သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကားကုမ္မဏီကြီးများ ကယ်တင်ရေး အိမ်ဖြူနဲ့ လွှတ်တော် ညှိ့နိုင်းဆဲ


ကမ္ဘာ့စီးပွားရေး ထိုင်းလာတဲ့ လက္ခဏာကို ချမ်းသာတဲ့ ဂျပန်နိုင်ငံမှာရော စားရေး
သောက်ရေးခက်ကြတဲ့ အာဆီယံနိုင်ငံတွေမှာပါ မြင်နေရပါတယ်။ ဂျပန် ဆိုနီကုမ္ပဏီ
ကြီးဟာ ကမ္ဘာတဝန်း ဝန်ထမ်း ၈,၀၀၀ ကို အလုပ်ဖြုတ်ပစ်လိုက်ရပါတယ်။ ဆိုနီ
အီလက်ထရောနစ်လုပ်ငန်း ဝန်ထမ်းအင်အားရဲ့ ၅% ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဆိုနီ
စက်ရုံ ၁၀% ကိုလည်း ပိတ်လိမ့်မယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံက ဒီနေ့မှာပဲ စီးပွားကျ
ကပ်ထဲကို ပိုနက်နက်ရှိုင်းရှိုင်း ရောက်နေပြီလို့ ကြေညာပြန်ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့ကြီးကတော့ အာဟာရချို့တဲ့၊
စားစရာငတ်ပြတ်တဲ့အဖြစ်မှာ လူသန်းပေါင်း ၄၀ လောက် တိုးလာတယ်လို့ ဆိုပါတယ်။
ဒီနှစ်အစောပိုင်းကလည်း အစားအသောက်ဈေးတွေ တက်တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံ
ကလူတွေ အထိနာခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပါသေးတယ်။

ကမ္ဘာတဝန်း နိုင်ငံတကာလေကြောင်းလိုင်း အစည်းအရုံးကလည်း လေကြောင်း
လုပ်ငန်းဝင်ငွေဟာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်နေတယ်လို့ ကြေညာ
လိုက်ပြီး နောင်နှစ်မှာ ဒေါ်လာသန်း ၂၅,၀၀၀ ဆုံးရှုံးဖို့ မျှော်လင့်ထားကြောင်း
ပြောပါတယ်။

အမေရိကန်နိုင်ငံမှာတော့ စီးပွားရေးအကျပ်ရိုက်နေတဲ့ မော်တော်ကားကုမ္ပဏီတွေကို
ကယ်တင်ရေး အဆိုပြုချက် ဒီမိုကရက်တစ်ပါတီက တင်ပြထားတဲ့ သဘောတူညီချက်
မူကြမ်းကို အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြန်လည်သုံးသပ်နေပါတယ်။

မော်တော်ကားကုမ္ပဏီတွေ လအနည်းငယ်ဆက်ပြီး ရပ်တည်လည်ပတ်နိုင်ရေးနဲ့
သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့မဖြစ်ရေး ကယ်တင်မယ့် အစီအစဉ်
မူကြမ်းကို ဒီမိုကရက်ပါတီဘက်က တင်ပြခဲ့တာပါ။ တနင်္လာနေ့ အေဘီစီရုပ်မြင်သံကြား
ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်
(George W.Bush) က ကယ်တင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့
နီးစပ်မှုရှိမရှိ အခြေအနေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ကယ်တင်ရေးစီမံချက်အရ အစိုးရထောက်ပံ့ငွေ ရသင့်တဲ့ ကုမ္ပဏီတွေဟာ ရေရှည်
ရပ်တည်နိုင်တဲ့ ကုမ္ပဏီတွေသာ ဖြစ်သင့်တယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။ မူဝါဒ
ရေးဆွဲခဲ့တဲ့ လူတွေအနေနဲ့ အခွန်ပေးတဲ့ အမေရိကန်ပြည်သူတွေရဲ့ ငွေကြေးတွေကို
ပြန်ပေးနိုင်အောင် အသေအချာ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

အမေရိကန် မော်တော်ကားကုမ္ပဏီတွေကို အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ
သန်း ၁၅,၀၀၀ ထုတ်ပေးရေး အဆိုပြုချက် သဘောတူညီချက်တွေရဖို့ နီးကပ်လာပြီလို့
တနင်္လာနေ့က သမ္မတဘုရှ်ရဲ့ အစိုးရနဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေက အခုလို
ပြောဆိုခဲ့ပါတယ်။

"မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့လက်ရှိ လုပ်ကိုင်ဆောင်ရွက်
နေတဲ့ ပုံစံတွေကို လုံးဝပြောင်းလဲပစ်မယ့် သေသေချာချာ ဂရုမပြုဘဲနဲ့တော့ အခွန်ထမ်း
ပြည်သူတွေဆီက အကူအညီရဖို့ မျှော်လင့်မထားစေချင်ပါဘူး။" လို့ ရီပတ်ဘလီကန်
လွှတ်တော်အမတ် ကင်တပ်ကီပြည်နယ်က မစ်ချ် မက်ကော်နယ် (Mitch McConnell)
က အထက်လွှတ်တော် ကြားနာပွဲမှာ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG