သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ခုခံချေပ


မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါ
တယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်တွင်း
ရေးကို စွက်ဖက်တာဆိုပြီး လက်မခံ ပယ်ချလိုက်ပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို အသိအမှတ်ပြုထားပြီး
ဒီအတွက် အကြံပြုချက်တွေနဲ့ တောင်းဆိုချက်တွေ အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်ကို မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ
ကြီးမှာ ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေ ၄၅ မဲတို့နဲ့ အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး
လုပ်ငန်းစဉ်တွေမှာ အတိုက်အခံတွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပြုဖို့ ကိစ္စတွေကို
ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ စစ်အစိုးရကို တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံ
စစ်အစိုးရ ကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြ
ပြီး နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးတာလို့ ယူဆခဲ့ပါတယ်။ မြန်မာစစ်အစိုးရ
အနေနဲ့ အရင်ချမှတ်ပြီးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုပဲ ဆက်လုပ်သွားမယ်လို့
မနေ့က ကုလသမဂ္ဂမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေက
ပြောသွားပါတယ်။

“လူ့အခွင့်အရေးဆိုတာကို နိုင်ငံရေးအတွက်
အသုံးချတဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ လက်မခံ
နိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံလုံး
အတိုင်းအတာ လူထုဆန္ဒခံယူပွဲလုပ်ပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေကို အတည်ပြုလိုက်နိုင်ပြီး
ကိုယ့်ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေကို
အောင်အောင်မြင်မြင် လုပ်ဆောင်နေပါတယ်။
ကျနော်တို့အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း
မှုလုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်အောင်
ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျနော်တို့ရဲ့
နိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၇ ဆင့်ကို
အောင်အောင်မြင်မြင် ဆက်လုပ်သွားဖို့ကို ပိုင်းဖြတ်ထားပါတယ်။ ပါတီစုံရွေးကောက်ပွဲ
ကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ဒီနိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၅ ကို လာမယ့်
၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ လျာထားပါတယ်။”

ကုလသမဂ္ဂအနေနဲ့ကတော့ လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့
လွတ်လပ်ပြီး မျှတဖို့လိုမယ်၊ အတိုက်အခံ ပါဝင်ခွင့်ရှိဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်
တယ်လို့ ယူဆထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက တရားရေးစနစ်ကိုလည်း ဝေဖန်
ထောက်ပြထားပြီး ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုထားတာ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတာကတော့ မြန်မာနိုင်ငံတွင်း
နိုင်ငံရေးပြောင်းလဲမှုအတွက် အခရာပဲလို့ ကုလသမဂ္ဂက မြင်ထားပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရအနေနဲ့ကတော့ ပြည်တွင်းပြည်ပက ဘယ်အကြံပြုချက်ကိုမှ
အကောင်းမြင်တဲ့သဘော မယူဆပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး
လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးတာလို့ ယူဆပြီး ဒါတွေကို လက်ခံခွင့်ပြုစရာမရှိဘူး
လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုပြီးတဲ့နောက် အခုလို
ပြောပါတယ်။

“ကျနော်တို့ရဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် ကိစ္စတွေကို လက်ခံ
ခွင့်ပြုမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအသုံး
ချမှုဖြစ်တာကြောင့် ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့
လက်မခံပါဘူး။ ဒါကို လက်ခံဆောင်ရွက်ဖို့ မလိုပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒ
ကိုတော့ ထပ်လောင်း အတည်ပြုပြောလိုပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂနဲ့ရော
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့
အစီရင်ခံချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး ပြုစုထားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်
အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က
တော့ လာမယ့်ရှေ့နှစ် မတ်လမတိုင်ခင် မြန်မာနိုင်ငံကို ထပ်မံသွားရောက်နိုင်မယ်လို့
မျှော်လင့်နေပါတယ်။ မတ်လမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်
လည်ညီလာခံ ကျင်းပမှာမို့ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နောက်ထပ် အစီရင်
ခံစာတခု ကုလသမဂ္ဂကို ထပ်တင်ရဖို့ရှိပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ အပါ
အဝင် အာဆီယံနိုင်ငံတွေကတော့ အခု မနေ့က ဆုံးဖြတ်လိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေး အခြေအနေနဲ့ပတ်သက်လို့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူ
များပြီး အချို့က ကြားနေပါတယ်။ မြန်မာနဲ့နီးတဲ့ အရှေ့အာရှထဲကဆိုရင် ဂျပန်၊
တောင်ကိုရီးယား၊ အရှေ့တီမောနိုင်ငံတွေကပဲ ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG