သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားကုမ္ပဏီတွေအတွက် ကယ်တင်ရေး ရံပုံငွေထဲမှသုံးရန် အိမ်ဖြူတော် စဉ်းစား


အမေရိကန် ကားထုတ်လုပ်ရေး လုပ်ငန်း ပြိုပျက်မသွားရအောင် ဝေါစထရိ ငွေကြေး ဈေးကွက် ကယ်တင်ရေး ရံပုံငွေ အဖြစ်ချပေးထားတဲ့ ဒေါ်လာ သန်းပေါင်း ၇၀၀,၀၀၀ ထဲ က အသုံးပြုဖို့ ဘုရှ် အစိုးရ အဖွဲ့ က စဉ်းစားနေတယ်လို့ ပြောပါတယ်။ အထက်လွှတ်တော် မှာ ကယ်တင်ရေး အစီအစဉ် အပေါ် ဒီမိုကရက် နဲ့ ရီပတ်ဘလီကန် ပါတီ အမတ်တွေ စေ့စပ်ခဲ့ကြပေမယ့် ပျက်သွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း၊ အိမ်ဖြူတော် က ကြားဝင်ဆောင်ရွက်ဖို့ ဖြစ်နိုင်တဲ့ သတင်းတွေကြောင့် ငွေကြေး ဈေးကွက် မှာ ငြိမ်သွားပုံရခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Kent Klein ဝါရှင်တန် က သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီနှစ် အစောပိုင်းတုန်း က ငွေကြေးဈေးကွက် ကို ကယ်တင်ဖို့ အမေရိကန် လွှတ်တော် က ဒေါ်လာ သန်းပေါင်း ၇၀၀,၀၀၀ ချထားပေးခဲ့ပါတယ်။ မော်တော်ကား ကုမ္ပဏီကြီး ၃ ခု ကို ကယ်တင်ဖို့ အတွက် အဲဒီ ရံပုံငွေထဲ က နှိုက်ယူဖို့ သမ္မတ ဘုရှ် က ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ဖြူတော် က အခု စဉ်းစားနေပြီလို့ ပြောရေးဆိုခွင့်ရှိသူ ဒယ်နာ ပရီနို (Dana Perino) က ပြောပါတယ်။

“လက်ရှိ စီးပွားရေး အခြေအနေ က တော်တော် အားနည်းနေပါတယ်။ ကားထုတ်လုပ်ရေး လုပ်ငန်းဟာ ဖရိုဖရဲ နဲ့ ဒေဝါလီ ခံရမှာပါ။ အဲသလို အဖြစ်မျိုး ကို အားနည်းနေတဲ့ စီးပွားရေး အခြေအနေ က ခံနိုင်မှာ မဟုတ်ပါဘူး။” - လို့ သမ္မတ ရဲ့ လေယာဉ်ပေါ်မှာ ပရီနို က သတင်းထောက်တွေ ကို ပြောပါတယ်။

“အောက်လွှတ်တော် ပြန်ခေါ်တဲ့ အချိန်ထိ၊ ဖြစ်ပေါ်လာတော့မယ့် ဆုံးရှုံးမှုတွေ ကို ကာကွယ်ပေးဖို့ အသင့်ရှိပါတယ်” - လို့ နောက်ပိုင်းမှာ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဆိုပါတယ်။

ကားထုတ်လုပ်ရေး လုပ်ငန်း အလုပ်သမား သမဂ္ဂ ရွန် ဂက်တယ်လ်ဖင်ဂါ (Ron Gettelfinger) ကတော့ ဖြစ်လာစရာရှိတဲ့ မူဝါဒ အပြောင်းအလဲ ကို ကြိုဆိုလိုက်ပါတယ်။

“ဒီနေ့ မနက် အိမ်ဖြူတော် က ထုတ်ပြန်လိုက်တဲ့ အပြုသဘောဆောင်တဲ့ ကြေညာချက် ကို ကြိုဆိုပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ လုပ်ဖို့လိုမယ့် လမ်းကြောင်းတွေအားလုံး ကို သုံးသပ်နေပါတယ်လို့ ဆိုပါတယ်။ အဲဒီထဲ မှာ ကားထုတ်လုပ်ရေး လုပ်ငန်း ကို ထောက်ကူနိုင်မယ့် Troubled Asset Relief Program လို့ ခေါ်တဲ့ အစီအစဉ် လည်း ပါဝင် ပါတယ်။”

ကားထုတ်လုပ်ရေး လုပ်ငန်း ဆက်လက် လည်ပတ်နေနိုင်အောင်၊ အစိုးရ ဘဏ္ဍာ ထဲ က ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ သုံးမယ့် အစီအစဉ် ကို အောက်လွှတ်တော် က အတည်ပြုထားပါတယ်။ ဒါပေမယ့် အဲဒီ အဆိုပြုချက်ပေါ် ကို သမ္မတ ဂျော့ချ် ဘုရှ် ကရော၊ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဘရက် အိုဘားမား ကပါ ကျောထောက်နောက်ခံ ပေးထားပြီး ဖြစ်ပေမယ့်၊ အထက်လွှတ်တော် က သဘောမတူခဲ့ပါဘူး။ ဘရက် အိုဘားမား က ဆိုရင်၊ ကားထုတ်လုပ်ရေး လုပ်ငန်းကြီး ၃ ခု ကို ကျဆုံးသွားအောင် ခွင့်မပြုနိုင်ပါဘူး လို့ ပြောခဲ့ပါတယ်။

“ဒီ လုပ်ငန်းကြီး ပြုကျသွားတာ ကို ရပ်ပြီး ကြည့်မနေနိုင်ပါဘူး။ အဲသလို လုပ်ရင်၊ ကျွန်တော်တို့ စီးပွားရေး တစ်ခုလုံး အပေါ်မှာ ပျက်စီးလောက်အောင် ဂယက်ရိုက်ခတ် သက်ရောက်နိုင်ပါတယ်။”

ကားထုတ်လုပ်သူတွေ က သူတို့ စီးပွားရေး လုပ်ပုံကိုင်ပုံတွေ ကို ပြုပြင်ပြောင်းလဲဖို့ ကယ်တင်ရေး စီမံကိန်း က လုံလုံလောက်လောက် တောင်းဆိုလုပ်ဆောင်ထားတာ မပါဘူး လို့ တချို့ ရီပါဘလီကန် အမတ်တွေ က ပြောကြပါတယ်။ သောကြာနေ့တုန်းကတော့ General Motors ကားကုမ္ပဏီကြီး ဟာ အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို မှာ ရှိတဲ့ စက်ရုံ ၂၀ ကို ယာယီ ပိတ်မယ် လို့ ပြောပါတယ်။ အဲဒီ စက်ရုံ အများစု ကို ဇန်နဝါရီလ တစ်လလုံး ပိတ်ထားမှာပါ။ ကား ထုတ်လုပ်ရာမှာလည်း ကား စီးရေ ၂၅၀,၀၀၀ လျှော့ထုတ်မယ်လို့ ပြောပါတယ်။ ပထမ သုံးလပတ် ထုတ်လုပ်မှု ကိုလည်း သုံးပုံတစ်ပုံ လျှော့ချနေပါတယ်။

ဂျပန် နိုင်ငံ ရဲ့ ဒုတိယ ကားထုတ်လုပ်ရေး ကုမ္ပဏီ ဟွန်ဒါ ကလည်း မြောက်အမေရိက တိုက်မှာ ရှိတဲ့ စက်ရုံတွေ ကနေ ကားစင်ရေ ၁၁၉,၀၀၀ လျှော့ထုတ်မယ် လို့ ပြောပါတယ်။ ဝယ်လိုအား ကျဆင်းလာတာကြောင့်ပါ။ နိုဝင်ဘာ လ မှာ အမေရိကန်တွေ က လက်လီဆိုင်တွေ မှာ သုံးစွဲငွေ ဟာ ကျသွားပါတယ်။ ငါးလ ဆက်တိုက်ကျဆင်းတာပါ။

နိုဝင်ဘာလတုန်း က လက်လီဆိုင်တွေ မှာ ဝယ်ကြတာ ၁.၈ % ကျသွားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။ ကားရောင်းရတာ က ၂.ဂ % ကျသွားပါတယ်။ အဲသလို အရောင်းတွေ က ထိုးကျနေတဲ့အတွက်၊ အမေရိကန် လုပ်ငန်းတွေ မှာ သိုလှောင်ထားတဲ့ ကုန်ပစ္စည်း ကလည်း အောက်တိုဘာလမှာ ဝ.၆ % ကျသွားပါတယ်။ ငါးနှစ်အတွင်း အကြီးမားဆုံး ကျဆင်းတာပါ။

ဒီအချိန်မှာ၊ လက်ကားအရောင်းတွေကလည်း ၄ လဆက်တိုက်အဖြစ် နိုဝင်ဘာလ မှာ ကျသွားပြန်ပါတယ်။ ထုတ်လုပ်သူ ဈေးနှုန်း အညွှန်းကိန်း က ၂.၂ % နိုဝင်ဘာလ မှာ ကျသွားခဲ့တယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာန က ပြောပါတယ်။ ဓာတ်ဆီ ဒီဇယ်ဆီ ဈေးနှုန်းတွေ ကျတာ က ထိပ် က ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ဟာ အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံ မှာ စီးပွားကျ ကပ် ကြုံနေရတာ ကို တိုက်ဖျက်ဖို့ ဒေါ်လာ သန်းပေါင်း ၂၆၄,၀၀၀ စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်တစ်ရပ် ကို ခေါင်းဆောင်တွေ က သဘောတူလိုက်ကြပါတယ်။ ဥရောပ စီးပွားရေး က သိပ်ကြီး ကို အလေးထားလောက်တဲ့ အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြင်သစ်သမ္မတ နိကိုလပ်စ် ဆာကိုဇီ က ဆိုပါတယ်။

ဂျပန်နိုင်ငံမှာလည်း စီးပွားရေး ပြန်နိုးလာအောင် ဒေါ်လာ သန်းပေါင်း ၂၅၅,၀၀၀ အစီအစဉ်တစ်ရပ် ကို ဝန်ကြီးချုပ် တာရို အာဆို (Taro Aso) က ကြေညာပါတယ်။ အလုပ်ရနိုင်တာ တိုးလာအောင်၊ ငွေချေးချင်လာအောင်၊ ငွေကြေးဈေးကွက်ထဲ ငွေထည့်ပေးနိုင်အောင် အားထုတ်တာပါ။

အမေရိကန် နိုင်ငံ မှာ ကားထုတ်လုပ်ရေး လုပ်ငန်း ကယ်တင်ရေး အစီအစဉ် ပျက်သွားပြီးတဲ့နောက်၊ သောကြာနေ့ မှာ အာရှ ဈေးကွက် က ကျဆင်းသွားပါတယ်။ ဂျပန် နိကေး အညွှန်းကိန်း က ၅.၆ %၊ ဟောင်ကောင် ဟန်ဆန် အညွှန်းကိန်း က ၅.၅ %၊ တရုတ် ရှန်ဟိုင်း အညွှန်းကိန်း က ၃.၈% ကျသွားပါတယ်။

ဥရောပ ရှယ်ယာတွေကလည်း သောကြာနေ့မှာ ဆင်းသွားပါတယ်။ လန်ဒန် Financial Times 100 အညွှန်း က ၂.၅ %၊ ဂျာမဏီနိုင်ငံ ဖရန့်ဖွတ် DAX အညွှန်း က ၂.၂% နဲ့ ပါရီ CAC-40 က ၂.၈% ကျသွားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG