သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ နိုဘယ်လ်ဆုရှင်တွေ တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်တွန်း ဆောင်ရွက်ဖို့ ဥရောပ နိုင်ငံတွေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တွေရဲ့ ထိပ်သီး ညီလာခံကနေ အိုင်ယာလန်နိုင်ငံက ရော့ခ်အဆိုတော် ဘိုနို ကိုလည်း ငြိမ်းချမ်းရေး အကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအောင် တိုက်တွန်းဖို့ နိုဘယ်လ်ငြိမ်းချမ်းဆုရှင်တွေက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အခမ်းအနားမှာ အိုင်ယာလန်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုင်းရိဒ် ကော်ရီဂန် မက်ကွိုင်းယား (Mairead Corrigan Maguire) က မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးအတွက် မဆုတ်မနစ် ဆက်ပြီး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲ့ ရဲရင့်မှုနဲ့ သတ္တိကို အမှတ်တရ ရှိနေစေချင်ပါတယ်။ ဒါကို ကမ္ဘာက အမှတ်တရ ရှိနေစေဖို့ ကျမတို့ ဒီနေ့ ဒီနေရာမှာ စုဝေး ရောက်ရှိ နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ပြောဆိုသွားပါတယ်။

နိုင်ဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တွေရဲ့ (၉) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သုံးရက်ကြာ ကျင်းပပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အထိန်းအမှတ် အခါသမယ နဲ့ တိုက်ဆိုင်ပြီး ဒီ ထိပ်သီး ညီလာခံကို ကျင်းပတာပါ။

အိုင်ယာလန်နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေဖြစ်ကြတဲ့ ဘက်တီ ဝီလျံ (Betty William)၊ ဂျွန်ဟူးမ် (John Hume)၊ တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဘလျု ဒီ ကလပ် (F.W de Klerk) နဲ့ ပိုလန်နိုင်ငံက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Lech Walesa (လက်ခ် ဗာဝင်ဆာ) တို့လည်း တက်ရောက်ပါတယ်။ အိုင်ယာလန်နိုင်ငံက နာမည်ကြီး ရော့ခ် အဆိုတော် ဘိုနို ကို ညီလာခံကနေ Man of Peace ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

အခုလို ညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ တောင်းဆိုတာက ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်ပါသလဲ။ ပါရီမှာ နိုဘယ်ဆုရှင်တွေရဲ့ ထိပ်သီး အစည်းအဝေး အခမ်းနားကို တက်ရောက်နေတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့က အဖွဲ့ဝင် ဝန်ကြီး တဦးဖြစ်သူ ဦးဘိုလှတင့် က အခုလို သူ့သဘောထားကို ပြောဆိုပါတယ်။

“ဘိုနိုကို ဆုပေးတဲ့အခမ်အနားမှာ ပြင်သစ် သမ္မတကတော် လည်း တက်တယ်၊ မြို့တော်ဝင်လည်း တက်တယ်၊ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ညီလာခံမှာ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်မြေက်ရေး ပိုပြီးတော့ အာရုံစိုက်ဆောင်ရွက်ဖို့ တိုက်တွန်းတာမျိုး၊ သူတို့တတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်ပြီး တကမ္ဘာလုံးမှာ စပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချတယ်ဆိုတော့ ထိရောက်မှု ရှိမရှိ ဆိုတာက နအဖက တကမ္ဘာလုံးရဲ့ အသံကို ဘယ်လောက်အထိ လေးစား လိုက်နာတယ် ဆိုတဲ့အပေါ်မှာ မူတည်မှာပဲ၊ ဒါပေမယ့် သူတို့ လှုပ်ရှားမှုကတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်လုပ်မယ် ဆိုတာ စ ကြေညာတာဆိုတော့ ထိရောက်မှုတွေ အများကြီး ရှိမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဦးဘိုလှတင့် ပြောသွားတာပါ။ အခမ်းအနားမှာ ငြိမ်းချမ်းရေး အကျိုးဆောင် ဆု ချီးမြှင့်ခံရတဲ့ ရောခ့် အဆိုတော် ဘိုနို က ဒီဆုဟာ သူ့လို ရော့ခ် ဂီတ သမားတယောက်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသလောက်အထိ ကျေနပ် ကြည်နူး မိပါတယ်လို့ ပြောသွားပါတယ်။

အာဖရိကတိုက်ရဲ့ ကြွေးမြီ အကျပ်အတည်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ရောဂါပျံ့ပွားမှု ကာကွယ်ရေး နှစ်ပေါင်း ၂၀ လောက် အကျိုးဆောင်ခဲ့သူအဖြစ် ဒီလို ငြိမ်းချမ်းရေး အကျိုးဆောင် ဆုကို ချီးမြှင့်တာပါ။ ဘိုနို ဟာ သီချင်းတွေ စာသားတွေနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့သူ၊ တိုက်ပွဲဝင်နေမယ့်သူ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သူ၊ တိုက်ဖျက်နေမယ့်သူ လို့ အခမ်းအနားကို ပူးတွဲ ကျင်းပတဲ့ အီတလီနိုင်ငံ လက်ဝဲယိမ်း ခေါင်းဆောင် ဝေါ်လ်တာ ဗက်ထရိုနီ (Walter Veltroni) က အခမ်းအနားမှာ ပြောဆိုပါတယ်။

ဘိုနို က ဆုကို လက်ခံရယူပြီးတဲ့အချိန် မိန့်ခွန်းပြောကြားတဲ့အခါ ဒီ ထိပ်သီး ညီလာခံမှာ ရောက်မလာနိုင်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်တရအဖြစ်နဲ့ သူ လေးစားမိတဲ့ အကြောင်း တခုတ်တရ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG