ကမ္ဘာ့ကုလသမဂ္ဂက လူ့အခွင့်အရေး ကြေငြာစာတမ်း ထုတ်ပြန်ခဲ့တာ အနှစ် (၆၀) ပြည့်မြောက်လာခဲ့ပေမယ့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာမှာ ပြစ်တင်ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ အခြေအနေတွေ တိုးတက်လာတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ နိုင်ငံရေးတက်ကြွသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာထောင်တွေကိုပို့ခဲ့သလို အခုဆိုရင် ထောင်တွင်းမှာလည်း ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရတာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးနဲ့ ကြုံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျန်နေတဲ့ မိသားစုတွေရဲ့ အခြေအနေ တစေ့တစောင်းကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတိုင်း ထည့်သွင်းပြောဆိုရလေ့ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိဆဲဖြစ်နေတာပါ။ အခုဆိုရင်လည်း မကြာသေးခင် လတွေကစလို့ ထောင်ဒဏ်တွေ အပြစ်ပေးခံခဲ့ရပြီး နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေကို ပို့ဆောင်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ နောက်ထပ်လည်း ထောင်တွင်းမှာ အခက်အခဲတွေနဲ့ ကြုံနေကြရသလို မိသားစုဝင်တွေ အနေနဲ့လည်း နယ်ထောင်တွေကို ပြောင်းရွှေ့လို့ အစစအခက်တွေ့နေကြလို့ ဒါဟာ ထိန်းသိမ်းခံနေရသူတွေကိုရော သူတို့ မိသားစုတွေရဲ့ အခွင့်အရေးတွေကိုပါ ချိုးဖောက်တာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ မကြာသေးခင်ကမှ ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် မောင်သူရခေါ် ဇာဂနာ ရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ဦး ကတော့ အခုလို ဆိုပါတယ်။
“လူ့အခွင့်အရေး အများကြီး ဆုံးရှုံးပါတယ်။ ဥပဒေဆိုတာကလည်း အမျိုးမျိုး ဖြစ်နေတာလေ။ ရန်ကုန်မှာတောင် ၂ ယောက်သွင်းလို့ ရတယ်။ သွားတွေ့ရတဲ့ အခါမျိုးတွေတောင်မှာ မေတ္တာရပ်ခံ ဆွေးနွေးပြီးမှ ဒီလို လုပ်တယ်ဆိုတာဟာ ရက်စက်လွန်းရာ ကျပါတယ်။ ညှိနှိုင်းပေးမယ်လို့လည်း ပြောသေးတယ်။ ပြီးတော့ ရန်ကုန်ကနေ သွားရတာ ခရီးစရိတ်နဲ့ လူပင်ပန်းတာနဲ့ နောက်ပြီး တွေ့ခွင့်မရဘူးဆိုရင် ဘယ်သူ စိတ်ကောင်းမှာလဲ။ ဒါဟာ သက်သက် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ထင်ရှားတယ်။”
မကြာသေးခင်ကပဲ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှာ သားဖြစ်သူ ပြည့်ဖြိုးလှိုင် ကို သွားရောက် ထောင်ဝင်စာ တွေ့ဆုံခဲ့တဲ့ ဒေါ်မွှေးမွေး ကလည်း အခုလိုမြင်ပါတယ်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျမ သဘောပေါက်နားလည်သလို ပြောရမယ်ဆိုရင် လူ့အခွင့်အရေး အားလုံး ဆုံးရှုံးတဲ့သဘော။ ကျမတို့က သားသမီးတွေနဲ့ ပတ်သက်လို့ ရှင်းပြရမယ်ဆိုရင် ထောင်တွေ နှစ်ရှည်လများ ချတယ်။ နယ်စွန်နယ်ဖျားတွေကို ပို့တယ်။ သွားတွေ့တဲ့အခါမှာ လေး ငါး ခြောက်ရက်၊ ခုနှစ်ရက် ကြာပြီးမှ ရောက်နိုင်မယ့် နေရာမှာ ကျမတို့က အနဲဆုံး ၂ရက် ၃ရက်လောက်တော့ တွေ့ချင်တာပေါ့။ ပေးတွေ့ခွင့် ပေးသင့်တယ်လို့လည်း ထင်တယ်။ အဲဒီလို ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေ ဆုံးရှုံးတယ်။ ကိုယ့်ရင်ထဲ ဖြစ်ပေါ် ခံစားချက်တွေကျတော့လည်း ပြောရေးဆိုခွင့်မရှိဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အချက် ၃၀ကျော် ရှိတယ်ဆိုတဲ့ စာတမ်း ထုတ်ပြန် ထားတာတော့ ကြားဖူးတယ်။ ရဟန်း သံဃာတောင်မှ စီတန်း လှည့်လည်ပြီး ပရိတ် တရားရွတ်တာတောင်မှ ဖမ်းတယ်၊ သတ်တယ် ဆိုတော့ လူတွေ အဖို့တောင်ဆို ပြောစရာတောင် မလိုတော့ဘူး။ ”
ဒီလိုပဲ စစ်တွေ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေး ဆုံးရှုံးမှုတွေ မိသားစုတွေ လိုက်လံတွေ့ဆုံဖို့ အခက်ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ကိုသန်းတင် ခေါ် ကိုကြီးသန်းရဲ့ ညီမဖြစ်သူရဲ့ အတွေ့အကြုံကလည်း ဒီလိုပါ။
“သွားရတာတော့ ခက်ခဲတာပေါ့ ၂ ညနဲ့ တမနက် ကားစီးရတယ်။ ရောက်သွားတော့လည်း တော်တော်နဲ့ မတွေ့ရဘူး။ မနက် ၁၀နာရီကတည်းက ထောင်ရှေ့ရောက်နေတာပေါ့။ ညနေ ၄နာရီခွဲ ၅နာရီလောက်မှ တွေ့ရတယ်။ တွေ့ရတော့လည်း မိနစ် ၂၀လောက်ပဲ တွေ့ရတယ်။ နောက်ပြီး ကျမ အစ်ကို ကို ကြိုးတိုက်ထဲမှာ ထားတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေရာမရှိလို့ ဘာလို့ ပြောတာပေါ့တဲ့။ လူ့အခွင့်အရေးကတော့ သိပ်ဆုံးရှုံးတာပေါ့။ လေယာဉ်ပေါ် စတက်ကတည်းက ခြေထိပ် လက်ထိပ် ခတ်ထားတာပဲ။ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး သိပ်ဆုံးရှုံးကြပါတယ်။ တချို့ဆို ဘာမှန်းတောင် မသိကြပါဘူး။ ”
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေရရုံသာမက အခုလို နယ်ထောင်တွေကို ပို့ဆောင်လိုက်တဲ့ အတွက်လည်း မိသားစုဝင်တွေရဲ့ အခွင့်အရေးကိုပါ ချိုးဖောက်ခံရတဲ့ အခြေအနေမျိုးဖြစ်နေရတယ်လို့ မိသားစုဝင်တွေက ပြောဆိုနေကြတာပါ။ ဒီလို ပို့လိုက်တဲ့ နေရာတွေမှာလည်း ရာသီဥတု ကြမ်းတမ်းတဲ့ ဒေသတွေကို ရောက်သွားကြသူတွေ အဖို့မှာတော့ ကျန်းမာရေးကအစ စိုးရိမ်စရာတွေ ဖြစ်နေရတာပါ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပို့ဆောင်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုတင်ဝင်း ရဲ့ ဇနီးသည်ဖြစ်သူ ပြောပြတာကတော့ -
“သက်ကြီးပိုင်းတွေက အစ ကျမ ယောင်္ကျားဆိုရင် လူငယ်ပိုင်းပါပဲ။ ဒါပေမယ့် အဲဒီက အအေးဒဏ်တွေကို သူတို့ မခံနိုင်ကြဘူး။ သူတို့ ရန်ကုန်မှာ နေနေကျဆိုတော့။ ကျမ ယောင်္ကျားဆိုရင် သွေးတိုးရှိတယ်။ တိုက်ပိတ်ထားတဲ့ အခါကျတော့ ညောင်းပြီး အကျောတွေ တက်တယ်။ ခေါင်းတွေလည်း ခဏခဏ ကိုက်တယ်တဲ့။ ဦးစိုးကြွယ်ဆိုရင် ကျန်းမာရေး သိပ်မကောင်းဘူး။ ဖျားတယ်တဲ့။ ဘာမှ မရှိတော့ အေးတော့ မနေနိုင်ကြဘူးတဲ့။ အကျီ ၤလေးတွေနဲ့ ရှိတာတွေနဲ့ လည်း မလုံလောက်ဘူး။ ကျမ အဲဒီလို ကြားတော့ အဲဒီမှာတင် မျက်ရည်ကျခဲ့ရပါတယ်။”
လူ့အခွင့်အရေး ကြေငြာစာတမ်း ထုတ်ပြန်ခဲ့တာ အနှစ် (၆၀) ပြည့်ခဲ့ပေမယ့် မြန်မာနိုင်ငံတွင်းမှာတော့ လူ့အခွင့်အရေး အခြေအနေတွေ ထူးထူးခြားခြား တိုးတက်မလာတာ၊ အထူးသဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေ အခက်ကြုံရတဲ့အထိ အာဏာပိုင်တွေဖက်က လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပြခဲ့ကြတာပဲ ဖြစ်ပါတယ်။