သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ဘက်ငွေ တထောင်တန် အတုများ ထွက်ပေါ်နေ


ထိုင်းနိုင်ငံမှာ အခု လတ်တလော တထောင်တန် အတုတွေ ထွက်ပေါ်နေတဲ့အတွက် ထိုင်းနိုင်ငံအတွင်းမှာ သွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ထောင်တန်အတုနဲ့ မိမှာစိုးရိမ်စိတ်တွေ ဖြစ်ပေါ် နေကြပါတယ်။ ဒေသခံတွေကို ထောင်တန် အတုနဲ့ အစစ်ခွဲခြားနိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်နေကြပါပြီ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် အေးအေးမာက တင်ပြပေးပါတယ်။

ထိုင်းနိုင်ငံမှာ ထွက်နေတဲ့ ဘက် တထောင် အတု ပြဿနာ နဲ့ ပက်သက်ပြီး ထိုင်းနယ်စပ်မှာ အလုပ်လုပ်နေတဲ့ ဗမာတွေ အကြားမှာ အတုအစစ် ခွဲခြားနိုင်အောင် ဗဟုသုတတွေ မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်နေတဲ့သူ တဦး ပြောပြတာကတော့


“ကိုယ် ကိုင်လိုက်တဲ့ အချပ်ကလေးမှာပဲ အမြဲတမ်း ထိတွေ့နေတယ်ဆိုရင်တော့ ခွဲခြားလို့ ရတာပေါ့။ ကိုယ်က ရံဖန်ရံခါ ကိုင်တယ်ဆိုတော့ ဘယ်လိုမှ ခွဲခြားလို့ မတတ်ဘူး။ ကိုယ့်ထဲက သိတဲ့ သူတွေကို မေးရမြန်းရမှာပေ့ါ။ စက်ရုံသမား ဆိုရင်လည်း လခထုတ်တဲ့ အချိန်လေး ကိုင်တာပါ။ ကျန်တဲ့အချိန်မှာတော့ ထောင်တန် မကိုင်ပါဘူး။ ကိုယ်ကိုင်တာကတော့ အများဆုံး ၂ရွက်ပါပဲ။ ၂ရွက် ၃ ရွက်ပေမယ့်လည်း ပါနိုင်တာပဲလေ။”

ကုန်သည်တွေ ကြားမှာတော့ အရင်တုန်းကလည်း တထောင်တန် အတု ရှိခဲ့ဘူးတဲ့အတွက် အတွေ့အကြုံတွေ ရှိတယ်လို့ ဆိုပါတယ်။ ကုန်သည်တဦးပြောပြတာက

“အမြဲတမ်း ပိုက်ဆံကိုင်တဲ့သူက သတိရှိတယ်လေ။ အဲဒီ အများကြီးကြားထဲက အတုကို ဆွဲထုတ်နိုင်တယ်။ ကုန်သည်တွေ ပိုင်းမှာ ပြဿနာ မတက်ဘဲ၊ စားသုံးသူပိုင်းမှာ ပြဿနာတက်တယ်။

တထောင်တန်အတုနဲ့ အစစ်ဟာ နီးစပ်စွာတူနေတဲ့အတွက် ခွဲခြားရခက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ဈေးရောင်း ဈေးဝယ်သမားတွေကို ဘက်တထောင်တန်နဲ့ ငါးရာတန်တွေကို ယူတယ်ဆိုရင် မယူခင် စစ်ဆေးဖို့၊ မသင်္ကာ ဘူးဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားဖို့ နိုးဆော်နေပါတယ်။

အခုဆိုရင် ထိုင်းအစိုးရကလည်း တထောင်တန် အတုအစစ်တွေကို ခွဲခြားနိုင်ဖို့အတွက် နယ်မြေ အသီးသီးမှာ လူထု ပညာပေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် အစည်းအဝေးတွေ လုပ်နေပါတယ်။ လောလောဆယ်တော့ ထိုင်းနိုင်ငံမှာ ဘက်တထောင်အတုနဲ့ ဖမ်းမိတာကတော့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်း ဆရာဟောင်းတဦးနဲ့ စမုတ်ပရာဟန် နေရာက လူငယ်တဦးစီမှာ အများအပြား ဖမ်းဆီးရခဲ့ပါတယ်။ ဒီငွေတွေဟာ နယ်စပ်တွေအထိ ပြန့်နှံ့သွားပြီလို့လည်း အာဏာပိုင် တွေက ပြောနေပါတယ်။

တထောင်တန် အတု ပြဿနာဟာ ထိုင်းအစိုးရအသစ် တက်လာပြီးနောက်ပိုင်းမှာ ကမ္ဘောဒီးယားနယ်စပ်နဲ့ ချင်းမိုင်၊ ချင်းရိုင်ဘက်မှာ တွေ့ရှိလာရတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ်ကတော့ ဘန်ကောက်မြို့ ပါလီမန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ဒီကိစ္စဟာ ပြဿနာအဖြစ် မယူဆကြောင်း စုံစမ်းစစ်ဆေးပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူတို့အနေနဲ့ စီးပွားရေး မူဝါဒတွေကို စီမံချက် ချထားပြီး ဖြစ်တဲ့အတွက် ဒီကိစ္စမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်မယ်လို့ ပြောသွားပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘဏ်အတော်များများကတော့ ဘဏ်တွေမှာ သေချာစီစစ်ထားတဲ့အတွက် သူတို့ ဘဏ်က ထုတ်တဲ့ ဘက် တထောင်တန်တွေဟာ ခိုင်မာမှုရှိတယ်။ ပြည်သူတွေ အနေနဲ့ စိတ်ချစွာ သုံးစွဲနိုင်တယ်လို့ ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG