သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်


မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီရေးအပြောင်းအလဲတွေ လုပ်ချင်တဲ့ဆန္ဒရှိပုံမရဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို မနေ့က လုပ်ခဲ့တဲ့အတောအတွင်း မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ တနာရီကြာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ အဖွင့်နားမှာကိုပဲ မြန်မာနိုင်ငံ ကိစ္စကို မစ္စတာ ဘန်ကီမွန်းက ထည့်ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ ဟေတီနိုင်ငံတို့ အပါအဝင် ကမ္ဘာတဝန်းက သဘာ၀ ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေမှာ ကုလသမဂ္ဂက တုန့်ပြန် လုပ်ဆောင်ခဲ့တဲ့ အပေါ် သူ့အနေနဲ့ ကျေနပ်မိတဲ့အကြောင်း မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက တခြား အခြေအနေတွေ အပေါ်မှာတော့ သူ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်တဲ့။


“ဒီမိုကရေစီရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ပေးထားတဲ့ ကတိတွေကို မြန်မာအစိုးရက အကောင်အထည် ဖော်ချင်ပုံ မရတဲ့အပေါ် ကျနော် စိတ်ပျက်မိပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာအောင် မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စသည်ဖြင့် ဝိုင်းပြီး တိုက်တွန်းကြတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆက်တိုက်လို ထွက်ပေါ်ခဲ့ပါတယ်။ ဒီ့အပေါ် ကုလသမဂ္ဂဘက်က တုန့်ပြန်ချက် တွေကိုလည်း တောက်လျှောက်လို တွေ့ခဲ့ကြရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံကို ချက်ခြင်း လက်ငင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့တဲ့အတွက် ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်း တောင်းဆို သော်ငြား ထူးခြားမှုရှိမလာနိုင်တော့မယ့်ပုံပါပဲ။


မစ္စတာ ဘန်ကီမွန်းက တနာရီကြာ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ ကိစ္စကို အစပိုင်းမှာ အထူးအလေးထား ပြောကြားခဲ့တဲ့ အတွက် လာမယ့် ၂၀၀၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂရဲ့ ဦးစားပေး အရေးကိစ္စ တွေထဲမှာ ပါဝင်နေမယ်လို့ တော့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း များပြားလှတဲ့ ကမ္ဘာ့ရေးရာတွေအကြား၊ မြန်မာနိုင်ငံထက် ပိုပြီးဆိုးရွားတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အကြား မြန်မာ့အရေးကို ကုလသမဂ္ဂက ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်မှာလဲဆိုတဲ့အပေါ်မှာ တော့ မေးခွန်းတွေရှိနေဆဲပါ။


၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ပဋိပက္ခ အခြေအနေတွေ၊ အထူးအလေးထား ကိုယ်တွယ်ခဲ့ရ၊ ကိုင်တွယ်နေရဆဲ အခြေအနေ တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး ပြောသွားခဲ့ပါတယ်။ ဒီကိစ္စတွေဟာ ၂၀၀၉ ခုနှစ် မှာလည်း ကုလသမဂ္ဂက အထူးအလေးထားပြီး ဆက်ဆောင်ရွက် သွားမယ့် ကိစ္စတွေလို့ ယူဆနိုင်မှာပါ။ အဲဒါတွေထဲမှာ မြန်မာနိုင်ငံ ကိစ္စအပြင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အကြမ်းဖက်မှုတွေ ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း နှစ် ၆၀ ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာတဝန်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေးတဲ့ ကိစ္စ၊ ဆူဒန် နိုင်ငံ ဒါးဖောဒေသ ပဋိပက္ခ၊ စားနပ်ရိက္ခာ ဖူလုံဖို့ ကိစ္စ၊ ကိုဆိုဗိုအရေး၊ အရှေ့ အလယ်ပိုင်း အရေး၊ အီရတ်၊ ဇင်ဘာဘွေ၊ ဆိုမာလီယာ နဲ့ အာဖဂန်နစ္စတန်ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး အထူး အလေးထား ပြောသွားခဲ့ပါတယ်။


လာမယ့် ၂၀၀၉ ခုနှစ်မှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ၂၀၀၈ ခုနှစ်ထက် လျော့နည်းသွားစရာမရှိတဲ့အကြောင်းနဲ့ ၂၀၀၈ ခုနှစ်ဟာဖြင့် အကျပ်အတည်းမျိုးစုံတဲ့နှစ်ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG