိုသွားဖို့မဖြစ်နိုင်ဘူးဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အတွက်တင်မဟုတ်ဘဲ
မစ္စတာဂမ်ဘာရီအတွက်လည်း အကျုံးဝင်တယ်လို့ မစ္စ ချွိုင် ဆောင်-အားက ဆိုပါ
တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ခေါင်းဆောင်ဟောင်းတွေရဲ့
တောင်းဆိုချက်ထဲမှာ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ပါလို့ အချိန်သတ်သတ်
မှတ်မှတ် ပါတာကလွဲလို့ ဒီလိုလွှတ်ပေးဖို့ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ကိုယ်တိုင်ကလည်း တိုက်တွန်းတောင်းဆိုခဲ့ဖူးပါတယ်။ ဒီလိုတောင်းဆိုသံတွေ ကြားထဲ
မှာပဲ မြန်မာစစ်အစိုးရက ဆက် အံတုပြီး ဖမ်းတာဆီးတာ၊ ထောင်ချတာ၊ ထောင်ပြောင်း
တာတွေကို လုပ်နေတာပါ။

ခေါင်းဆောင်ဟောင်းတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး
တောင်းဆိုချက်တွေ ဒီနှစ်ကုန်မှာမှ မအောင်မြင်ဘူးဆိုရင်တော့ ၂၀၀၇ ခုနှစ်၊
အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့
မြန်မာ့အရေး ကြေညာချက်ပါ အချက်တွေအတိုင်း အကောင်အထည်ဖော်နိုင်ရေး
ခိုင်မာတဲ့အရေးယူမှု လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီကို တွန်းအားပေးပါလို့ မစ္စတာ
ဘန်ကီမွန်းကို နောက်ထပ် တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီကနေ အရေးယူလုပ်ဆောင်ဖို့ရာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
က ဆောင်ရွက်လို့မရဘဲ လုံခြုံရေးကောင်စီကိုယ်တိုင်က ဆောင်ရွက်ရမှာဖြစ်တဲ့
အကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့လည်း သူတို့တာဝန်ရှိတာကို ချက်ချင်းလုပ်ဖို့ လိုပါ
တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကတော့ ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
ဆွေးနွေးရေးလို လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး ခိုင်မာတဲ့ရလဒ်တွေ ရရှိရေးအတွက်
အဓိကလုပ်ဆောင်ရမယ့်တာဝန်ဟာ မြန်မာအစိုးရဆီမှာပဲ ရှိတယ်ဆိုတာကို အတွင်း
ရေးမှူးချုပ်က တသမတ်ထဲ ပြောခဲ့ပါတယ်။ အခြေခံအားဖြင့်ဆိုရင် ဘောလုံးဟာ မြန်မာ
စစ်အစိုးရရဲ့ ကစားကွင်းထဲမှာ ရှိနေပါတယ်။ သူတို့တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ရမှာ
တွေကို မြန်မာအစိုးရက အခုချက်ချင်း လုပ်ဖို့လိုပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ မစ္စ ချွိုင်
ဆောင်-အား ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ နိုင်ငံရေးအကျဉ်း
သားတွေ လွတ်မြောက်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ အခုလို တောင်းဆို
ကြတဲ့အပေါ်မှာတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ကြိုဆိုကြပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်ခေါင်းဆောင်တွေအဖို့မှာက အမြဲတမ်းလို တောင်းဆိုသံတွေ
ကြားကြားနေရတတ်တာမို့ အခုတောင်းဆိုသံတွေကလည်း သူတို့အတွက် သင်္ကြန်
အမြောက်လို ဖြစ်နေမလားပါပဲ။

ခေါင်းဆောင်ဟောင်း ၁၁၂ ဦးတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်ရေး
အတွက်ရော၊ ရင်ဆိုင်နေရတဲ့ လူသားဘေးဒုက္ခဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွား
တဲ့အခြေအနေတွေကို ဖြေရှင်းဖို့အတွက်ရော သူတို့ အလွန်အမင်း လိုလားတောင့်တနေ
တဲ့ ဖြစ်ထွန်းတိုးတက်မှု အောင်မြင်ရရှိဖို့ရာ လိုအပ်တဲ့ အရေးယူလုပ်ဆောင်မှုတွေ
အတွက် မြန်မာလူထုဟာ ကုလသမဂ္ဂပေါ်မှာ မျှော်လင့်တကြီးနဲ့ မှီခိုအားထားနေပါတယ်
လို့ သူတို့ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG