သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ မပျယ်သေး


အိန္ဒိယ သမုဒ္ဒယာထဲမှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ ငလျင်လှိုင်းတွေကြောင့် ပြီးခဲ့တဲ့ လေးနှစ်က အာရှနိုင်ငံတွေမှာ လူတွေ သိန်းချီသေဆုံးခဲ့တာ ဒီနေ့ လေးနှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ဆူနာမီလှိုင်းတွေကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ထောင်နဲ့ချီ သေဆုံးခဲ့ပေမယ့် ဒီအလုပ်သမားတွေရဲ့ မိသားစုတွေကို ကူညီ စောင့်ရှောက်ရေးတွေမှာ အားနည်းချက်တွေ ရှိနေဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ လှိုင်းကြောင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းက နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ လူ ၂၃၀,၀၀၀ ကျော်လောက် သေဆုံးခဲ့ရပြီး ၄၅,၀၀၀ လောက် ပျောက်ဆုံးခဲ့ရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဆူနာမီလှိုင်း ရိုက်ခတ်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာ လာရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိသားစုဝင်တွေ သေဆုံးခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အခုချိန်ထိ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်တာ မရှိသေးဘူးလို့ ဆူနာမီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူ ဦးထူးချစ် က ပြောပါတယ်။

“အဓိက ကတော့ဗျာ ကျနော်တို့ အနေနဲ့ လုပ်ဖို့ကျန်ခဲ့တာတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတဲ့ ဒီ trauma ဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ကျနော်တို့တွေလည်း မလုပ်လိုက်နိုင်ဘူးပေါ့နော်။ သူတို့ရဲ့ မိသားစုဝင်တွေ ဥပမာ သူတို့ရဲ့ သားမယားတွေ၊ သားသမီးတွေ ဆုံးရှုံးသွားတဲ့ သူတွေပေါ့ဗျာ။ အဓိက ကျနော်တို့ အနေနဲ့ သိပ်ပြီးတော့ မသိသာပေမယ့် ကျနော်တို့ တွေ့ဖူးတဲ့ စိတ်ပညာရှင်တွေက သူတို့ဟာ တခုခု ချို့ယွင်းနေတယ် ဆိုတဲ့ဟာမျိုးပေါ့။ တချို့ဆိုရင် အရက် အလွန်အကျွံ သောက်နေတာတို့ လက်ရှိ သာမန်လူတွေထက် ထူးခြားနေတာမျိုးတွေ ကျနော်တို့ တွေရတာရှိတယ်ဗျ။ အမျိုးသမီးတွေ ကျတော့လည်း စိုးရိမ်ကြောက်လန့်မှု လွန်ကဲတာဗျ။ တချို့တွေက အဲဒီ ခါးသီးတဲ့ဟာတွေ တွေ့ခဲ့ရတော့ တခုခု လေမုန်တိုင်း ဖြစ်တယ်။ မိုးကြီးတယ်ဆိုလို့ရှိရင် ပြေးဖို့ ရှောင်ဖို့တွေကိုပဲ အမြဲတမ်း စဉ်းစားတယ်။ ဘယ်လိုမှ သူတို့ကို နှစ်သိမ့်လို့ မရဘူး။ အဲလိုပုံစံမျိုးတွေ ကျနော်တို့ တွေ့ရတယ်။”

ထိုင်းအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တခြား ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် ဆူနာမီ ဒုက္ခသည်တွေနဲ့ နှိုင်းစာရင် ကယ်ဆယ်ရေး အဖွဲ့တွေ က အင်အားနည်းလွန်းနေတယ်၊ အထူးသဖြင့် မြန်မာ အလုပ်သမား တွေအတွက် အလုပ်အကိုင် ရှာဖွေရေးနဲ့ အိမ်ယာပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်တာမရှိခဲ့ဘူးလို့ ကိုထူးချစ် က ထောက်ပြပါတယ်။

ဆူနာမီလှိုင်း အတွင်းမှာ ဇနီးနဲ့အတူ ပိုင်ဆိုင်တာတွေ အားလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးနှစ်ယောက် ဖခင် ကိုလှစိုးကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်။

“ကျနော်လိုက်ရှာတဲ့အခါ ရှာမတွေ့ဘူးဗျာ။ ကျနော့် သားကြီးဆိုရင် အော်ငိုတာ အမေ အမေနဲ့ ငယ်သံပါသွားတာပေါ့။ အမေ အမေ သားတို့ကို ထားခဲ့ပြီလား အော်တာ။ ကျနော်လည်း အဲဒီမှာ မျက်ရည်တွေ တအားကျတာပေါ့၊ တို့မိသားစုဘဝဆုံးပြီ။ ဘဝကွဲပြီပေါ့။ ကျနော့်သမီး ၁၂ နှစ်က သူ့အမေဆုံးပြီး ၁ နှစ်အကြာမှာ သူ့အမေလွမ်းတဲ့ စိတ်နဲ့ပဲ ရောဂါရပြီး ဆုံးသွားတာပဲ။ အခုလည်း ကျနော် အခုထက်ထိ ဆူနာမီ ဖြစ်ပြီးနောက်ပိုင်းမှာ ပင်လယ်ကမ်း ဆင်းတာလည်း မရှိ။ ပင်လယ်ကမ်းသွားပြီး စိတ်ကူးယဉ်တာလည်း မရှိ။ ကြောက်လန့်သွားတာပေါ့။ အခုလည်း ကျနော် အလုပ်လုပ်ရင် ကမ်းနားပေါ်မှာ အကာအကွယ်ရှိတဲ့ နေရာတွေမှာ လိုက်လုပ်တယ်။ ပင်လယ်ကမ်းဆိုတာ ကြောက်ကို ကြောက်သွားတာ မျက်စိထဲ မြင်ကို မမြင်ချင်တာ။”

ကိုလှစိုးဟာ သူ့ရဲ့ ဇနီး အလောင်းကိုလည်း ပြန်မရခဲ့ပါဘူး။ အခုအချိန်ထိ အမည်မသိ အလောင်းပေါင်း ၄၀၀ နီးပါး ကျန်ရှိနေပြီး ပျောက်ဆုံးစာရင်း အနေနဲ့ ၄၄၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပျောက်ဆုံး စာရင်းထဲမှာ ၉၅ ယောက်ဟာ မြန်မာအလုပ်သမားတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆူနာမီ ဖြစ်ပွားချိန်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး အခုလည်း ဆူနာမီလှိုင်းဒဏ်သင့်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဖန်င ဒေသမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ ကိုထူးချစ် က မြန်မာပြည်မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ ဆူနာမီလှိုင်းနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ နာဂစ် မြန်မာပြည်မှာ ဖြစ်တာနဲ့ ဆူနာမီ ထိုင်းမှာဖြစ်တာနဲ့ဆို နှိုင်းယှဉ်လို့မရတဲ့ ကွာဟမှုတွေ ဖြစ်လိမ့်မယ်လို့ မြင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆူနာမီ ဖြစ်ပြီးတော့ ရက်ပိုင်းအတွင်း တပတ်လောက်ပဲ ကြာတယ်။ တတ်နိုင်သလောက် ကျနော်တို့ အဲန်ဂျီအို တွေရော ဒီ ထိုင်းအစိုးရရဲ့ ဌာနဆိုင်ရာတွေရော ထိုင်းလူမျိုးတွေကရော တကယ့်ကို တတပ်တအားနဲ့ နိုင်တဲ့ဘက်ကနေ အရေးပေါ်လုပ်ငန်းတွေ လုပ်ပေးကြတော့ ဘာပဲပြောပြော သူတို့အနေနဲ့ လုပ်ပေးထားနိုင်တယ်ပေါ့။ နာဂစ်မှာကျတော့ နိုင်ငံတကာရော နိုင်ငံတကာက တသီးပုဂ္ဂလ အလှူရှင်တွေပါ လွတ်လွတ်လပ်လပ် လှူခွင့်မပေးတာမျိုးတွေ ဘာတွေ ရှိတာဆိုတော့လေ အင်မတန်မှ ကွာဟနေတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။”

ထိုင်းအာဏာပိုင်တွေက ဆူနာမီ လှိုင်းအတွင်း ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်း ၅,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး နာဂစ်မုန်တိုင်းအတွင်းမှာတော့ ကွယ်လွန်သူနဲ့ ပျောက်ဆုံးသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိမယ်လို့ မြန်မာစစ်အစိုးရ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၄) နှစ်မြောက် ဆူနာမီ နှစ်ပတ်လည်အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င မြို့နယ် ဘန်နယန်း မှာ ဆူနာမီ ပြခန်းဖွင့်ပွဲ ကျင်းပခဲ့သလို ညနေဖက်မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG