အိန္ဒိယနိုင်ငံက နယူးဒေလီ၊ ဘန်းဂလိုး၊ ချီနိုင်း စတဲ့ မြို့ကြီးက လေဆိပ်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်ပြီး လေယာဉ်တွေပါ ပြန်ပေးဆွဲနိုင်တယ်လို့ အာဏာပိုင်တွေက သတင်းရတဲ့အတွက် အရေးပေါ် သတိပေးချက် ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး မကြာခင်နဲ့ အိန္ဒိယက ဗလီကျောင်းကို ဖြိုခွဲ ဖျက်ဆီးခဲ့တဲ့ နှစ်ပတ်လည်အချိန်မှာ အခုလို လုံခြုံရေး တိုးမြင့်ချဖို့ သတိပေးချက်တွေ ထွက်ပေါ်လာတဲ့ အကြောင်း နယူးဒေလီမြို့ကနေ ဗီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။
အခု အသစ်ထွက်လာတဲ့ အီးမေးလ်ကတဆင့် သတိပေးချက်ဟာ ဘယ်လောက် စိတ်ချ ယုံကြည်ရတယ်ဆိုတာ မသေချာပေမယ့် အာဏာပိုင်တွေဖက်ကတော့ ဒါကို အလေးထား တုန့်ပြန်နေကြပါတယ်။ အရပ်သုံး လေယာဉ်တွေ အားလုံးကို သတိပေးချက် ထုတ်ပြန်ထားပြီး ခရီးသည်တွေရဲ့ အိတ်တွေကိုလည်း အသေးစိတ် အကြိမ်ကြိမ် စစ်ဆေး နေပါတယ်။
ဗီအိုအေ သတင်းဌာနအပါအ၀င် သတင်းဌာန တော်တော်များများကို ပေးပို့ခဲ့တဲ့ အဲဒီ အီးမေးလ် သတိပေးချက်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံက လာတာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးရရှိတဲ့ သတိပေးချက်က မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ Deccan Mujahideen အဖွဲ့ရဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ရေးသားပုံ ရေးသားနည်း ကွာဟနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေဟာ ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ Laskhar-e-Taiba ဆိုတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိသူတွေဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ယူဆနေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး Mughal ဘုရင် တည်ခဲ့တဲ့ Babri Masjid ဗလီကျောင်းကို ၁၉၉၂ ခုနှစ်တုန်းက ဟိန္ဒိုဘာသာဝင်တွေ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဖျက်ဆီးခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတာကလည်း ဒီကိစ္စကို မီးလောင်ရာ လေပင့် ဖြစ်စေပြန်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် မူဆလင်ဘာသာဝင်တွေရဲ့ မကြေနပ်မှုတွေ ပိုဆိုးခဲ့ပါတယ်။
အခု နောက်ဆုံးထွက်လာတဲ့ အီးမေးလ် သတိပေးချက်ကတော့ ဘန်းဂလိုး၊ ချီနိုင်းနဲ့ နယူးဒေလီ နိုင်ငံတကာ လေဆိပ်တွေ အတိအကျ ဖော်ပြထားတာပါ။
အကြမ်းဖက်သမားတွေက လေယာဉ်တွေပျံပေးဆွဲ၊ လေဆိပ်တွေကို တိုက်ခိုက် စတာတွေ လုပ်ဆောင်မယ် ဆိုတဲ့ အကြောင်း အီးမေးလ် သတိပေးချက်အပြင် တခြား တိကျတဲ့ ထောက်လှမ်းရေးသတင်းတွေလည်း ရရှိထားတဲ့အကြောင်း အိန္ဒိယ သတင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံကို လေယာဉ် ပျံပေးဆွဲ တိုက်ခိုက်တဲ့ပုံစံမျိုး တိုက်ခိုက် နိုင်တယ် ဆိုတာ အိန္ဒိယ စစ်ဖက်အကြီးအကဲတွေကြား ဆွေးနွေး ပြောဆိုမှုတွေရှိတယ်ဆိုတာကို အိန္ဒိယ လေတပ်ဦးစီးချုပ် Fali Homi Major က ၀န်ခံ ပြောဆိုပါတယ်။
“ ဒါက သတိပေးချက်လေးတခု ရခဲ့တဲ့အပေါ် အခြေခံပြီး ပြောဆို ဆွေးနွေးကြတာပါ။ ကျနော် တို့ဘက်ကတော့ ခါတိုင်းလိုပဲ သတိအနေအထား အမြဲတမ်း ရှိပါတယ်။”
“ ဒါဆို လေကြောင်းလုံခြုံရေးကို ဘယ်လို တိုးချဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါသလဲ ခင်ဗျ။”
“ အဲဒါကိုတော့ ကျနော် ထုတ်မပြောနိုင်ပါဘူး။ “
အိန္ဒိယအာဏာပိုင်တွေကတော့ လေယာဉ်တွေပေါ်မှာ လုံခြုံရေး အရာရှိတွေ လိုက်ပါခိုင်းနေပြီး ဖောက်ခွဲရေးပစ္စည်းတွေကို အနံ့ခံနိုင်တဲ့ ခွေးတွေကိုလည်း လေဆိပ်တွေမှာ တာဝန်ချထားတယ်လို့ ဆိုပါတယ်။ နောက် ခရီးသည်တွေအနေနဲ့လည်း လေယာဉ်ပေါ် မတက်ခင် ခန္ဓာကိုယ်မှာ အသေးစိတ် ရှာဖွေစစ်ဆေးခံရကြရသလို အိတ်တွေကိုလည်း အရင်ကထက် အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
အခုလို သတိပေးချက်တွေ ထွက်ပေါ်လာတဲ့အတွက် ခရီးသည်တွေ လေဆိပ်ကို ကြိုတင်ရောက်ရမယ့်အချိန်ကိုလည်း အိန္ဒိယ လေကြောင်းအာဏာပိုင်တွေက တိုးမြင့်လိုက်ပါတယ်။
မွမ်ဘိုင်းတိုက်ခိုက်မှုမဖြစ်ခင်က မွမ်ဘိုင်းကိုတိုက်ခိုက်မယ်ဆိုတဲ့သတင်း အမေရိကန်အစိုးရက တဆင့် အိန္ဒိယ ထောက်လှမ်းရေးကို သတင်းပေးခဲ့တာကြောင့် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို တားဆီးဖို့ အခွင့်ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေထွက်လာတာကြောင့် အိန္ဒိယ စစ်ထောက်လှမ်းရေး အသိုင်းဝိုင်းကြားမှာ တအံ့တသြ ဖြစ်ခဲ့ရပါတယ်လို့ ဆိုပါတယ်ခင်ဗျား။