သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချေးငွေကြောင့် ကားကုမ္မဏီတွေ ရေတို ဆက်ရပ်တည်နိုင်မည်


ဒေဝါလီခံရမယ့် အရေး က General Motors နဲ့ Chrysler ကုမ္ပဏီကြီးတွေ ကို အနည်းဆုံး ၂ လ တော့ ဆက်လက် ရပ်တည်နိုင်အောင်၊ ဘုရှ်အစိုးရ က ဒေါ်လာ သန်း ၁၃,၀၀၀ ချေးပါမယ်။ ဗွီအိုအေ သတင်းထောက် Barry Wood သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ချေးငွေ အစီအစဉ်ကြောင့် ဒေဝါလီခံရမယ့်အရေး က ကာကွယ်ပေးပါလိမ့်မယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။ အဲဒီလို ဒေဝါလီခံရရင်၊ စီးပွားရေး အရ ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်လိမ့်မယ်လို့လည်း ဘုရှ် က ပြောပါတယ်။

အောက်တိုဘာလ နဲ့ နိုဝင်ဘာလ တွေ မှာ ကားရောင်းရတာ ထိုးကျသွားပြီးတဲ့နောက် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ မှာ ငွေပြတ်သွားခဲ့ပါတယ်။ ကားဝယ်မယ့်သူတွေ က စီးပွားရေးအရ သတိကြီးကြီး ထားလာလို့ ဒါမှမဟုတ် ဝယ်စရာ ပိုက်ဆံချေးမရနိုင်လို့လည်း အဲဒီလို ကားအရောင်း က ထိုးကျသွားရတာပါ။ ဒီနှစ်မှာ အမေရိကန် မှာ ကားရောင်းရတာ က ၂၅% ကျသွားပါတယ်။ နှစ်ပေါင်း ၂၈ နှစ်တွင်း အဆိုးရွားဆုံး အရောင်းကျတာပါ။

ချေးငွေ မရှိရင်၊ ကုမ္ပဏီကြီး ၂ ခုလုံး ဆက်ရပ်တည်နိုင်လိမ့်မယ် မဟုတ်ဘူး လို့ နယူးယောက်မြို့ မှာ ရှိတဲ့ Standard and Poor ကုမ္ပဏီကြီး က ပိုင်းခြားသုံးသပ်သူ ရောဘတ် ချုစ် (Robert Schultz) က ပြောပါတယ်။

“ကျွန်တော်တို့ ရဲ့ အမြင်မှာတော့၊ ဒီ အစီအစဉ်ကြောင့် ၂၀၀၉ ခုနှစ်ထဲကို ဒီ ကုမ္ပဏီကြီးတွေ ဆက်သွားနိုင်လာပါတယ်။ လုပ်ငန်း ပြန်ကောင်းအောင်လုပ်နိုင်မယ့် သူတို့ ရဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး၊ ရှေ့နှစ်မှာ လွှတ်တော် နဲ့ ကုမ္ပဏီကြီးတွေကြား ပို ဆွေးနွေး ပြောဆိုလာနိုင်ပါလိမ့်မယ်။ ၂၀၀၉ တစ်နှစ်လုံး ဆက်ရပ်တည်နိုင်လောက်အောင်တော့ ဒီ ချေးငွေ က မလုံလောက်တာ သေချာပါတယ်။ ဒါပေမယ့် ချေးငွေကြောင့် အစိုးရ အသစ်၊ လွှတ်တော်အသစ် ဖြစ်လာမယ့် နောက်နှစ်ထဲအထိ သူတို့ ဆက်သွားနိုင်လာပါတယ်။”

ချုစ် က Marketwatch.com ကို ပြောခဲ့တာပါ။ လွှတ်တော် က အတည်ပြုထားပြီး ဖြစ်တဲ့ ငွေကြေး အကျပ်အတည်း ကယ်တင်ရေး ဒေါ်လာ သန်းပေါင်း ၇ သိန်း အစီအစဉ် ထဲ က နေ ကားကုမ္ပဏီတွေ ကို ချေးမယ့် ချေးငွေ ကို ဘုရှ် အစိုးရ က ချေးယူခဲ့တာပါ။ အဲဒီ ငွေ က ၂ ရစ်ခွဲပြီး၊ ကားထုတ်လုပ်သူတွေ ဆီလာပါမယ်။

နောက်အရစ် အတွက် ချေးငွေ က ဒေါ်လာ သန်းပေါင်း ၄၀၀၀ ဖြစ်ပြီး၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း မှာ ရရှိမှာဖြစ်ပါတယ်။ အဲဒီလို ချေးတာ က ဘုရှ်အစိုးရ ရဲ့ ရီပါဘလီကန် ပါတီတွင်း မှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ စီမံအုပ်ချုပ်နေသူတွေ ကကော၊ အလုပ်လုပ်သူတွေ ကပါ အတူအမျှ စွန့်လွှတ်ကြဖို့ ချေးငွေသဘောတူညီချက် မှာ ပြဌာန်းထားခဲ့ပါတယ်။ အဲဒီ ပြဌာန်းချက် က တက်လာမယ့် အိုဘားမား အစိုးရ လက်ထက်မှာ ပြောင်းလဲသွားနိုင်ပါတယ်။ ငွေချေးရာမှာ လိုက်နာရမယ့် သတ်မှတ်ချက်တွေ က မမျှတဘူး။ ပြောင်းသင့်တယ် လို့ အလုပ်သမား သမဂ္ဂ္ဂ က ပြောထားပြီးပါပြီ။

သမ္မတ ဘုရှ် က ဒေဝါလီခံရကိန်း ရှိနိုင်တယ်လို့ ပြောလိုက်တဲ့အခါတုန်း က General Motors ကုမ္ပဏီ ရဲ့ အစုရှယ်ယာ ဈေးနှုန်း က ၁၅% ကျသွားခဲ့ပြီး၊ သောကြာနေ့ မှာတော့ ၂၀% ကျော် ပြန်တက်လာပါတယ်။ ဘယ်လိုပဲဖြစ်စေ၊ General Motors နဲ့ Ford ကုမ္ပဏီတွေ ရဲ့ စတော့ ဈေးနှုန်း က လွန်ခဲ့တဲ့ နှစ်မှာ ၈၀% ကျော် ကျနေခဲ့ပြီးဖြစ်ပါတယ်။

ကားထုတ်လုပ်သူတွေ ကို ကယ်တင်မယ့် အစီအစဉ် ကြေညာပြီးတဲ့နောက်၊ ဝေါစထရိ စတော့ဈေးတွေ က ထိုးတက်သွားပြီး နောက်ပိုင်းမှာ ပြန်ကျသွားပြန်ပါတယ်။ Dow Jones Industrials က ဝ.၃% ကျသွားပါတယ်။

နယူးယောက် မှာ ရေနံစိမ်း တစ်စည် ကို ၃၄ ဒေါ်လာ နဲ့ သောကြာနေ့ က ဈေးပိတ်ခဲ့ပါတယ်။ ၄ နှစ်ခွဲအတွင်း အနိမ့်ဆုံးဈေးပါ။ ဇူလိုင်လတုန်း က ရေနံစိမ်းဈေး က အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီ အမြင့်ဆုံးဈေးကနေ ဆီဈေးတွေ က ၇၀% ကျော် ထိုးကျလာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG