သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်း ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိ


မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်ပေးရင်းနဲ့ တရားစီရင်ရေး
ကို အနှောင့်အယှက်ပြုပါတယ်ဆိုပြီး ပုဒ်မ ၂၂၈ နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၆ လ
ချခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းဟာ အခု
တော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်လာပါတယ်။ သူ့အနေနဲ့ ပြည်တွင်း
မှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပြခဲ့ပါ
တယ်။ အကြောင်းစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗွီအိုအေ
သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

သူ့အနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးခြင်းကို မခံနိုင်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့
အကြောင်း အခုလိုပြောပါတယ်။

"မတရားဖမ်းဆီးခံရတဲ့ သူတွေဘက်ကနေပြီး လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ
တယောက်ကို ဥပဒေနဲ့မညီတဲ့ မတရားဖမ်းဆီးဖို့၊ မတရားထောင်ချဖို့ ပြုလုပ်တဲ့အတွက်
ကျနော့်အနေနဲ့ လုံးဝလက်ခံနိုင်ခြင်း မရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာခြင်း
ဖြစ်ပါတယ်။"

ရှေ့နေ ၂ ဦးဖြစ်တဲ့ ကိုစောကျော်ကျော်မင်းနဲ့ ကိုညီညီထွေးတို့ ၂ ဦးဟာ မြောက်ပိုင်း
ခရိုင် လှိုင်သာယာမြို့နယ် တရားရုံးမှာ ကိုသန့်ဇင်ဦး အပါအဝင် ၁၁ ဦးရဲ့အမှုကို လိုက်ပါ
ဆောင်ရွက်ရင်း သူတို့ရဲ့အမှုသည်များက တရားရုံးကို ကျောပေးထိုင်ခဲ့တဲ့ကိစ္စနဲ့
ပတ်သက်ပြီး ရှေ့နေတွေကို ဖျောင်းဖျပေးဖို့ ပြောခဲ့ရာက သူတို့ကိုပါ တရားစွဲဆိုဖို့
လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"တရားခံတွေ၊ စွပ်စွဲခံရသူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်
တယ်။ အဲဒီအတွက် စွပ်စွဲခံရသူတွေကိုယ်တိုင် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး
ကျနော်တို့အနေနဲ့ ဘာမှ ဝင်ရောက်စွက်ဖက် ပြောဆိုလိုခြင်း မရှိဘူးလို့ ပြောလိုက်
တယ်။ အဲဒီဟာတွေကို အခြေခံပြီး မြောက်ပိုင်းခရိုင်တရားရုံး၊ လှိုင်သာယာမြို့နယ်
တရားသူကြီးက ကျနော်တို့ကို ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုပါတယ်။"

နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအနေနဲ့ အခက်အခဲရှိပုံ
တွေကိုလည်း ဆက်ပြောသွားပါတယ်။

"ကျနော် လိုက်ပါဆောင်ရွက်ခဲ့တုန်းကဆိုရင် အမှုသည်တွေကို ဒီရှေ့နေတွေ ငှားရမ်းတဲ့
အတွက် ဘာ့ကြောင့်ငှားရမ်းတာလဲ၊ ဘာအဆက်အသွယ်နဲ့ ငှားရမ်းတာလဲဆိုတဲ့ မိသား
စုတွေ၊ အကျဉ်းသားတွေကို ဖိအားပေးခံရတယ်။ ကိုယ်စားလှယ်လွှဲစာ ရရှိဖို့အတွက်
ထောင်မှာသွားပြီးတော့ ကိုယ်စားလှယ်လွှဲစာ သွားတင်ရတယ်၊ ထောင်မှာသွားပြီး
လက်မှတ်ထိုးယူရတယ်။

"ယူတဲ့အခါမှာ တခြားအမှုတွေလို မဟုတ်ဘဲနဲ့ နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်တဲ့
အတွက် စာကို ညွှန်ကြားရေးမှူးချုပ် တင်ပေးရမှာမို့လို့ဆိုပြီး အချိန်မကြန့်ကြာသင့်ဘဲ
ကြန့်ကြာရတယ်။ တခါတလေ ၇ ရက်၊ ၈ ရက်၊ ၁၀ ရက်လောက်အထိကြာတယ်။ အဲလို
အနေအထားမျိုးတွေ ဖြစ်ပါတယ်။

"နောက်တခုက တရားရုံးတွေကလည်း နိုင်ငံရေးအမှုတွေနဲ့ပတ်သက်ပြီး ရုံးချိန်းအတိ
အကျမပေးဘူး။ ရုံးချိန်းတယ်၊ ဒါပေမယ့် အချိန်အတိအကျ မပေးဘူး။ မပေးတဲ့အခါကြ
တော့ ရှေ့နေတွေက အဲဒီတရားခွင်ကိုရောက်ပြီး သတင်းပို့ထားပေမယ့် အချိန်အတိ
အကျ မရှိတဲ့အတွက်၊ ဘယ်အချိန်မှ သက်သေလာမှန်း မသိတဲ့အတွက် တနေကုန်
ထိုင်စောင့်ရတာတွေ ရှိတယ်။"

အခုဆိုရင် နိုင်ငံရေးသမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့၊ တရားမျှတစွာ
ဥပဒေကြောင်းအရ လျှောက်လဲချက်ပေးနေတဲ့ ရှေ့နေကြီးတွေကိုတောင်မှ ဖမ်းဆီး
ထောင်ချ နယ်ပြောင်းနေတာတွေ လုပ်နေတဲ့အတွက် ရှေ့ဆက်ပြီး လိုက်ပါဆောင်ရွက်
ပေးမယ့် ရှေ့နေတွေရဲ့ အလားအလာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

"နိုင်ငံရေးသမားတွေကို ယုံကြည်တဲ့၊ လေးစားတဲ့စိတ်ဓာတ်နဲ့ ရှေ့နေရှေ့ရပ်တွေက
တော့ လိုက်ပါဆောင်ရွက်နေဆဲပဲဆိုတာ ကျနော် သိရပါတယ်။"

ကိုစောကျော်ကျော်မင်းဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၆ လ
အပြစ်ပေးခြင်း ခံခဲ့ရပေမယ့် သူဟာ အဖမ်းအဆီးမခံဘဲ တိမ်းရှောင်နေရာက
ထိုင်း-မြန်မာနယ်စပ်ကို မကြာသေးခင်ကပဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG