သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီနီ အာဏာသိမ်းအစိုးရကို အမေရိကန် အသိအမှတ်မပြု


ဂီနီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပေါ်ထွက်လာမယ့် အစိုးရမျိုးကို အမေရိကန်
ပြည်ထောင်စုက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အနောက်
အာဖရိကက ဂီနီနိုင်ငံအနေနဲ့ ဒီမိုကရေစီရေးကို ရှေ့ရှုဆောင်ရွက်တာမျိုးသာ အမေ
ရိကန်ပြည်ထောင်စုက တွေ့မြင်လိုတဲ့ဆန္ဒရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဌာနက မနေ့က ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလပ်စ်
(David Gollust) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းပေးပို့ထားတာကို
ဒေါ်ခင်စိုးဝင်းက စုစည်းတင်ပြထားပါတယ်။

ဂီနီနိုင်ငံရဲ့မြို့တော် ကော်နာကရီက အခြေအနေကတော့ သိပ်ပြီးရှင်းရှင်းလင်းလင်း
မရှိတာကြောင့် အဲဒီမှာ စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်းကို အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်မပြုနိုင်ပါဘူး။ စစ်တပ်က လက်ရှိအစိုးရကို ဖြုတ်ချ
ပြီး ပေါ်ထွက်လာမယ့် အစိုးရမျိုးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အသိအမှတ်ပြုဖို့
ကိုလည်း မမျှော်မှန်းသင့်ဘူးလို့ ပြောနေကြပါတယ်။

သဘာဝဓာတ်သတ္တုတွေ ပေါကြွယ်ဝတဲ့ ဂီနီနိုင်ငံမှာ သမ္မတ လွန်ဆာနာ ကွန်တေး
(Lansana Conte) ကွယ်လွန်သွားပြီလို့ ကြေညာပြီးနောက်ပိုင်း အင်္ဂါနေ့မနက် အစော
ပိုင်း စစ်တပ်က အရာရှိတွေက အာဏာသိမ်းလိုက်ပြီလို့ ပြောဆိုနေကြပါတယ်။ ၁၉၈၄
ခုနှစ်က အာဏာသိမ်းပြီးကတည်းက သမ္မတ လွန်ဆာနာ ကွန်တေး နိုင်ငံကို အာဏာ
ရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ရွေးကောက်ပွဲမှာလည်း ၅ နှစ်
သမ္မတသက်တမ်းရဲ့ သုံးကြိမ်မြောက်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ
ရွေးကောက်ပွဲတွေကို အတိုက်အခံပါတီတွေက သပိတ်မှောက်ခဲ့ကြပြီး မစ္စတာကွန်တေး
က မဲအရေအတွက် ၉၅% နဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

ကော်နာကရီ (Conakry) မြို့မှာရှိတဲ့ အမေရိကန်သံတမန်တွေရဲ့ အဆိုအရ မြို့တော်ဟာ
တိတ်ဆိတ်အေးချမ်းနေပြီး နိုင်ငံရေးအခြေအနေကတော့ တည်ငြိမ်မှုမရှိတဲ့သဘော
ဆောင်နေပါတယ်။ သမ္မတကွန်တေး ကွယ်လွန်တဲ့အတွက် အမေရိကန်ပြည်ထောင်စု
က ဝမ်းနည်းကြောင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မျှော်လင့်နေတဲ့
အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean
McCormack) က အခုလိုပြောပါတယ်။

“အသွင်ကူးပြောင်းရေးအတွက် ဂီနီနိုင်ငံမှာ ပိုပြီး
ဒီမိုကရေစီကျတဲ့ အစိုးရတရပ် ဖွဲ့စည်းတာကို
ကျနော်တို့ တွေ့လိုပါတယ်။ ဒီလို အသွင်
ကူးပြောင်းရေး အထမြောက်အောင် အတူတကွ
ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော်တို့ ပြင်ဆင်
ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခိုက်အတန့်မှာ
နိုင်ငံရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို
ဂဃနဏ သိရမှ ဘယ်လိုကိုင်တွယ်ဖို့ လိုသလဲ
ဆိုတာ သိရမှာပါ။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်
မယ့် အစိုးရတရပ် ပေါ်ထွန်းရေးကို ဦးတည်နိုင်ဖို့
ဆိုရင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို
ချက်ချင်းလုပ်ကြဖို့လည်း လိုပါတယ်။”

အမေရိကန်ပြည်ထောင်စုက ဂီနီနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဒေသ
တွင်းနိုင်ငံတွေနဲ့ တိုင်ပင်ညှိနှိုင်းနေတဲ့အကြောင်း၊ အာဏာလွှဲပြောင်းရေး အသွင်
ကူးပြောင်းတဲ့ ကြားကာလမှာ အဆင်ချောလေ့မရှိတဲ့ ဒေသမှာ ငြိမ်းချမ်းရေးကို ငံ့လင့်
နေကြတဲ့ ဂီနီပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေပါတယ်လို့
အိမ်ဖြူတော်ပြောခွင့်ရသူကလည်း ပြောဆိုလိုက်ပါသေးတယ်။

နိုင်ငံတနိုင်ငံရဲ့ အတိတ်ကာလ အခြေအနေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ စစ်တပ်က အာဏာ
သိမ်းတာကိုတော့ အမေရိကန်ပြည်ထောင်စုက ထောက်ခံမှာမဟုတ်ဘူးဆိုတဲ့ အရှည်
သဖြင့် စွဲကိုင်ထားတဲ့ ရပ်တည်ချက်ကို ကိုးကားပြီး အမေရိကန် အကြီးတန်းတာဝန်ခံ
တွေက ပြောဆိုနေကြတာပါ။

လွန်ခဲ့တဲ့ သြဂုတ်လက မော်ရီတေးရီးယားနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီး ဖွဲ့စည်းခဲ့တဲ့
အစိုးရကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်မပြုဘဲ အထိန်းသိမ်းခံသမ္မတ စီဒီ
မိုဟာမက် အဗ္ဗဒူလာ (Sidi Mohamed Abdallahi) ကို လွှတ်ပေးဖို့ ထပ်ခါတလဲလဲ
တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဂီနီနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို လုံခြုံရေးအခြေအနေတွေကို မျက်ခြည်
မပြတ် သတိကြီးစွာထားပြီး ဆန္ဒပြပွဲတွေကိုလည်း ရှောင်ရှားကြဖို့နဲ့ နိုးနိုးကြားကြားရှိ
စေဖို့ နှိုးဆော်ထားတယ်လို့ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလပ်စ်က နိုင်ငံခြား
ရေးဝန်ကြီးဌာနက သတင်းပေးပို့ထားပါတယ်။

အနောက်အာဖရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဆီနီဂေါနိုင်ငံ ဒါဂါမြို့ကနေ ဗွီအိုအေသတင်း
ထောက် စကော့ စတန်းစ် (Scott Stearns) သတင်းပေးပို့ထားတာကတော့ ပြင်သစ်
ကိုလိုနီဖြစ်ခဲ့တဲ့ ဂီနီနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တယ်လို့ ပြင်သစ်
လွှတ်တော် သဘာပတိ ဆွန်ပဲ (Sompare) က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း
ဂီနီစစ်တပ်နဲ့ ဖွဲ့စည်းပုံအရ အုပ်ချုပ်တာကို ထောက်ခံသူတွေအကြား စေ့စပ်ညှိနှိုင်း
နေကြတယ်လို့လည်း မစ္စတာဆွန်ပဲက ပြောပါတယ်။

ဂီနီစစ်တပ်ရဲ့ အာဏာသိမ်းခေါင်းဆောင် မူဆာ ကာမရာ (Moussa Camara)
ကတော့ …

“ဂီနီနိုင်ငံမှာ မစ္စတာကွန်တေးအစိုးရရဲ့ အုပ်ချုပ်မှုညံ့ဖျင်းလို့ စီးပွားရေး၊ လူမှုရေး
အထွေထွေ ချွတ်ခြုံကျနေတာကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတဲ့အကြောင်း၊
အရပ်သားနဲ့ စစ်တပ် ပူးတွဲကောင်စီဖွဲ့ပြီး နိုင်ငံရဲ့ လူမျိုးစုတွေ အချိုးညီညီ ချိန်ခွင်လျှာ
ညှိတဲ့အနေနဲ့ နောက်ထပ် ရွေးကောက်ပွဲ မကျင်းပမီ အုပ်ချုပ်သွားမှာဖြစ်တယ်” လို့
ပြောဆိုသွားပါတယ်။

လက်ရှိ ဂီနီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကွယ်လွန်ပြီး ရက် ၆၀ အတွင်း
မှာ သမ္မတရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲတွေ
ကို ရှေ့နှစ်မှာ ကျင်းပပေးဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ အနောက်အာဖရိကရောက်
ဗွီအိုအေသတင်းထောက် စကော့ စတန်းစ်က သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG