သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသား ဥပဒေရပိုင်ခွင့် ဆုံးရှုံး


မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုရွှေမောင်အပါအဝင်လေးဦးကို
မန္တလေးမှာဖမ်း၊ အင်းစိန်မှာထောင်ချပြီးတဲ့နောက် ဖျာပုံထောင်ကို ပြောင်းရွှေ့ခဲ့ပါ
တယ်။ ဖျာပုံထောင်ရောက်သွားတဲ့ ကိုရွှေမောင်ကို မကြာသေးခင်ကမှ သွားတွေ့
ခဲ့တဲ့ ဇနီးဖြစ်သူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရွှေမောင်ဟာ မန္တလေးထောင်ကနေ ဒီနှစ် ဧပြီလမှာ ရန်ကုန်၊ အင်းစိန်ထောင်
ကိုပြောင်း၊ အဲဒီမှာ ခုနစ်လကြာပြီးတဲ့နောက်မှာမှ ထောင် ၈ နှစ်ချပြီး အခုတခါဖျာပုံ
ထောင်ကို ပြောင်းခံခဲ့ရတာပါ။ သူအပါအဝင်လေးဦးကို အင်းစိန်ထောင်ကနေ ဖျာပုံ
ထောင် ပြောင်းရွှေ့ခဲ့တဲ့နေ့က တလမ်းလုံး ဘာမှမစားရဘဲ သွားခဲ့ရတယ်လို့ သူ့ရဲ့
ဇနီးဖြစ်သူ မသန်းသန်းဝင်းက ပြောပြပါတယ်။

“အင်းစိန်ထောင်ကနေ ဖျာပုံထောင်ကို ၁ ရက်နေ့ကနေ သင်္ဘောနဲ့ ည သူတို့ခေါ်
သွားတယ်တဲ့။ ဟိုမှာ ဖျာပုံထောင်ကို ၂ ရက်နေ့မှာ ရောက်တယ်တဲ့။ လမ်းမှာ

သူတို့ ဘာမှလည်း မစားရဘူးတဲ့။ ဒီအတိုင်း တင်လွှတ်လိုက်တာတဲ့။ သူတို့ လုံခြုံ
ရေးနဲ့ပေ့ါ။ လုံခြုံရေးတွေကိုလည်း ဘာမှမကျွေးလိုက်ဘူးဆိုတော့ လုံခြုံရေးတွေက
လည်း ဘာမှ မတတ်နိုင်ဘူးတဲ့။”

ကိုရွှေမောင်နဲ့အတူ ဖျာပုံထောင်ကို ပြောင်းရွှေ့ခံခဲ့ရသူတွေကတော့ ကိုဇော်ဝင်း၊
ကိုဝဏ္ဏအောင်နဲ့ ဦးပဉ္ဇင်း ဦးသုမန၊ လူအမည် ဦးမင်းသက်တို့ဖြစ်ပါတယ်။ အဖမ်း
ခံရပြီးကတည်းက ထောင်သာကျသွား၊ ထောင်သုံးခုသာ ပြောင်းသွားတယ်၊
ကိုရွှေမောင်ကို ဘာပုဒ်မနဲ့ထောင်ချတယ်၊ သူကျူးလွန်တဲ့အပြစ်က ဘာတွေ
ဆိုတာကို ကာယကံရှင် ဇနီးသည်အနေနဲ့ တရားဝင်ဝင် တိတိကျကျ ဘာမှမသိရ
ဘူးလို့ မသန်းသန်းဝင်းက ပြောပါတယ်။

“ခုချိန်ထိ ကျမတို့ကို စာရွက်လည်း ထုတ်မပေးသေးဘူး။ သူ့ကိုတော့ ပုဒ်မ (၅၀၅)
လို့တော့ ကျမကြားတာပဲ။ ပုဒ်မ (၅၀၅) က သုံးမှုတဲ့။ ပုဒ်မ (၃၄၅) လား ဘာလဲ
မသိဘူး။ သံဃာကို အကြည်ညိုပျက်စေမှုဆိုပြီး အဲဒါက တမှုတဲ့။ သူတို့ကို
လေးမှုနဲ့ ထောင် ၈ နှစ်ချတယ်တဲ့။ ကျမ အဲဒီလိုပဲသိရတယ်။ ကျမ အခု သူတို့ အဲဒီ
အမှုရဲ့ စာရွက်တွေ သွားထုတ်တော့လည်း မရသေးဘူး။ အဲဒီလိုပဲ ဖြေလိုက်တာ
ထောင်က။ တရားဥပဒေအရ ကျမတို့မှာ ဘာမှ ခုခံခွင့်မရှိတာကို ကျမရင်ထဲမှာ
ခံစားရတာပေါ့နော်။ ဘာမှ ခုခံခွင့်လည်းမရှိဘူး။ ကျမတို့ဘက်က ရှေ့နေထားခွင့်
လည်း ကျမတို့မှာ မရလိုက်ဘူးလေ။ ဒီအတိုင်းပဲ တရားမဲ့ကြီးကို ထောင်ချလိုက်
တာပဲ။ ပြီးတော့ ကိုရွှေမောင်နဲ့ပါသွားတဲ့ ပိုက်ဆံတွေလည်း ကျမ ပြန်မရဘူး။ အဲဒါ
တွေကိုပါ သူတို့ ခုချိန်ထိ ယူထားတာပဲ။”

မန္တလေးကနေ ဖျာပုံကိုသွားမယ်ဆိုရင် အရင်ဆုံး ရန်ကုန်ကိုသွား၊ အဲဒီကနေမှ ကား
နှစ်ဆင့်ထပ်စီးပြီး ဖျာပုံထောင်ထိအရောက် စုစုပေါင်း မိုင် ၅၀၀ ကျော်ခရီးကို သွား
ရတာပါ။ ဒါပေမယ့်လည်း မသန်းသန်းဝင်းကတော့ ခင်ပွန်းဖြစ်သူကို ဘယ်လို
အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရောက်အောင် သွားတွေ့နေမှာပါလို့ ပြောပါတယ်။

“ကြိုးစားရမှာပေါ့။ ကိုယ့်ယောက်ျားတယောက် ဘယ်လိုပဲ ပြန်ပြီးတော့ လွှတ်ပဲ
ပေးပေး၊ ပြန်မလွှတ်ဘဲနဲ့ပဲ ထားထား ကျမကတော့ ကြိုးစားပြီး သွားတွေ့ရမှာပဲ
သူ့ကို၊ သူကတော့ ဘာမှမပြောပါဘူး။ ငါ့မိန်းမတဲ့။ လာရတာ တော်တော်ဝေးတယ်
တဲ့။ ကလေးလေးနဲ့ လာရတာဆိုတော့ စိတ်မကောင်းဘူးတဲ့။ အရင်လို တလ
တခေါက် မလာပါနဲ့တဲ့။ ကလေးကိုလည်း သနားလို့ပါတဲ့။ ကလေး ငယ်ငယ်လေး
နဲ့ဆိုတော့။ နှစ်လနေမှ တခေါက်လောက်လာခဲ့ပါတဲ့။ သူကတော့ အဲဒီလို ပြောတာ
ပေါ့။ ကျမ သူ့ကို စိတ်မချဘူးပေါ့နော်။ မတတ်နိုင်ဘူးပေါ့။ တလတခေါက်လောက်
သွားနိုင်အောင် ကျမ ကြိုးစားရမှာပေါ့။”

ဖျာပုံထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ဇနီး
ဖြစ်သူ မသန်းသန်းဝင်း ပြောသွားတာပါ။

ကိုရွှေမောင်တို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီး
ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလတွေက ဖမ်းဆီးထားခဲ့သူတွေကို ပြီးခဲ့တဲ့သီတင်းပတ်
တွေအတွင်း ထောင်ဒဏ်နှစ်ရှည်တွေချ၊ မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို
ပြောင်း လုပ်ခဲ့တဲ့ထဲမှာ ကိုရွှေမောင်တို့လည်း အပါအဝင်ပါ။

အဲဒီလို ထောင်ချ ထောင်ပြောင်းတာတွေ မလုပ်ဖို့၊ လက်ရှိ ဖမ်းထားပြီးသားလူတွေ
ကိုလည်း ပြန်လွှတ်ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပေမယ့် မြန်မာစစ်အစိုးရကတော့
ဆက်ပြီး အန်တုနေဆဲပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား
တွေ ပြန်လွတ်လာဖို့ရာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်
ဆောင်မှရမယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ထွက်ပေါ်နေကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG