သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ နိုင်ငံရေးစွမ်းရည် မြင့်မားရေး အားပေးဆု ချီးမြှင့်


မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးအတွက် တက်တက်
ကြွကြွ လှုပ်ရှားနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ကို အမေရိကန်
ပြည်ထောင်စုက ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့
National Democratic Institute (NDI) က ဆုချီးမြှင့်လိုက်ပါတယ်။ အမေရိကန်
ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲအကြောင်း မေးမြန်းထားတာ
တွေကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။

အခု ဆုချီးမြှင့်တဲ့ NDI ဟာ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း ကေ
အောလ်ဘရိုက် (Madeleine K Albright)
ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့
ဒီမိုကရက်ပါတီရဲ့ အဖွဲ့အစည်းတခု ဖြစ်ပါ
တယ်။ အခုကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်း
အနားကိုလည်း ဝန်ကြီးဟောင်း
အောလ်ဘရိုက်ကိုယ်တိုင် တက်ရောက်
ချီးမြှင့်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးနဲ့
ပတ်သက်ပြီး အမြဲတမ်း ကူညီအားပေး
ထောက်ပံ့မှုတွေ ပေးနေတဲ့ ဒီအဖွဲ့က မြန်မာ့ဒီမိုကရေစီရေး တက်တက်ကြွကြွ လှုပ်ရှား
နေတဲ့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ကို ဒီနှစ်အတွက် ၄ ကြိမ်မြောက်
နှစ်ပတ်လည် မက်ဒလင်း ကေ အောလ်ဘရိုက်ဆုကို ချီးမြှင့်ခဲ့တာပါ။ ဆုပေးပွဲအခမ်း
အနားကို တက်ရောက်ဆုယူခဲ့တဲ့ WLB နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး ပညာပေး
တာဝန်ခံ မသင်းသင်းအောင်ကတော့ သူတို့အဖွဲ့ချုပ်အနေနဲ့ ဘာကြောင့် ဆုလက်ခံ
ရရှိခဲ့ရတယ်ဆိုတာ အခုလိုပြောပြပါတယ်။

"WLB ကနေ program တခု လုပ်နေတာရှိတယ်။ အဲဒါက မြန်မာနိုင်ငံက တိုင်းရင်းသူ
အမျိုးသမီးငယ်တွေကို နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေးသင်တန်းတွေ လုပ်တယ်။
သူတို့ကို နိုင်ငံရေးထဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဆက်လုပ်သွားနိုင်အောင်
စွမ်းရည်မြှင့်သင်တန်းတွေ လုပ်တာပေါ့။ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး NDI က
အားပေးတဲ့အနေနဲ့ ပေးတာပေါ့။ အဲဒီသင်တန်းက မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို
နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်နိုင်ဖို့အတွက် ပြင်ဆင်တဲ့
လုပ်ငန်းအနေနဲ့၊ အသိအမှတ်ပြုတဲ့အနေနဲ့ ဒီနေရာက ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။
အဲဒီဆုက ဒေါ်လာ ၂၅,၀၀၀ ပါတယ်။ အဲဒီဒေါ်လာ ၂၅,၀၀၀ ကို ချီးမြှင့်တာပါ။"

လက်ခံရရှိတဲ့ ဆုကြေးငွေတွေကို အမျိုးသမီးတွေအရေးအတွက် ဘယ်လို ဆက်လက်
သုံးစွဲသွားမယ်ဆိုတာကိုလည်း ခုလို ရှင်းပြပါတယ်။

"WLB အနေနဲ့ ထိုင်းနိုင်ငံမှာ ၆ လကြာ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းတခု လုပ်နေတာ
ရှိပါတယ်။ အဲဒီမှာ ကျမတို့အဖွဲ့ဝင်တွေဖြစ်တဲ့ တိုင်းရင်းသူပေါင်းစုံထဲက ၁၄ ယောက်
တက်နေတယ်။ ပြီးရင် သူတို့က သူတို့အရပ်ဒေသကို ပြန်သွားမယ်။ တချို့က ပြည်တွင်း
ကိုပြန်မယ်၊ တချို့က နယ်စပ်ဒေသကိုပြန်မယ်။ အဲဒီမှာ နောက်ဆက်တွဲ သူတို့ရဲ့
community ထဲက၊ ကိုယ့်လူမျိုးထဲက အမျိုးသမီးတွေကို ပြန်ပြီး နှစ်ပတ်ကြာ သင်တန်း
လေးတွေ ဆက်ပေးလိမ့်မယ်။ အဲဒီသင်တန်းတွေဆက်ပေးမယ့် ကုန်ကျစရိတ်ကို
ဒီပိုက်ဆံထဲက အားလုံးသုံးသွားမှာ ဖြစ်ပါတယ်။"

ဒီကနေ့ဆုပေးပွဲမှာ မြန်မာအမျိုးသမီးများ အဖွဲ့ချုပ်အပြင် တောင်အာဖရိကနိုင်ငံက
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒက်စ်မွန်တူးတူး (Desmond Tutu) လည်း မြန်မာ့ဒီမို
ကရေစီရေး အပါအဝင် နိုင်ငံတကာက ဒီမိုကရေစီရေးတွေကို တက်တက်ကြွကြွ
လှုပ်ရှားဆောင်ရွက်ခဲ့မှုတွေကြောင့် ၁၈ ကြိမ်မြောက် W Averell Harriman ဒီမိုကရေစီ
ဆုကို လက်ခံရရှိခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး နောက်တက်လာမယ့်
အမေရိကန် အစိုးရသစ်အနေနဲ့ ပိုပြီးလုပ်ဆောင်ပေးဖို့ကိုလည်း မသင်းသင်းအောင်က
ခုလို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

"အခု မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်း စစ်အစိုးရလက်အောက်မှာ အားလုံး
လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး နိုင်ငံရေးလှုပ်ရှားတဲ့လူတွေဆိုရင်လည်း ကြီးလေးတဲ့
ပြစ်ဒဏ်တွေ ပေးခံနေရတယ်။ အဲဒီအနေအထားမှာ အခု မစ္စတာအိုဘားမားရဲ့ ဒီမို
ကရက်ပါတီက ဦးဆောင်မယ့် အစိုးရအသစ်အနေနဲ့လည်း ဆက်ပြီးတော့ မြန်မာနိုင်ငံ
မှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့အရေးကို ဦးဆောင်ပြီး နိုင်ငံတကာက ဖိအားတွေ
ဆက်ပြီးလုပ်ဆောင်သွားဖို့ရယ်၊ အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီးဖိအားတွေပေးဖို့
တိုက်တွန်းထားတာရှိတယ်။

"အဲဒါအပြင် တချို့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ အိမ်နီးချင်း၊ အထူးသဖြင့် တရုတ်
တို့၊ အိန္ဒိယတို့၊ အာဆီယံနိုင်ငံတွေပေါ့၊ ဒီနိုင်ငံတွေကိုလည်း စည်းရုံးသိမ်းသွင်းပြီး ပိုပြီး
တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ တကယ် ထိရောက်အားရှိတဲ့ ဆုံးဖြတ်ချက်
တခု မြန်မာနိုင်ငံအတွက်ချမှတ်ဖို့ ဆက်လုပ်သွားပါဆိုတာ ကျမ တိုက်တွန်းခဲ့ပါတယ်။"

မသင်းသင်းအောင်ဟာ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ကို စတင်
ထူထောင်ခဲ့သူ အမျိုးသမီးတွေထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။

WLB ကို ၁၉၉၉ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံက
တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ပေါင်း ၁၂ ဖွဲ့ပါဝင်တဲ့ အဖွဲ့ချုပ်ကြီးဖြစ်ပါတယ်။ မြန်မာ့ဒီမို
ကရေစီအရေးနဲ့ အမျိုးသမီးတွေရဲ့ အရေးတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုတွေ
ကြောင့် အခုဆိုရင် WLB အနေနဲ့ နိုင်ငံတကာကချီးမြှင့်တဲ့ ဆု ၃ ဆုကို လက်ခံရရှိပြီး
ဖြစ်ပါတယ်။

ဒီကနေ့ ဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စုက လွှတ်တော်အမတ်တွေ
အပါအဝင် အမေရိကန် နိုင်ငြံခားရေးဌာနက တာဝန်ရှိသူတွေ၊ မြန်မာ့အရေးနဲ့
ပတ်သက်ပြီး ရွေးကောက်ခံသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ လက်တွဲ
လုပ်ဆောင်မယ့် အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ အပါအဝင် ဧည့်သည်ပရိသတ်ပေါင်း ၈၀၀
လောက် တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG