သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ လုံခြုံရေး အခြေခံကို ပြောင်းဖို့ ပြည်ထဲရေးဝန်ကြီး အကြံပြု


အိန္ဒိယနိုင်ငံမှာ အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထဲရေးဝန်ကြီးက မွမ်ဘိုင်း ဘဏ္ဍာရေးမြို့တော် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာ လုံခြုံရေးဆိုင်ရာ အားနည်ချက်တွေ ရှိနေတယ် ဆိုတာကို ဝန်ခံပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုကို ထိထိရောက်ရောက် ဆန့်ကျင် တိုက်ဖျက်ရေး အတွက် အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် စတိဖ် ဟာမန် (Steve Herman) နယူးဒေလီမြို့ က သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ပေးခံရတဲ့ ပက်လက်နီယာပန် ချီဒမ် ဘာရမ် (Palaniiapppan Chidambaram) က မွမ်ဘိုင်း ဘဏ္ဍာရေးမြို့တော် တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ တာဝန်ယူမှုတွေမှာ အားနည်းချက်တွေ၊ မှားယွင်းမှုတွေ ရှိနေတယ်ဆိုတာကို ဝန်ခံပြောဆိုပါတယ်။

“လုံခြုံရေးဆိုင်ရာ မှားယွင်းမှုတွေနဲ့ပတ်သက်လို့ ပြစ်တင်ဝေဖန်မယ်ဆိုရင် ဝေဖန်သင့်တာ၊ ခင်ဗျားတို့ ဒေါသ ဖြစ်ကြတာ တွေကို ကျနော် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။ ဒီလို မှားယွင်းရတဲ့ အကြောင်းရင်း ကိစ္စတွေကိုလည်း ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” - လို့ ပြောသွားတာပါ။

မွမ်ဘိုင်း မှာ သတင်းထောက်တွေကို တွေ့ဆုံတဲ့အချိန် အိန္ဒိယနိုင်ငံအတွင်း တွေးခေါ်စဉ်းစားမှုတွေ ပြောင်းလဲဖို့ လိုပြီ ဆိုတာကိုလည်း သူက ထည့်သွင်း ပြောဆိုသွားပါတယ်။

မွမ်ဘိုင်း တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဒီကိစ္စကို သူ့အနေနဲ့ အထူး လျို့ဝှက် ထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယ ပါလီမန် အဖွဲ့ကို နောက်ပိုင်းမှာ တင်ပြမှာဖြစ်တယ်လို့ ဆိုပါတယ်။

မွမ်ဘိုင်းမြို့တော် တိုက်ခိုက်ခံရပြီးတဲ့နောက် ပြည်ထဲရေး ဝန်ကြီးဟောင်း ရှီဗတ်ခ် ပက်တီလ် (Shivraj Patil) က သူ့မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ယူမှု ပျက်ကွက်တာတွေ ရှိနေတယ် ဆိုပြီး နုတ်ထွက်သွားပါတယ်။ အဲဒီနေရာမှာ ပက်လက်နီယာပန် ချီဒမ် ဘာရမ် ကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ သတင်းဌာနတွေမှာတော့ အမည်မဖော်လိုသူ အရာရှိတယောက်ကို ကိုးကားပြီး မွမ်ဘိုင်း ကို တိုက်ခိုက်ခဲ့တဲ့ လက်ခ်ရှာ အီး တိုင်ဘာ (Lakshar – e – Taiba) အကြမ်းဖက်အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံမှာ သြဇာရှိတဲ့ ISI ပြည်တွင်း ထောက်လှမ်းရေးအဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ် ရှိတယ်လို့ ဖော်ပြပါတယ်။ ပါကစ္စတန်ဘက်က ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။ အိန္ဒိယအနေနဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထား ရှိတယ်ဆိုတာကို ပြသဖို့လည်း တောင်းဆိုနေပါတယ်။

မွမ်ဘိုင်းကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေဟာ တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး ခေတ်မှီလက်နက်တွေ ကိုင်ဆောင်ခဲ့တဲ့ အတွက် ဒီအဖွဲ့ဟာ စစ်တပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ် ဆိုပြီး အိန္ဒိယ အကြမ်းဖက်မှု ဆန့်ကျင်ရေး အဖွဲ့တွေက ခန့်မှန်းတွက်ဆထားကြတာပါ။

မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုဟာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ငြိမ်းချမ်းရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုတွေ ဆောင်ရွက်နေဆဲ အချိန်မှာ ပေါ်ပေါက်ခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြားမှာ ၂၀၀၁ ခုနှစ် အိန္ဒိယ ပါလီမန် တိုက်ခိုက်ခံခဲ့ရတဲ့အချိန်က နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံ စစ်ဖြစ်မလောက်အထိ ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ အခု ဆက်ဆံရေး အခြေအနေဟာလည်း ၂၀၀၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေလို့ ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG