မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စီကို ကြာသာပတေးနေ့က သူ့ရဲ့ မိသားစု ဆရာဝန် လာသွားတယ်လို့ မျက်မြင်တွေက ပြောကြောင်း အေအက်ပီ သတင်းက ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ သူ့လက်ထောက်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝန်းထဲမှာ မနေ့က မွန်းလွဲပိုင်းမှာ ဝင်ရောက်ခဲ့ပြီး လေးနာရီကြာမှာ ပြန်ထွက်လာတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တလတခါ ပုံမှန် ကျန်းမာရေး စစ်ဆေးခံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ကို အစားအသောက် ပို့ပေးတာလက်မခံဘူးလို့ ငြင်းဆိုပြီး တလလောက်အကြာ စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါက်တာ တင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆေးသွင်းပေးခဲ့ရတာပါ။ ဆေးသွင်းပြီး ရက်အနည်းငယ်အကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အစားအစာလာပို့တာကို ပြန်လက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် ၂၀အတွင်း အချိန်အတော်များများမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး တခါတလေမှသာ သူ့ဆရာဝန် သူ့ရှေ့နေတို့နဲ့ တွေ့ဆုံခွင့်ရတာ ဖြစ်ပါတယ်။