သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာနဲ့ ဇော်သက်ထွေးကို မြစ်ကြီးနားနဲ့ တောင်ကြီး ထောင်ပို့


မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးရာ ထောင်တွေကို ပြောင်းရွှေ့ နေရာမှာ အခုနောက်ဆုံး နိုင်ငံကျော် လူရွှင်တော်စွယ်စုံ အနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ကိုလည်း မြန်မာပြည် မြောက်ဖျားက ကချင်ပြည်နယ် မြစ်ကြီးနားထောင် ကို ပို့လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းမထားဖို့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုသံတွေကြားကပဲ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းတာတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ကြားရတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ မိသားစုတွေက ဘာတွေပြောကြသလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

မကြာသေးခင်ကပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချခံထားရတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး၊ သူတို့နဲ့အတူ ပြစ်ဒဏ်စီရင်ခံထားရတဲ့ ကိုတင်မောင်အေး၊ ကိုသန့်ဇင်အောင်တို့ အသီးသီးကို ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ၊ မေလထဲတုန်းက နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ် အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ မတရားသင်း ဥပဒေပုဒ်မ၊ စတာတွေ အပါအဝင် စွပ်စွဲချက်အများအပြားနဲ့ ထောင်ဒဏ် ၅၉ နှစ်အထိ ကျခံနေရတဲ့ ဇာဂနာ ကို ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ထောင်ဒဏ် ၁၉ နှစ် ချခံထားရတဲ့ ကိုဇော်သက်ထွေး ကို ရှမ်းပြည်နယ် တောင်ကြီးထောင်၊ ကိုသန့်ဇင်အောင်ကို ကရင်ပြည်နယ် ဖားအံထောင် နဲ့ ကိုတင်မောင်အေးကိုတော့ မန္တလေးတိုင်း မြင်းခြံထောင်တို့ကို ပို့ဆောင်လိုက်တာပါ။ ဒီကနေ့ ရန်ကုန်အင်းစိန် အကျဉ်းထောင်ကို သွားရောက်တဲ့အခါမှသာ မိသားစုက ဒီလိုပြောင်းရွှေ့လိုက်ပြီဆိုတာကို သိရတာလို့ ဇာဂနာ ရဲ့ ခယ်မ ဖြစ်သူ မငြိမ်း က ပြောပါတယ်။

“ဒီနေ့ ကျမတို့ ပါဆယ်ပို့ဖို့ အတွက် သွားတော့ ပြောင်းသွားပြီလို့ ကြားတယ်။ ဒါကြောင့် အထဲကို မေးပေးပါလို့ ပြောတော့မှ သေချာလို့လားဆိုပြီး မေးပေးတော့ မြစ်ကြီးနားတဲ့။ ကိုသူရအတွက်လည်း စိတ်မကောင်းဘူးပေါ့။ ရာသီဥတုလည်း အရမ်းအေးတဲ့အချိန် ကျမကလည်း ကိုသူရအတွက် အနွေးထည် အထူဆိုလို့ ဘာမှ မထည့်ထားဘူးပေါ့။ အဲဒီဘက်က အရမ်းအေးတဲ့အချိန်ဖြစ်လို့ အဲဒါကို ကျမ စိုးရိမ်တယ်။ ဆေးစာရွက်ထုတ်ပေးထားတာရှိတယ်။ ဒီတပတ်မှ ဆေး သွားပို့ရမှာ သွေးတိုးဆေးတွေမပါသွားဘူး။ ကဲ ဘယ်လို လုပ်ကြမတုန်း သူတို့ ဘာလုပ်ပေးနိုင်မှာတုန်း။”

အခုနောက်ဆုံး အပြောင်းအရွှေ့သတင်းတွေကို အင်းစိန်ထောင်မှာ စုံစမ်းသိရလို့ ခင်ပွန်းသည်ဖြစ်သူအတွက် ရတတ်မအေး ဖြစ်နေရသလို၊ မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ရောက်သွားလို့ အခက်ကြုံရမယ့်အရေး စိတ်မအေး ဖြစ်နေရသူ ကတော့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ရဲ့ ဇနီးသည် မခိုင်ချို ဖြစ်ပါတယ်။

“၃ရက်နေ့က တောင်ကြီးထောင်ကို ပို့လိုက်တယ်ဆိုတာ တွေ့ရတယ်။ ကျမကတော့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း အင်းစိန်မှာတုန်းကတော့ တမြို့တည်း ဆိုတဲ့ အသိနဲ့ ခံသာတာပေါ့။ အခု တောင်ကြီးဆိုတော့ ကျမသမီးကိုတော့ ၁၄ရက် တခါတော့ မခေါ်နိုင်ဘူးထင်တယ်။ သူက လည်းပင်နာရှိတဲ့အတွက် အေးတဲ့ရာသီဥတုမှာ နေရတဲ့အတွက် ကျမတော့ စိုးရိမ်တယ်။ သူသောက်နေကျ ဆေးတွေကိုတော့ နဂိုကတည်းက ဆေးစာထုတ်ပြီး သွင်းပေးထားတယ်လေ။ သူကတော့ ဘယ်ရောက်ရောက် သူ့အတွက် စိတ်မပူပါနဲ့လို့ ပြောပေမယ့်လည်း ကျမကတော့ စိတ်ပူတာပေါ့။”

ဒီလိုပဲ နယ်ထောင်တွေကို ပို့ခဲ့လို့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေသာမက ကျန်မိသားစုဝင်တွေပါ အခက်အခဲ တွေနဲ့ ကြုံရမယ့် အခြေအနေမျိုးတွေ ရှိနေလို့လည်း မိသားစုဝင်တွေအနေနဲ့ မခံမရပ်နိုင်လည်း ဖြစ်နေကြတာပါ။ အခု လည်းပဲ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို လူရွှင်တော် ဇာဂနာ ကို ပြောင်းရွှေ့ လိုက်တဲ့ အတွက်လည်း ဒါဟာ ကျန်တဲ့ မိသားစုကိုပါ ဒုက္ခပေးဖို့ရည်ရွယ်တာပဲလို့ မိသားစုဝင်တွေက မြင်ကြတာပါ။

“သူတို့က မိသားစုတွေပါ ဒုက္ခရောက်ပေ့ါလေ။ ငွေတွေလည်း ကုန်ကြစေပေါ့။ အခု ကျမတို့ သွားမယ်ဆိုရင် လေယာဉ် လက်မှတ်က ၁၂၀၀၀၀၊ ကျမတို့ ၂ယောက်သွားရင် အသွားအပြန် စာရိတ်က ၅၀၀၀၀၀၀ လောက် ဖြစ်နေပြီ။ တလမှာ တခါပဲ သွားနိုင်မှာပါ။ ဘယ်လိုပဲ ပြောပြော ၂ပတ်တခါတော့ အားမယူနိုင်ပါဘူး။ ဒီလို အနေအထား နဲ့ ကျမတို့ ဘယ်လို လုပ်ရမလဲ။ အပင်ပန်းခံပြီး ကားလမ်းကြောင်းနဲ့ပဲ တက်ကြမှာပေါ့။ ဒီဒုက္ခတွေကို ကျမတို့ ခံစားစေကြစေဖို့ သူတို့ လုပ်တာလေ။ ကျမတို့ကတော့ ကြံ့ကြံ့ခံရမှာပေါ့။ ကိုသူရတို့တောင် ဒုက္ခတွေနဲ့ အထဲမှာ နေကြရတာပဲ။ ကျမတို့ အပြင်က လူတွေလည်း ဒုက္ခတွေနဲ့ ပါပဲ။ ကျမတော့ ယုံကြည်ထားပါတယ်။ ကိုသူရ က လူတွေအတွက် အလုပ်လုပ်ရင်း အခုလို ဖြစ်သွားရတဲ့အတွက် မြစ်ကြီးနားမြို့ခံတွေကလည်း ကူညီကြမှာပါလို့ ကျမတို့ ယုံကြည်ပါတယ်။”


နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ရဲ့ ခယ်မဖြစ်သူ မငြိမ်းဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကပါ ဝိုင်းဝန်းတောင်းဆိုနေတဲ့ကြားကပဲ အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နေသလို၊ ဝေးလံခေါင်ဖျားတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့တာတွေကလည်း ဆက်ဖြစ်နေတာပါ။ မနေ့တုန်းကဆိုရင်လည်း နိုင်ငံပေါင်း ၅၀ ကျော်က ကမ္ဘာ့ ခေါင်းဆောင် ဟောင်း ၁၁၂ ယောက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ တိုက်တွန်းခဲ့တာပါ။ ဒီလို တောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့ မနေ့က တချိန်တည်း မှာလည်းပဲ Hip-Hop အဆိုတော် ဇေယျာသော် အပါအဝင် တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့ (Generation Wave) မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့ဝင် လူငယ် ၄ ယောက်ကို နယ်ထောင်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုအခါ ဒီအထဲက ကျန်နေတဲ့ နောက် ၂ ယောက်ဖြစ်တဲ့ ဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ်ထောင်၊ ရန်နိုင်သူ က ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွေဆီကို အသီးသီး ပြောင်းရွှေ့ပစ်လိုက်ပြီလို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG