သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို တိုက်ခိုက်ခဲ့တဲ့ ကိစ္စတွေနောက်ပိုင်းမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဒေသ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေတွေကြောင့် ပါကစ္စတန်နိုင်ငံဘက်က တပ်ဖွဲ့ဝင်တွေကို ရုတ်သိမ်းဖို့ ဖျက်သိမ်းလိုက်တယ်လို့ ပါကစ္စတန် က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဒေသတွေမှာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဒီအိန္ဒိယနယ်စပ်ဘက်ကို ရွှေ့ပြောင်းတိုးချဲ့ ချထားလိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အစ္စလာမ်မာဘက ်မြို့ကနေ အိုင်ယယ်လ် ဂူး သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အရှေ့ဘက်နယ်စပ်ဒေသ အိန္ဒိယနိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေတွေ ပြင်းထန်နေတာ လျော့ပါးမှု မရှိသေးဘူးလို့ ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲ အဆင့်မြင့်အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက ဗွီအိုအေကို ပြောဆိုရာမှာတော့ - ဒီအခြေအနေတွေကြောင့် နယ်စပ်မှာ စစ်တပ်တွေကို မရုတ်သိမ်းဘဲ လက်ရှိ တာဝန်ထမ်းဆောင် နေတာတွေအပေါ် အမြန်ဆုံး သတင်းပို့ကြဖို့ကိုလည်း အမိန့်ပေးကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အချာကျတဲ့ မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့မှုဟာ ပါကစ္စတန်မှာ အခြေစိုက်တဲ့ အစ္စလာမ်မစ် အစွန်းရောက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဘက်က စွပ်စွဲပြောဆိုလိုက်ပြီးတဲ့နောက် အခုလို နျူကလီးယား ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံဘက်က ခေါင်းဆောင်တွေရဲ့ ဖိအားပေး ပြောဆိုမှုတွေ အခိုင်အမာ ထွက်ပေါ်လာ ပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံရဲ့ လေတပ်မတော်ကိုလည်း အရံသစ် သတိပေးပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ စစ်မဖြစ်လိုပါဘူးလို့ ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး ရှယ်ရီ ရေမန် က သောကြာနေ့မှာ ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။

`ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင်တော့ ပါကစ္စတန်နိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နိုင်ငံကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆိုမှုတွေ ရှိနေပါတယ်။´ - လို့ ပြန်ကြားရေးဝန်ကြီးက ပြောဆိုသွားတာပါ။

ပါကစ္စတန်အနေနဲ့ မွမ်ဘိုင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတွေ ပြုလုပ်ပြီး ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေ အားလုံးကို အပြစ်ပေး အရေးယူနိုင်တဲ့ လုပ်ဆောင်မှုတွေကို ပြုလုပ်သွားချင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပါကစ္စတန်ဘက်က အခုလို ထပ်တလဲလဲ ပြောဆိုမှုတွေ ပြုလုပ်ပေမယ့် အိန္ဒိယနိုင်ငံဘက်က ခိုင်မာတဲ့ သက်သေအထောက်အထားတွေကို ပါကစ္စတန်ကို ပေးကမ်းတာမျိုး မရှိခဲ့ဘူးလို့ ပါကစ္စတန်ဘက်က ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံမှာ ပြဿနာရှိနေတဲ့ အနောက်မြောက်နယ်စပ် ဒေသက ရာနဲ့ချီတဲ့ စစ်သားတွေကို ထရပ်ကားတွေနဲ့ ပြောင်းရွှေ့သွားတာတွေ့ရတယ်၊ ဒါဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဒေသမှာ စစ်အင်အားတွေ ဖြည့်ဆည်းဖို့ ဖြစ်နိုင်တယ်လို့ မျက်မြင်သက်သေတွေနဲ့ အဲဒီဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိတွေကတော့ အခု ရုတ်သိမ်းလိုက်တဲ့ တပ်တွေဟာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ မပတ်သက်တဲ့ တပ်ဖွဲ့တွေ ဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နီုင်ငံအကြား ဆက်ဆံရေး အခြေအနေတွေ သိသိသာသာ တင်းမာမှုတွေ ဖြစ်လာတာကြောင့် အခုလို တပ်တွေကို ရွှေ့ပြောင်းချထားလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်နယ်စပ်ဟာ အာဖဂန်နစ်စတန်နိုင်ငံ ဖြစ်ပြီး အယ်လ်ခိုင်းဓါး အစွန်းရောက် လက်နက်ကိုင်တွေနဲ့ အချိတ်အဆက် ရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။ အခုလို လက်နက်ကိုင် အကြမ်းဖက်သမားတွေ ရှိနေတဲ့ဒေသဖြစ်တဲ့ အာဖဂန်နယ်စပ်က စစ်တပ်တွေကို ရုတ်သိမ်းသွားတာဟာ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ခိုက်မှုတွေ လျော့ပါးလာလို့ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

မါမွတ်ချား ဟာ ပါကစ္စတန်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ အကြီးအကဲဟောင်းတဦး ဖြစ်ပါတယ်။

`ကျနော် ထင်တာကတော့ ဒါဟာ အားလုံး စွန့်ခွာသွားကြတာတော့ မဟုတ်ပါဘူး။ တိုက်ခိုက်မှုတွေ တဖြည်းဖြည်း လျော့နည်းလာပြီး တပ်အင်အားတချို့နဲ့ ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေတွေလည်း ရှိလာပြီ ဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့လည်း နေရာဒေသအားလုံးကို ချုပ်ကိုင်မထားချင်တာကြောင့် ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။´

ပါကစ္စတန်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အမေရိကန်နိုင်ငံနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်နေတာပါ။

အာဖဂန်နစ်စတန်တပ်တွေကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ အယ်လ်ခိုင်းဓါး တွေနဲ့ တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နှင်းဖို့အတွက် အာဖဂန်နယ်စပ်မှာ ပါကစ္စတန် စစ်သည်အင်အား တစ်သိန်းကျော်ကို နယ်စပ်ဒေသ လုံခြုံရေးအတွက် တာဝန်ချထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG