သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊ မြေပြင်တပ်များ ပြင်ဆင်နေ


ဂါဇာ ကမ်းမြှောင်က ဟားမတ်စ် စစ်သွေးကြွ ပစ်မှတ်တွေကို အစ္စရေး စစ်တပ်က ဒုတိယနေ့ အဖြစ် လေကြောင်းက တိုက်ခိုက်ခဲ့ပြီး မြေပြင် တပ်ဖွဲ့တွေကလည်း ဝင်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေ ရှိနေပါတယ်။ ဂါဇာ ကမ်းမြှောင် တောင်ပိုင်းက အီဂျစ်နယ်စပ်နဲ့ ဆက်နေတဲ့ ဟားမတ်စ်တွေရဲ့ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်း လိုဏ်ဂူတွေကို အစ္စရေး လေတပ်က တနင်္ဂနွေနေ့က အဓိက ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ဂါဇာမြို့ထဲက ဗလီတခုကိုလည်း အစ္စရေး လေယာဉ်တွေက တိုက်ခိုက် ဖျက်ဆီးလိုက်ပြီး ဒီဗလီဟာ အကြမ်းဖက်သမားတွေရဲ့ ခြေတပ် စခန်းဖြစ်တယ်လို့ အစ္စရေးတို့က ဆိုပါတယ်။ အစ္စရေး စစ်တပ်က အရံတပ်ဖွဲ့ အင်အား ၆၅၀၀ ကိုလည်း ဆင့်ခေါ်ထားပါတယ်။ ၂ရက်ကြာ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ၂၉၀ ကျော် သေဆုံးပြီး အဲဒီအထဲမှာ ဟားမတ်စ် စစ်သွေးကြွ အနဲဆုံး ၁၈၀ ပါတယ်လို့ ဂါဇာက အရာရှိတွေက ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်က တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆိုလိုက်ပြီ ပဋိပက္ခတွေကို နိုင်ငံရေး အရ ဖြေရှင်းကြဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဗနဲဒစ် က ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေက တကယ့်အမှန်တရားကို ဆန့်ကျင်ဘက် ဖြစ်စေတယ်လို့ ပြောဆိုပြီး ၂ဘက် စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီက အခုလို အင်အားသုံး တိုက်ခိုက်မှုတွေဟာ မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပြီး ရန်စ တိုက်ခိုက်မှုတွေက ဂါဇာကမ်းမြှောင်မှာ ပြဿနာတွေကို ကြီးထွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ရာပေါင်းများစွာ နယ်စပ် ခြံစည်းရိုးကို ကျော်ပြီး အီဂျစ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားကြရာမှာ အဝင်မခံဘဲ အီဂျစ် လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ် ခြောက်လန့် မောင်းထုတ်ခဲ့ကြပါတယ်။ အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာတော့ အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက အီဂျစ်၊ အီရက်၊ ဂျော်ဒန်၊ လယ်ဘနွန်၊ စီရီးယားစတဲ့နိုင်ငံတွေမှာ ထောင်နဲ့ ချီပြီး ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG