သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေဘုန်းလတ်နဲ့ ဇာဂနာကို RSF ဆုချီးမြှင့်


ပြင်သစ်အခြေစိုက် အာအက်စ်အက်ဖ် ခေါ် နယ်စီးမခြား သတင်းထောက်များ အဖွဲ့ကြီးက ၂၀၀၈ခုနှစ်အတွက် ကွန်ပြူတာ အင်တာနက် အသုံးပြုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ဆိုက်ဘာဒစ်စီးဒန့် ခေါ် ဘလောက်ဂါ ဆုကို မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဟာသပညာရှင် ကိုဇာဂနာနဲ့ ဘလောက်ဂါ နေဖုန်းလတ်တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။ စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုနဲ့ နာဂစ် ဆိုင်ကလုံးဒဏ်ခံခဲ့ရတဲ့ အခြေအနေမှာ သူတို့နှစ်ဦးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေကြောင့် ဆုရွေးချယ်ရေး အဖွဲ့က တခဲနက် ရွေးချယ်ခဲ့တာလို့ RSFအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မှာ နိုင်ငံကျော် ဟာသ ပညာရှင်လည်းဖြစ် ရုပ်ရှင် ဒါရိုက်တာ တဦးလည်း ဖြစ်တဲ့ ကိုသူရခေါ် ကိုဇာဂနာနဲ့ ကွန်ပြူတာ အင်တာနက်ကနေ လူ့အခွင့်အရေးအတွက် လှုပ်ရှားခဲ့တဲ့ ကိုနေဖုန်းလတ်တို့ နှစ်ဦးကို ပူးတွဲပြီး ၂၀၀၈ခုနှစ်အတွက် RSFက ဆုပေးလိုက်တယ်လို့ RSFပြောခွင့်ရ ဗင်းဆင့် ဘရောဆဲလ် က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဘလောက်ဂါ ဆုအတွက် ရွေးချယ်လိုက်တဲ့ သူတွေကတော့ ဇာဂနာနဲ့ နေဖုန်းလတ်ပါ။ သူတို့ကို ဆုပေးလိုက်တယ်လို့ အခုပဲ ကြေညာလိုက်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့က သူတို့ နှစ်ယောက်စလုံးကို တခဲနက် ရွေးချယ်ခဲ့တာပါ။”

၂၀၀၈ခုနှစ်အတွက် RSFက ဆု ၃မျိုးပေးခဲ့တဲ့အထဲက ဆိုက်ဘာ ဒစ်ဆီးဒန့် ခေါ် ဘလောက်ဂါဆုအတွက် သတင်း လွတ်လပ်ခွင့်တွေ ပိတ်ပင်ထားတဲ့ကြားက သတင်းလွတ်လပ်ခွင့်အတွက် ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့သူ အမည် ၁၀ ဦး ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ကမ္ဘာတဝန်းက နာမည်ကျော် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့တွေက သတင်းထောက် ၄၀ကျော်ကနေ ဒီ ၁၀ဦးထဲမှာ အထူးချွန်ဆုံးဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုနေဖုန်းလတ်တို့ကို တခဲနက် ရွေးချယ်ခဲ့တယ်လို့လည်း မစ္စတာ ဘရောဆဲလ်က ပြောပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ရှရင်း အေဘာတီ က ဆုကို ပေးအပ်ခဲ့ပြီး ကိုဇာဂနာ ကိုယ်စား သူငယ်ချင်းဖြစ်သူ အနုပညာရှင် ကိုထိန်းလင်းက ဆုကို လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားလဲ ပြောကြားခဲ့ပါတယ်။ ကိုဇာဂနာရဲ့ ဇနီးနဲ့ သူ့မိသားစုကိုလည်း ဗွီဒီယိုနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ပြသထားတာ တွေ့ရတယ်လို့လည်း မစ္စတာ ဘရောဆဲလ်က ပြောပါတယ်။

အခန်းအနားမှာ ကိုထိန်လင်းက ကိုဇာဂနာနဲ့ ပတ်သက်ပြီး လက်ခံဆုယူခွင့်ရခဲ့တဲ့ ကျေးဇူးတင်စကားကို အခုလို ပြောခဲ့ပါတယ်။

“ဒီနေ့ဆုပေးပွဲမှာ ကိုဇာဂနာ ကိုယ်တိုင် တက်ရောက်ပြီး ယူသင့်ပါတယ်။”

မြန်မာနိုင်ငံက စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ အမှန်တရားကို သူ့ရဲ့ ဟာသ ပညာနဲ့ လူထုသိအောင် ဖော်ပြနိုင်တာတွေကိုပါ ပရိတ်သတ်တွေကို ပြောကြားခဲ့ပါတယ်။ မေလ နာဂစ် ဆိုင်ကလုံးဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေကို ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ ကိုဇာဂနာဟာ စစ်အစိုးရရဲ့ ဆိုးရွားတဲ့ မမှန်မကန် ဆောင်ရွက်ချက်တွေကို ထုတ်ဖော်ပြောဆိုလေ့ ရှိသူဖြစ်ပြီး သူ့ရဲ့ ပြောကြားချက်တွေကို ပြည်တွင်းပြည်ပ ပရိတ်သက်က လေးလေးစားစား စောင့်မျှော်နားထောင်လေ့ရှိပါတယ်။ ပြည်ပ သတင်းမီဒီယားတွေကို ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၅၉နှစ် ပြစ်ဒဏ်ချခံခဲ့ရပါတယ်။

ဘလာက်ဂါ ကိုနေဖုန်းလတ်ဟာလဲ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ သူ့ရဲ့ ကွန်ပြူတာ ဝက်ဆိုဒ် စာမျက်နှာကတဆင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ သတင်းမှန်တွေကို ကမ္ဘာက သိအောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။ သူဟာ အခုချိန်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး မကြာခင်ကမှ ကရင်ပြည်နယ်က ဘားအံ အကျဉ်းထောင်ကို ပြောင်းရွေ့ခံခဲ့ရ ပါတယ်။ ကိုနေဖုန်းလတ်ကို နိုင်ငံတကာနေ အသိအမှတ် ပြုတဲ့ အနေနဲ့ အခုလို ဆုချီးမြင့် ခံရတာဂုဏ်ယူပါတယ်လို့ ကိုနေဖုန်းလတ်ရဲ့ ညီက ပြောပါတယ်။

“သူက ဘာအပြစ်မှလည်း မရှိဘဲနဲ့ လူငယ်တယောက်ကို မတရား ထောင်ချခြင်းကို နိုင်ငံတကာက မတရားဘူးလို့ အသိအမှတ်ပြုလိုက်တဲ့သဘောလို့ ကျွန်တော် မြင်ပါတယ်။ သူ့အတွက်တော့ ဂုဏ်ယူပါတယ်။ ”


ကိုနေဖုန်းလတ်ရဲ့ မိခင်ဖြစ်သူကတော့ ကိုနေဖုန်းလတ်တည်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့က ထောင်ကို အသွား လမ်းမှာပဲ ရှိသေးတာကြောင့် ဒီသတင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG