သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ် ထိပ်သီး ညီလာခံ မြန်မာ့အရေး အလေးပေး


ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကြာသပတေးနေ့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာက ဝိုင်းပြီး အာရုံစိုက် လုပ်ဆောင်ကြဖို့ နိုးဆော်လိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အဲန်စီဂျီယူဘီ ပြည်ပရောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဘိုလှတင့်ကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်မေးမြန်းထားပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ ပဲရစ်မြို့မှာ (၉) ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့က ဦးဘိုလှတင့် တက်ရောက်တယ်လို့ သိရပါတယ်။ ဒီ ဖွင့်ပွဲ နဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါလားရှင့်။ -

“(၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေရဲ့ ဆွေးနွေးပွဲကို ကမကထ ပြုတာကတော့ ရုရှားနိုင်ငံက နိုဘယ်လ်ဆုရှင် ဖြစ်တဲ့ သမ္မတ ဟောင်း မီခေးလ် ဂိုဘာချော့ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ဒီ ပြင်သစ်ကို ရောက်ပြီးမှ ကျန်းမာရေး အခြေအနေမကောင်းတာနဲ့ တောင်အာဖရိက နိုင်ငံရဲ့ သမ္မတ ဟောင်း ဒီ ကလပ် ကနေပြီးတော့ အခမ်းအနားကို ကြီးမှူးကျင်းပပါတယ်။ အဲဒီ အခမ်းအနားဖွင့်ပွဲ အစီအစဉ်မှာ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကိုယ်စား ဝန်ကြီးချုပ် ကိုယ်စား ကျနော့်အနေနဲ့ စကားပြောခွင့်ရသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလည်း စကားပြောခွင့် ရခဲ့ပါတယ်။ ပထမ ဖွင့်ပွဲ အခမ်းအနားမှာတော့ ဥက္ကဌ အဖြစ် တောင်အာဖရိက နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် သမ္မတ ဟောင်း ဒီ ကလပ် တို့ ကျန်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၅ ဦးလောက် ကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အနှစ် ၆၀ ပြည့်မြောက်တာနဲ့ တိုက်ဆိုင်နေတာကြောင့် ဒီကနေ့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့အမြင်တွေ ပြောကြားသွားကြတာ ဖြစ်ပါတယ်။”

ဖွင့်ပွဲနေ့မှာ ဒီ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးအတွက် ပြောဆိုကြတယ်လို့လည်း သိရပါတယ်။ ဘယ်လိုတွေ ပြောဆိုသွားသလဲ ဆိုတာ နည်းနည်း ပြောပြာပါအုံး။ -

“ဟုတ်ပါတယ်။ ပထမ သူတို့ ပြောတဲ့အခါတိုင်းမှာပဲ တဦးချင်းက စကားပြောကြတဲ့အချိန်မှာ သူတို့ရဲ့ အမြင်ကတော့ ငြိမ်းချမ်းရေး ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မလာရောက်နိုင်တဲ့ အပေါ်မှာ ဒါဟာ ပြီးပြည့်စုံမှု မရှိဘူး ဆိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ မတရားသဖြင့် နေအိမ်မှာ အကျယ်ချုပ် ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ စိုးရိမ်ချက်တွေ၊ လိုလားချက်တွေကို အသီးသီး ထည့်သွင်းပြောကြားကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လိုလားတဲ့ မြန်မာပြည်သူ တဦးချင်းရဲ့ လူ့ဂုဏ်သိက္ခာ၊ လူသားတွေရဲ့ ဂုဏ်သိက္ခာ နဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့ သူတို့ တတ်နိုင်သမျှ ကြိုးပမ်းမယ့်အကြောင်းနဲ့ အဲဒါတွေ အောင်မြင်လိမ့်မယ်လို့ သူတို့ ယုံကြည်တဲ့အကြောင်း၊ မြန်မာပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး ကိစ္စတွေမှာ သူတို့နဲ့ လက်တွဲပြီးတော့ ဆောင်ရွက်နိုင်မယ် ဆိုတဲ့ အကြောင်းတွေ ပြောသွားကြတာ တွေ့ရပါတယ်။”

ဒုတိယနေ့မှာ အစည်းအဝေး ဆက်ပြီး ကျင်းပတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ -

“ဒုတိယနေ့မှာတော့ မနေ့က မပြီးပြတ်သေးတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုင်ရာ၊ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံသားတဦးချင်းရဲ့ လူ့အခွင့်ဆိုင်ရာ ညီမျှမှု ကိစ္စတွေကို ဆက်ပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဲဒီ အခမ်းအနားတွေ အပြီးမှာ ထူးခြားတာကတော့ - ကမ္ဘာမှာ ဆင်းရဲနေတဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြီးတော့ အိပ်ချ်အိုင်ဗွီ ရောဂါ ခံစားနေရတဲ့ ဝေဒနာသည်တွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အိုယာလန်နိုင်ငံက ရော့ခ် ဂီတပညာရှင် ဘိုနို ကို (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေကနေ ဆုပေးတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဘိုနို က မိန့်ခွန်းစကား ပြောကြားသွားတဲ့အခါမှာတော့ ကျနော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည် လစ်လပ်နေတဲ့အတွက် ဒီ ဆွေးနွေးပွဲဟာ မပြည့်စုံတဲ့အကြောင်း၊ သူ့အနေနဲ့ ဒီကိစ္စကို အစဉ်တစိုက် လည်းပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမယ်။ တကယ် ဆောင်ရွက်နိုင်တဲ့ ကမ္ဘာ့ပြည်သူလူထုနဲ့လည်း လက်တွဲ ဆောင်ရွက်သွားမယ်။ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့နဲ့အတူ ကမ္ဘာ့ ငြိမ်းချမ်းရေး ကိစ္စတွေ၊ လူသားတွေရဲ့ အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်မှုတွေ အခွင့်အရေးတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ တချိန်တည်းမှာ တဆက်တည်းမှာ ကျနော်တို့ ဒီ အိုင်ယာလန်နိုင်ငံက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မဲရစ် မက်ကွိုင်းယား ကနေပြီးတော့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီ အစည်းအဝေးကြီးကနေ ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဖတ်ကြားပါတယ်။ အဲဒါ ပြီးတဲ့နောက်မှာတော့ ဘိုနို ရော၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင်တွေရော ကျနော်တို့နဲ့ အတူတကွ မီဒီယာပေါင်းစုံက ဓါတ်ပုံ ရိုက်ယူကြပါတယ်။ အားလုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းဆုတောင်းပေးကြတာ ဖြစ်ပါတယ်။”

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးဘိုလှတင့်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG