သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ အာဏာသိမ်း ဂီနီ စစ်ခေါင်းဆောင်များ ကတိပေး


ဂီနီ(Guinea)နိုင်ငံမှာ ကြာမြင့်စွာ အုပ်စိုးခဲ့တဲ့ သမ္မတ လွန်ဆာနာ ကွန်တေး (Lansana Conte) ကွယ်လွန်သွားပြီးနောက် စစ်တပ် ဦးဆောင်တဲ့ အဖွဲ့က အာဏာသိမ်းလိုက်ကြောင်း ကြေညာလိုက်လို့ ဂီနီ ကိစ္စ ဆွေးနွေးဖို့ အာဖရိက သမဂ္ဂ အရေးပေါ် အစည်းအဝေးပွဲ ကျင်းပနေပါပြီ။

ဂီနီစစ်တပ်က အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း မနေ့က ကြေညာလိုက်ပြီးနောက် ဒီနေ့ အာဖရိက သမဂ္ဂ အီသီယိုးပီးယား နိုင်ငံမြို့တော် အလစ်ဘာဘာမှာ ဆွေးနွေးတာပါ။ ဂီနီစစ်တပ်က ဗိုလ်ကြီး မူဆာ ကမရာ က အစိုးရ မီဒီယာများကနေ အဖွဲ့ဝင် ၃၂ဦးပါဝင်တဲ့ ကော်မတီက ဂီနီနိုင်ငံကို အုပ်ချုပ်သွားမယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး ရွေးကောက်ပွဲ ၂နှစ်အတွင်း ကျင်းပပေးသွားမယ်လို့ ဒီနေ့မှာ ထပ်မံ ကြေညာပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် အာမတ် တိုင်ဒန်း ဆိုရေး (Ahmed Tidiane Souare) လွှတ်တော် ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ကတော့ အရပ်သား အစိုးရသာလျှင် နိုင်ငံကို အုပ်ချုပ်နေဆဲလို့ ဆိုကြပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒယ်ရာ ကမရာ(Diarra Camara)က အာဏာသိမ်းမှု အောင်မြင်တယ်လို့ မထင်ဘူးလို့ ဗွီအိုအေကို ပြောပြပါတယ်။ နိုင်ငံရဲ့ အခြေအနေကတော့ မရှင်းလင်းသေးပါဘူး။

ဂီနီနိုင်ငံမှာ ဒီမိုကရေစီနည်းအရသာ အာဏာလွှဲပြောင်းပါလို့ ကုလသမဂ္ဂနဲ့ အမေရိကန်က ဦးဆောင်ပြီး အားလုံးက တောင်းဆိုထားပါတယ်။ လွတ်လပ်ရေး ရပြီးစ ၁၉၈၄ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဦးစီးချုပ်က သမ္မတ အဖြစ် အုပ်စိုးသွားတဲ့ လန်ဇနား ကွန်တီ ကွယ်လွန်သွားပြီးနောက် နိုင်ငံရဲ့ အခြေအနေ အခုလို ရှုတ်ထွေးလာတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG