သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာနိုင်ငံသွားရေး အခါမသင့်သေး


ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ အစည်းအဝေးကြီး ပြီးဆုံးသွားပါပြီ။ အဲဒီအစည်းအဝေး မှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို အခုပဲ ပြောကြားသွားပါတယ်။ ဦးကျော်ဇံသာက အပြည့်စုံ တင်ပြထားပါတယ်။

ဒီကနေ့ Group of Friends on Myanmar လို့ဆိုတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အစည်းအဝေးမှာ ဘာတွေ ဆောင်ရွက် ခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး မစ္စတာ ဘန်ကီမွန်း က သတင်းထောက်တွေကို အခုလို စပြောပြပါတယ်။

“ဒီနေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တာ ဖြစ်တယ်။ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး သူတို့ဟာ မျှော်လင့်ချက်တွေ ထားရှိပေမယ့် ခံပြင်းစရာတွေနဲ့သာ ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ နဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာ့နိုင်ငံခြားရေး ဝါဒ မှာ အဓိက ကျတယ်လို့ ဆိုထားတာကိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် တကယ်တမ်း ပူးပေါင်းဆောင်ရွက်မှု မရှိတာ ခံပြင်းစရာ ဖြစ်တယ်။” - လို့ သူက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေဘက်ကလည်း ဘက်ပေါင်းစုံကနေ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်တဲ့။ တခါ မြန်မာနိုင်ငံအတွင်းမှာ ဘက်ပေါင်းစုံ ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေးကို အစိုးရက ထိထိရောက်ရောက် မဆောင်ရွက်ဘူး။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆို ပြဌာန်း ထားတာကိုလည်း လိုက်နာမှု မရှိဘူးလို့ သူက ဆိုပါတယ်။ အခုလို လိုက်နာဖို့အတွက် သူက တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့အတွက်လည်း သူက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမအဆင့် ဖြစ်တယ်၊ အဲဒါပြီးမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးရမယ်လို့ ဆိုပါတယ်။ ဒါဖြင့်ရင် မြန်မာနိုင်ငံ စစ်အစိုးရဘက်က အခုလိုပဲ ဆက်လက် ပူးပေါင်းမှု မရှိဘဲ နေရင် ဒါဟာ ကုလသမဂ္ဂ က ကြားဝင်ဖြန်ဖြေတဲ့အလုပ် ကို မလုပ်ဘဲ နေမလားလို့ သတင်းထောက်တယောက်က မေးတဲ့ အခါမှာတော့ - ဒီစကားကို သူ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး တဲ့။ ကုလသမဂ္ဂ က အမြဲတမ်း ဆောက်ရွက်သွားမှာ ဖြစ်ပါတယ်တဲ့။ ဒီ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြဌာန်းချက်အရ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပဲ ဆိုပါတယ်။

ဒါဖြင့်ရင် နှစ်မကုန်ခင်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်များ ရှိပါသလားလို့ သတင်းထောက် နောက်တယောက် က မေးတဲ့အခါမှာတော့ မြန်မာပြည်ကို ဘယ်အချိန်မဆို သွားဖို့ အဆင်သင့်ပါပဲတဲ့။ မြန်မာစစ်အစိုးရနဲ့ သူ ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်။ စီးပွားရေးကိစ္စ၊ လူသားချင်းစာနာတဲ့ကိစ္စ နိုင်ငံရေးကိစ္စတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အခုအခါမှာ သင့်လျော်တဲ့အချိန်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ အချိန်မကျသေးဘူးလို့ သူ ထင်ပါတယ်။ အချိန်မရွေး သွားမှာပါတဲ့။ သူဟာ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မယ်။ အဓိပ္ပါယ် ရှိတဲ့ ရလဒ်မျိုး ပေါ်ထွက်လာမယ်လို့ စဉ်းစားမိတဲ့တနေ့မှာ ချက်ချင်းသွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးမေးတဲ့သတင်းထောက် တယောက်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံနေရတဲ့ တရုတ် တို့လို နိုင်ငံမျိုးတွေကြောင့် မြန်မာပြည်ကို ဖိအားပေးရတာ ပိုခက်သလား လို့ ပြောတဲ့အခါမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပီပီ ပုဂ္ဂလိက နိုင်ငံတခုချင်းစီက လုပ်နေတာကို သူ ဘာမှ မပြောလိုပါဘူးတဲ့။ ဒါပေမယ့် သူ ပြောချင်တာတခုကတော့ မြန်မာနိုင်ငံမှာ သြဇာလွှမ်းမိုးနိုင်တဲ့ နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် အခွင့်သာတိုင်း ပြောကြဖို့ တောင်းဆိုပါတယ် ဆိုတာ ပြောကြဖို့ တောင်းဆိုပါတယ် ဆိုတာ ပြောပြီးတော့ နိဂုံးချုပ် သွားပါတယ်။

XS
SM
MD
LG