မစ္စတာ အိုဘားမား လှစ်လပ်သွားတဲ့ အထက် လွှတ်တော်အမတ် နေရာကို ရောင်းချဖို့ လုပ်တယ်လို့ စွပ်စွဲမှုနဲ့ အဖမ်းခံခဲ့ရတဲ့ အီလီနွိုက် (Illinois) ပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ ဘလာကိုဂျီဗစ် ကို နုတ်ထွက်ပေးဖို့ ရွေးကောက်ခံသမ္မတ က တောင်းဆိုလိုက်ပါတယ်။ အခု လက်ရှိ အခြေအနေအရ အီလီနွိုက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟာ သူ့ရဲ့ တာဝန်တွေကို သေချာ ထမ်းဆောင်နိုင်ဖို့ အခက်အခဲ ရှိမယ်လို့ မစ္စတာ အိုဘားမားက ယုံကြည်တာကြောင့် အခုလို နုတ်ထွက်ခိုင်းတာ ဖြစ်တယ်လို့ အိုဘားမားရဲ့ ပြောရေးဆိုခွင့်ရှိသူ ရော ဘက် ဂစ်ဘ် က ပြောပါတယ်။ မစ္စတာ ဘလာကိုဂျီဗစ်ကို ချီကာကိုမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်မှာ မနေ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။
အိုဘားမားရဲ့ အထက်လွှတ်တော်အမတ်နေရာကို အီလီနွိုက်ပြည်နယ်ရဲ့ ဒီမိုကရက် ပါတီ ပြည်နယ် အုပ်ချုပ်ရေးမှူးက ရောင်းစားဖို့ လုပ်တာကို တယ်လီဖုန်းမှာ ဖမ်းယူရရှိမိလိုက်တဲ့အတွက် အခုလို ဖြစ်သွားတာလို့ အစိုးရ ရှေ့နေက ဆိုပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် လုပ်ခဲ့တာပါ။ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘော့ ဂရင်းလေးကတော့ အကြောင်းပြချက် တစုံတရာ မပေးဘဲ နုတ်ထွက်သွားခဲ့တယ်လို့ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။