သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး


မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်သံတွေ ကြားနေရတဲ့ အချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတဦး ထောင်ထဲမှာပဲ ကျန်းမာရေး ဆိုးရွားလို့ ဆုံးပါးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မိသားစုက ပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ဟာ မန္တလေးထောင်တွင်းမှာ ကွယ်လွန်သွားခဲ့လို့ ဒီကနေ့ပဲ သူရဲ့ဈာပနကို မိသားစုက ကျင်းပခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုဋ္ဌေးလွင်ဦး တယောက် ထောင်တွင်းဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက် မရနိုင်ပဲ ဖြစ်နေရာက အခုနောက်ဆုံး ကွယ်လွန်ဆုံးပါးတဲ့အထိ ဖြစ်ရတာလို့ မိသားစုကပြောတာပါ။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ကိုဋ္ဌေးလွင်ဦး ဟာ ထောင်တွင်းရောက်မှ နာတာရှည်ရောဂါတွေ စွဲကပ်လာရာက မနေ့တုန်းကပဲ ဆုံးပါးသွားခဲ့လို့ မိသားစုက ဒီကနေ့ပဲ မန္တလေးမြို့မှာ သဂြိုဟ်ခဲ့ရတယ်လို့ ဇနီးသည်ဖြစ်သူ မခင်လှမြင့် က ပြောပါတယ်။


“အမအမျိုးသားက မနေ့ ၂၈ရက် တနင်္ဂနွေနေ့ မနက် ၅နာရီနဲ့ ၅မိနစ်မှာ ဆုံးတယ်။ ဒီနေ့မနက် ၁၁နာရီမှာ ထောင်ကနေ ထုတ်ပေးတယ်။ အခု ၁၂နာရီမှာ သင်္ဂြုလ်တယ်။ ဘယ်လို ဖြစ်ပြီး ဆုံးသွားတာတုန်းဆိုရင် ၂၀၀၈ခုနစ်စမှာ တီဘီဖြစ်ပြီး သတိလစ်ပြီး တတ်တဲ့ရောဂါ ကနေပြီး သွက်ချာပါဒ ဖြန်းတယ်၊ ပါးတခြမ်းရွဲ့ပြီး ကိုယ်တခြမ်းသေသလိုဖြစ်သွားတယ်။ ဆေးရုံပေါ်မှာပဲ ထားတာ ၃လကျော် ၄လ လောက်ရှိပြီ။ ဆရာဝန်က သိပ်ပြီး ဘာဆေးဝယ်ဆိုပြီးတော့ ရေးပေတာ မရှိဘူး။ ဆေးဝါးလုံလုံလောက်လောက် မရဘဲ အနားတခြား ဆေးတခြားတွေ ဖြစ်ပြီး အခုလို ဖြစ်ရတာလို့ အမ ယူဆတယ်။”
ကိုဋ္ဌေးလွင်ဦး ဟာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ကို ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၁၁ ဦးနဲ့အတူ အာဏာပိုင်တွေက ၂၀၀၃ ခုနှစ်ထဲမှာ ဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် (၇) နှစ်အထိ ပြစ်ဒဏ်စီရင်ခံခဲ့ရပြီး ကွယ်လွန်ချိန်အထိ မန္တလေးထောင်မှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ဒီလို ထိန်းသိမ်းခံနေရတဲ့ နေရာမှာ ကျန်းမာရေးယိုယွင်းလာရာက လုံလောက်တဲ့ ကုသမှုတွေလည်း မရလို့ ခုလို ကွယ်လွန် ဆုံးပါးတဲ့အဖြစ်အထိ ကြုံရလို့လည်း မိသားစုအနေနဲ့ ယူကြုံးမရ ဖြစ်နေရတယ်လို့လည်း ဇနီးသည်ဖြစ်သူက ဆိုပါတယ်။


“ထောင်မကျခင်က ဘာရောဂါမှမရှိဘူး။ အမနဲ့ အိမ်ထောင်သက် ၁၀နှစ် အတွင်းမှာ ဆေးတောင် မထိုးဖူးဘူး၊ ညောင်းတာလောက်ပဲ ရှိတယ်။ အနှိပ်တောင် မထောင်ဘူး၊ အပြင်မှာတော့ ၀၀ဖြီးဇြီးပဲ ရောဂါမရှိဘူး၊ အမရပူရနဲ့ မန္တလေးအသွားအပြန် ဘီးနင်းပြီး စာသင်ကျောင်းကို သွားတယ်။ ထောင်ထဲမှာတောင် ၄နှစ်မှာ ရောဂါမရှိဘူး၊ ၅နှစ်ထဲရောက်မှာ ရောဂါတွေတွေ့ရတယ်။ ကိုယ့်ယောင်္ကျားဖြစ်တော့ ဇနီးသည် တယောက်အနေနဲ့ ဝမ်းနည်းပေမယ့် သူဟာ အများအတွက် ကောင်းတာလုပ်တာပဲ ဆိုပြီး ဂုဏ်ယူပါတယ်။ သားအတွက် ဝမ်းနည်းတယ်။ သားကလည်း သူ့အဖေကို တွေ့ချင်နေတယ်။ သား ၃နှစ်သားမှာ ထောင်ကြသွားတော့ သိတတ်နေပြီလေ။ သူ့အဖေနဲ့ အပြင်မှာ အတူတူနေချင်တယ်။ သူ့အဖေကိုပဲ အမြဲတမ်းတွေ့ချင်နေတယ်။ အခုဆိုရင် ပိုတောင် ဝမ်းနည်းသေးတယ်။ သားရှင်ပြု အလှူလှည့် အပြန်မှာ ကိုဌေးလွင်ဦး သေတယ်ဆိုတော့ စဉ်းစားကြည့်ပါ၊ အမရင်ထဲ ဘယ်လို ခံစားသွားရသလဲဆိုတာ။”


မနေ့ကပဲ ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ရဲ့ ဇနီးသည် မခင်လှမြင့်ပါ။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီနှစ်ထဲမှာ ရာဂဏန်းရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချပြီး နောက်ဆက်တွဲ ဝေးလံခေါင်ဖျားပြီး မိသားစုလက်လှမ်းမမှီရာ ရာသီဥတု ကြမ်းတမ်းရာ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့လို့ သူတို့အတွက် ကျန်းမာရေးကအစ စိုးရိမ်ပူပမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ကိုဋ္ဌေးလွင်ဦး မတိုင်မီ ဒီနှစ်ထဲမှာပဲ မန္တလေးထောင်က နိုင်ငံရေးအကျဉ်းသား နောက်တဦးဖြစ်တဲ့ ကိုရာပြည့် ဟာဆိုရင်လည်း အလားတူ ကွယ်လွန်ဆုံးပါးခဲ့တာပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေ အရဆိုရင်လည်း ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွင်း ဆုံးပါးခဲ့တာ အနည်းဆုံး ၁၃၈ ဦးအထိ ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG