သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ ထဲ ဆန္ဒပြမှုထပ်လုပ်မယ်လို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး အင်အားစုများက ပြောဆို


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် လုပ်ဖို့ အစိုးရကို ဖိအားပေးရေး ဆန္ဒပြမှုတွေကို အခု နှစ်သစ်ကူးပြီး နောက်ပိုင်း ဆက်လုပ်သွားမယ်လို့ ရာထူးကနေဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နဝပ်ကို လိုလားသူတွေက ပြောလိုက်ပါတယ်။

တက်ဆင်လိုလားတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်ကို နှစ်ရက်ကြာ ပိတ်ဆို့ အပြီး အင်္ဂါနေ့တုန်းကတော့ လူစုခွဲ ခံခဲ့ရပါတယ်။ ဒီဆန္ဒပြသူတွေကြောင့်ပဲ ထိုင်းဝန်ကြီးချုပ်သစ် အဘီဆစ် ဝတ်ချာချီဝဟာ ပါလီမန်မှာ သူ့ရဲ့ မူဝါဒ ဆိုင်ရာ မိန့်ခွန်း မပေးနိုင်ပဲ နိုင်ငံခြားရေး ဝန်ကြီးရုံးကို ပြောင်းရွှေ့ပြီး အစိုးရမူဝါဒ ရှင်းပွဲလုပ်ရပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီမဟာမိတ်အဖွဲ့လို့ ပြောတဲ့ ဒီ ဆန္ဒပြသူတွေဟာ မစ္စတာ အဘီဆစ်ကို ပါလီမန် ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဆုံချိုင်း အစိုးရအဖွဲ့ကို ဖျက်သိမ်းဖို့ တရားရုံး ဆုံးဖြတ်ချက်ချခဲ့တာ အပေါ် ဒေါသ ထွက်နေကြပါတယ်။

ထိုင်းမှာပြီးခဲ့တဲ့ လတွေအတွင်း တက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေက လအတန်ကြာ ဆန္ဒပြ အစိုးရ အဆောက်အဦးတွေကို သိမ်းပိုက်ခဲ့တာကြောင့် အစိုးရအဖွဲ့ဟာ ပျက်သလိုဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လ အတွင်းကတော့ ဆန္ဒပြသူတွေဟာ နိုင်ငံတကာ လေဆိပ်တွေကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် တင်းမာမှု အဆိုးဆုံးဖြစ်ခဲ့ပြီး၊ ဒီနောက် တရားရုံးဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်ဆုံချိုင်းနဲ့ အစိုးရအဖွဲ့ ဖျက်သိမ်း လိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG