သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဥပဒေရေးရာအဖွဲ့  မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာနိုင်ငံတွင်း တရားရေးစနစ်ကို စစ်အစိုးရက နိုင်ငံရေး ဖိနှိပ်မှုတွေအတွက် အသုံးချနေတာကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေး လွတ်လပ်မှုအတွက် အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းအနေနဲ့ ဥပဒေရေးရာ အဖွဲ့ စေလွှတ်ဖို့ အမေရိကန်အခြေစိုက် Human Right Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ကြီးက အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ကတော့ ဒီတောင်းဆိုချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ပ့ါမလား.. မြန်မာနိုင်ငံတွင်းနိုင်ငံရေးစနစ်မပြောင်းလဲပဲ တရားရေးစနစ်လွတ်လပ်ဖို့ဆိုတာ ဖြစ်ပါ့မလား.. ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံကနေ တနေ့ကပဲ ထိုင်းနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းရဲ့ ထွက်ချက်တွေနဲ့ အခြားသူတို့ရတဲ့ အခြေအနေတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုမရှိတဲ့အပေါ် အာဆီယံဆိုတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ဝင်ရောက်ကိုင်တွယ်ဖို့ အကြံပြုတာဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တောက်လျှောက် ဖမ်းဆီးထောင်ချခံနေရတဲ့ လှုပ်ရှားတတ်ကြွသူတွေအပေါ် တရားကြားနာမှုတွေ စီရင်မှုတွေကို စောင့်ကြည့် စစ်ဆေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံအသင်းကြီးအနေနဲ့ မကြာခင်ကပဲ အာဆီယံပဋိဉာဏ်စာတမ်းကို အတည်ပြုခဲ့နိုင်ပြီမို့ - အာဆီယံမှာ ဒီလို လုပ်နိုင်တဲ့ အတိုင်းအတာရှိတယ်လို့ Human Rights Watch မြန်မာရေးရာကျွမ်းကျင်သူ David Mathieson က ပြောပါတယ်။


အာဆီယံပဋိဉာဏ်စာချုပ်ထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လုပ်နိုင်ချေနည်းလမ်းအချို့ရှိပါတယ်။ အထူးသဖြင့် အာဆီယံလူ့အခွင့်အရေးအဖွဲ့ ဖွဲ့ဖို့ကိစ္စ ဒီသဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။ ဒီနေရာမှာ အာဆီယံအုပ်စုကြီးအတွက်ရော ဒီပဋိဉာဏ် စာချုပ်အတွက်ပါ မြန်မာနိုင်ငံကိစ္စဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ပါ။ ဒီတော့ စစ်အစိုးရက ပြောပြောနေတဲ့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေ ကာလမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို တရားရေး စနစ်သုံးပြီး ဖိနှိပ်နေတဲ့အပေါ် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေး ခြေလှမ်းတခုနဲ့ တုန့်ပြန်နိုင်ပါတယ်။

မကြာခင် ကာလတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တာနားကလည်း မြန်မာနိုင်ငံမှာ တရားရေးစနစ်ဆိုင်ရာ အပြောင်းအလဲတွေလုပ်ဖို့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ အကြံပြုတိုက်တွန်းပါတယ်။ အခုလို မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးရှေ့နေတွေကိုယ်တိုင် ထောင်တန်းကျ ထွက်ပြေးရတဲ့အခြေအနေဟာ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ သရုပ်သကန်ပဲလို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အာဆီယံတင်မဟုတ်ပဲနဲ့ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေကရော တစုံတရာ အရေးယူ ဖြေရှင်းပေးနိုင်မယ့် အလားအလာ ရှိပါသလား။ Mr.David Mathieson ကို မေးကြည့်ပါတယ်။


ဒီကိစ္စကလည်း ပြည်တွင်း ဥပဒေဆိုင်ရာ ကိစ္စတွေဖြစ်နေတာ့ နိုင်ငံတက ာအနေနဲ့ အများကြီးတော့ လုပ်မပေးနိုင်ပါဘူး။ နိုင်ငံတကာက အကောင်းဆုံးလုပ်နိုင်တာကတော့ အခု တရားရေးမမျှတတာတွေ အပြင်းအထန် တုန့်ပြန်ပြောဆိုဖို့လိုပါတယ်။ ပြည်တွင်းဥပဒေဆိုပေမယ့် ဒီဥပဒေတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်လို့ မရပါဘူး။ ဥပဒေတွေ တရားရေးစနစ်တွေကို နိုင်ငံရေး ဖိနှိပ်မှုအတွက် အသုံးချတာ မလုပ်သင့်ပါဘူး။

အခုလို လူ့အခွင့်အရေးအဖွဲ့ကြီးကနေ အာဆီယံကနေ ဥပဒေအဖွဲ့လွှတ်ဖို့ တိုက်တွန်းတဲ့အပေါ် မကြာခင်ကပဲ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာရတဲ့ လူ့အခွင့်အရေးရှေ့နေ ကိုစောကျော်ကျော်မင်းရဲ့ သဘောထားကိုမေးကြည့်ပါတယ်။

အာစီယံကနေ ဥပဒေအဖွဲ့ တဖွဲ့သွားမယ်ဆိုရင် ကောင်းပါတယ်။ အဲဒီ ဥပေဒအဖွဲ့ဟာ လွတ်လွတ်လပ်လပ်နဲ့ တရားရေးရာတွေကို ကြည့်ရှု စစ်ဆေးခွင့်ရမယ်ဆိုရင် ကောင်းပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက ဦးအောင်တိုးတို့အပါအဝင် တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့၊ တရားရေးအဖွဲ့တို့ဆီကို သွားပြီး တရားရေး လွတ်လပ်ခွင့်ရှိလာဖို့ ဖိအားပေးမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။

တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ဆီသွားရင် တရားစီရင်ရေးစနစ်က လွတ်လွတ်လပ်လပ်ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တမ်း တရားရေး စနစ်ကို အဓိက စွတ်ဖက်နေတာက အုပ်ချုပ်ရေး စနစ်က ဝင်ရောက်စွက်ဖက်နေတာဆိုတော့ အစိုးရကိုပဲ ပိုပြီး ဖိအားပေးရမယ်လို့ မြင်ပါတယ်။

အခုလို ကိုစောကျော်ကျော်မင်းတို့လို့ လူ့အခွင့်အရေး ရှေ့နေတွေတောင် တိန်းရှောင်ထွက်လာရတယ်ဆိုတော့ နောက်ပိုင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့သူတွေအတွက် ရှေ့နေ၊ ရှေ့ရပ်တွေရော ရှိနိုင်ပါဦးမလား။

တကယ်ပဲ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေကို လေးစားတယ်။ ကိုယ်ချင်းစားတဲ့ ရှေ့နေတွေ အနည်းအပါးတော့ ရှိပါသေးတယ်။ ဒါပေမယ့် ရှေ့နေအသစ်တွေက လိုက်ပါဆောင်ရွက်လိုတဲ့စိတ်တွေ မရှိတော့ဘူး အများကြီးပဲ နောက်ဆုတ်ကုန်တယ်ဆိုတာကတော့ ကျွန်တော် သိထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်းကပဲ လူ့အခွင့်အရေးရှေနေ့အချို့ တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ဖမ်းဆီးထောင်ချခံရပါတယ်။ ကိုစောကျော်ကျော်မင်းဟာလည်း ထောင်ဒဏ် ၆လ မျက်ကွယ် အမိန့်ချခံထားရပါတယ်။ ဒါကြောင့်လည်း သူဟာ မြန်မာနိုင်ငံမှာ နေလို့မဖြစ်တော့ပဲ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG