သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) က နိုင်ငံတကာ လစ်ဘရယ်အဖွဲ့ ဝင်ခွင့်လျှောက်


နိုင်ငံတကာ လစ်ဘရယ် ပါတီဝင်များအဖွဲ့ ဖြစ်တဲ့ Liberal International (LI) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ဒေသတွင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီ ကာကွယ်ပေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ လေးရက်ကြာ လေ့လာရေးနဲ့ အစည်းအဝေး တခု ကျင်းပနေပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံ အခြေအနေအကြောင်း တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် ထိုင်းမြန်မာနယ်စပ်က မဲဆောက်မြို့ကို အဲဒီအဖွဲ့တွေ သွားရောက်ခဲ့ပါတယ်။

မဲဆောက်မြို့မှာရှိတဲ့ MPU ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
အဖွဲ့ဝင်တွေ၊ NCUB၊ NLD-LA စတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့လည်း နိုင်ငံတကာ လစ်ဘရယ်ပါတီ အလုပ်အမှုဆောင် အဖွဲ့တွေ၊ ထိုင်း ဒီမိုကရက်ပါတီက အမတ်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတဲ့အပြင် အဲဒီအဖွဲ့တွေဟာ မယ်လှ ဒုက္ခစခန်းကိုပါ သွားရောက် လေ့လာခဲ့ကြပါတယ်။ အဲဒီအထဲက မြန်မာ့အရေးကို ဦးဆောင်ဆွေးနွေးခဲ့သူတဦး ဖြစ်တဲ့ MPU အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးသိန်းဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတော့ ဦးသိန်းဦးက အခုလို စပြောပါတယ်။

“အဓိက ကတော့ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စပေါ့နော်။ လစ်ဘရယ်ဝါဒကို သက်ဝင်ယုံကြည်တယ်။ ဒီမိုကရေစီ ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစုံဖွဲ့စည်းထားတာပေါ့။ Liberal International ဟာ တကမ္ဘာလုံးမှာရှိတဲ့ ပါတီတွေပေါ့နော် စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ပေါ့။ အလှည့်ကျ အစည်းအဝေး လုပ်တဲ့နေရာမှာ ဒီနှစ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သူတို့ ရွေးချယ်ထားတယ်။ အဲဒီအစည်းဝေးကို ဒီနှစ်မှာ လာကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကလည်း Liberal International မှာ လေ့လာသူ အဖြစ်နဲ့ ဝင်ခွင့် လျှောက်ထား တာပေါ့နော်။ အဲဒါကို သူတို့ ဝင်ခွင့်ပေးဖို့ ရှိတယ်။ အဲဒီအနေနဲ့ ကျနော်တို့ ဒီမှာ ကျနော်တို့နဲ့လည်း ဆွေးနွေးတယ်။ ပြီးတော့ NCUB နဲ့လည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ရှင်းလင်းပြတယ်။ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို သူတို့ သိတယ်။ အဲဒါကြောင့်မိုလို့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို သူတို့ ကိုယ်တိုင် သွားပြီးတော့ မျက်မြင်ကိုယ်တွေ့ တွေ့ချင်တယ်။ တွေ့ဆုံ အားပေးချင်တယ်။ အဲဒါကြောင့် သူတို့ ကိုယ်စားလှယ်တွေပေါ့နော်။ ဒုက္ခသည်စခန်းကို အုပ်စုလိုက် သွားရောက်ကြပါတယ်။ အဲဒီထဲမှာ ထူးခြားတာက ထိုင်းနိုင်ငံက ဒီ Liberal International ဝင်တဲ့အဖွဲ့က ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ အဲတော့ အခု သိတဲ့အတိုင်းမှာ နောက်အစိုးရ ဖွဲ့တဲ့အထဲမှာ အစိုးရအဖွဲ့ အနေနဲ့ ပါဝင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒီထဲက အခု ကျနော်တို့ဆီကို လာရောက်ပြီးတော့ တွေ့ဆုံတဲ့နေရာမှာလည်း ဒီမိုကရက်တစ် ပါတီက အမတ်တွေ ပါလာတာကို တွေ့ရတယ်။ နောက်ပြီးတော့ သူတို့ကလည်း အားပေးပါတယ်။ ဒီဘက် ထိုင်းနိုင်ငံဘက်ပိုင်းမှာ ဆိုလို့ရှိရင် ဒီမိုကရက်တစ်အစိုးရက အာဏာရမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ စိတ်ဝင်တစား ရှိလာမယ်။ ပိုပြီးတော့လည်း ထဲထဲဝင်ဝင် ဆက်သွယ် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အနေအထားမျိုးတွေ တွေ့ရတာရှိပါတယ်။ ဒါကတော့ ပါတီအနေနဲ့ ပြောတာပေါ့နော်။ အခုထက်ထိတော့ အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေ ပါမယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ဒီမှာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြတယ်။ အဲဒီကိစ္စတွေပေါ့နော်။”

တကယ်လို့ LI အဖွဲ့က ဒီ NLD-LA တို့၊ NCUB တို့ သူတို့အဖွဲ့ဝင် ဖြစ်သွားလို့ရှိရင် ဘာတွေ ထူးခြားလာမယ်လို့ ထင်လဲရှင့်။ -

“အဓိက ကတော့ LI က တကမ္ဘာလုံးမှာရှိတဲ့ လစ်ဘရယ်ပါတီတွေ စုပေါင်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဥရောပ ပါလီမန်မှာလည်း အဲဒီအဖွဲ့အစည်းတွေ အားကောင်းလျက် ရှိနေတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ အရေးအရာ ကိစ္စတွေကို ကျနော်တို့ ဥရောပ ပါလီမန်မှာ သွားပြီးတော့ တင်ပြတဲ့အခါမှာ အဲဒီ ပါတီထဲက အမတ်တွေကနေတဆင့် ကျနော်တို့ သွားပြီးတော့ တင်ပြဖို့ ကျနော်တို့ ရည်ရွယ်ချက် ရှိပါတယ်။ သူတို့ကလည်း အဲဒါကို လုပ်ပေးဖို့ ဆန္ဒ ရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ ရေးရာတွေမှာ၊ သံတမန်ရေးရာတွေမှာဆိုရင် Liberal International မှာပါဝင်တဲ့ အမတ်တွေ ကနေပြီးတော့ ချဉ်းကပ်ပြီးတော့ မြန်မာနိုင်ငံရေးကို ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ ဥရောပမှာ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ရည်ရွယ်ပါတယ်။ သူတို့ကလည်း အဲဒါကို လုပ်ပေးဖို့အတွက်ကို အင်မတန်မှာ အားတက်နေတာကို တွေ့ရပါတယ်။ အဲဒါကြောင့်မိုလို့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ အခုထက်ထိပိုပြီးတော့ ထဲထဲဝင်ဝင် နိုင်ငံတကာက သိလာနိုင်တဲ့ အနေအထား ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။”

MPU အဖွဲ့ဝင် ဦးသိန်းဦး ပြောပြခဲ့တာပါ။

ဒီကနေ့ စနေနေ့မှာ အစည်းအဝေးကို ဘန်ကောက်မြို့မှာ ပြုလုပ်ကျင်းပမှာဖြစ်ပြီးတော့ NCUB အဖွဲ့က ဦးညိုအုန်းမြင့် နဲ့ NLD-LA အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်တဲ့
ဦးဝင်းလှိုင်တို့လည်း ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG