သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို အမြန်ဆုံးသွားခွင့်ရရေး မစ္စတာဂမ်ဘာရီ လိုလား - ဗွီအိုအေနှင့် သီးသန့်ဆက်သွယ်မေးမြန်းချက်


မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံကို
ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စား
လှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ
(Ibrahim Gambari) ဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရရေးအတွက် မြန်မာအာဏာ
ပိုင်တွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ ဆိုပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုးဆုံး
တွေအတွက် ပြင်ဆင်ထားဖို့ ပြောကြားချက်
ကိုရော မစ္စတာဂမ်ဘာရီက ဘယ်လို
အဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။ ဗွီအိုအေဝိုင်းတော်
သူ ဒေါ်လှလှသန်း မစ္စတာဂမ်ဘာရီနဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်ကို တင်ပြထား
ပါတယ်။

အိန္ဒိယအစိုးရက မြန်မာ့ဒီမိုကရေစီရေးအတွက် ထိထိရောက်ရောက် ဘယ်လိုများ လုပ်ပေးနိုင်မယ်ထင်ပါလဲ မစ္စတာဂမ်ဘာရီ။

“ကျနော်ဟာ နိုင်ငံခြားရေးအတွင်းဝန်၊ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး စတဲ့
ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးပါပြီ။ ကျနော် အရင်ကထက်ပိုပြီး အားတက်မိပါတယ်၊ ဒီတခေါက်
မှာ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား ကျနော်နဲ့ ပါဝင်ဆောင်ရွက်ဖို့ သူတို့က
တာဝန်ယူကြပါတယ်။ ကျနော့်ရဲ့ ပထမခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ အဖမ်းအဆီးတွေရပ်တန့်ရေး၊ ဖွဲ့စည်းပုံမရေးဆွဲခင် ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ဖို့ကိစ္စ၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဆောင်ရွက်ဖို့ ကိစ္စတွေကို ကျနော်ပြန်သွားတဲ့အခါ ဆက်ပြီးလုပ်ရပါလိမ့်မယ်။ ဒီကိစ္စတွေကို အိန္ဒိယအစိုးရဘက်
က သဘောတူ ထောက်ခံပါတယ်”

မစ္စတာဂမ်ဘာရီက တရုတ်ပြည်ကိုလည်း သွားဦးမယ်ဆိုတော့ တရုတ်ရဲ့အလားအလာ
ရော ဘယ်လိုရှိပါသလဲ။

“အိန္ဒိယလိုပဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးတခု ဖြစ်တဲ့အတွက် တရုတ်ဟာ အရေး
ကြီးပါတယ်။ ကျနော် မကြာခင်ဘဲ ဘေဂျင်းကို သွားရောက်မှာဖြစ်ပါတယ်။ ယခင်
ထားရှိတဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေကို ဆက်လက်ပြီးလုပ်ကိုင်မှာဖြစ်ပါ တယ်။ ကျနော်
တို့အနေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကမကထပြုဆောင်ရွက်ချက်
ဟာ သိသာမြင်သာတဲ့ တိုးတက်မှုရှိလာအောင် နိုင်ငံအားလုံးရဲ့ ပံ့ပိုးမှုရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်”

ပထမတခါတုန်းက မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုသွားနိုင်ဖို့အတွက် တရုတ်အစိုးရက ကူညီဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒီတခါရော မစ္စတာဂမ်ဘာရီရဲ့ မြန်မာခရီး
စဉ်အတွက် တရုတ်ရဲ့အကူအညီကို ရလိမ့်မယ်လို့များ တွက်မိပါသလား။

“တကယ်တော့ မြန်မာအာဏာပိုင်တွေနဲ့ ကျနော်တို့ ဒီကိစ္စကို တိုက်ရိုက်ဆွေးနွေးနေပါ
တယ်။ ကျနော်က သူတို့ရဲ့ပြန်ကြားချက်ကို စောင့်နေပါတယ်။ သူတို့ အလေးအနက် စဉ်းစားမယ်လို့လည်း ကျနော် ယူဆနေပါတယ်။ ဒါပေမယ့် ကျနော်ကတော့ အဖြေရချင်
တဲ့စိတ် နည်းနည်းစောနေတာပေါ့ခင်ဗျာ။ ကျနော်တို့ကတော့ အချိန်ကိုလည်း ထည့်
တွက်ပါတယ်။ ဖြစ်စဉ်တခုလုံး အချိန်ကိုက်ဖြစ်သွားပြီး ထိရောက်တဲ့ရလဒ်ပေါ်ထွက်ဖို့
လိုအပ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး သွားရောက်ချင်ပါ
တယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေနဲ့
တွေ့ခွင့်ရခဲ့ပြီး စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့လည်း တွေ့ခွင့်ရခဲ့ပါ
တယ်။ တွေ့ဆုံဆွေးနွေးမှုအတွက် အချိန်ဇယားသတ်မှတ်ချက် မရှိတာကို စိတ်ပျက်မိ
တယ်၊ ဦးအောင်ကြည်နဲ့တွေ့ရတာကို ကြည့်ပြီးတော့လည်း ပြည်သူလူထုကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့
အကြောင်း အဲန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြခဲ့ပါ
တယ်။ ဒီတော့ မစ္စတာဂမ်ဘာရီက ဒီတွေ့ဆုံမှုကို အပြုသဘောဆောင်တဲ့ တိုးတက်မှု
တွေလို့ ဆိုခဲ့လေတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကရော မမှန်ဘူး
လားရှင့်။

“ကျနော်အမြဲတမ်းပြောခဲ့တာက ဒါတွေဟာ ကနဦးအခြေအနေဖြစ်တယ်ဆိုတဲ့ အချက်
ပါ။ အခုတော့ ကျယ်ပြန့်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးရမယ့်အချိန်ကို ရောက်
လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည်တို့အကြား ဆွေးနွေးချက် အပြည့်အစုံကိုတော့ ကျနော် မဖတ်ရ၊ မကြားရသေးပါဘူး။ ဒါကြောင့် အတိအကျမသိ
ရဘဲ ဝေဖန်ပြောကြားဖို့ အင်မတန်ခက်ပါတယ်။ ဒါပေမယ့် ကျနော်က ခင်ဗျားတို့ရဲ့
သတင်းအချက်အလက်တွေ မတိကျဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါဟာ
တဆင့်သတင်းတွေဖြစ်ပါတယ်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ တာဝန်အရဆိုရင် တိုက်ရိုက်ရရှိတဲ့ သတင်းအချက်အလက်တွေကို လိုအပ်ပါတယ်။ အခုဆွေးနွေးမှုတွေဟာ ကနဦး
ညှိနှိုင်းမှုတွေဖြစ်ပြီး တကယ့်ပြဿနာကို ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းဖို့
အတွက် ကုလသမဂ္ဂဘက်က ဒီဆွေးနွေးမှုအတွက် ကမကထလုပ်ပြီး ဆောင်ရွက်
ပေးဖို့ပဲဖြစ်ပါတယ်”

ဆွေးနွေးမှုနဲ့ပတ်သက်ပြီး တိုက်ရိုက်ရတဲ့ သတင်းအချက်အလက်တွေ လိုအပ်တယ်
ဆိုတော့ ဂျပန်ကအဆိုပြုသလိုများ အဲဒီမှာ ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက် ဒါမှ
မဟုတ် ရုံးအဖွဲ့တခု ထားရှိဖို့ဆိုတာရော ဖြစ်နိုင်တဲ့အနေအထားမှာ ရှိပါသလား။

“ဒါဟာ အကျိုးရှိနိုင်တဲ့ အစီအစဉ်ပါ။ ဒါပေမယ့် ကျနော်လိုချင်တာက ကျနော့်ကို တစုံ
တယောက်က သတင်းပို့တယ်ဆိုတာထက် ကျနော့်ရုံးကို အဲဒီမှာ အချိန်တိုးပြီး ဖွင့်လှစ်
ပေးထားဖို့ လိုလားပါတယ်။ အဲဒီရုံးကတဆင့် ကျနော်တို့က အချက်အလက်တွေရယူ
မယ်၊ ပြောစရာရှိတာကို အဲဒီရုံးကတဆင့်ပြောမယ်၊ ကျနော့်ခရီးစဉ်တွေ တခုနဲ့တခု
အကြား အဆက်အသွယ်လုပ်မယ်၊ စီစဉ်မယ်၊ အဲဒီကတဆင့် တဖက်နဲ့တဖက်
ဆက်သွယ်ကြမယ်။ အဲဒါမျိုးကို မြန်မာနိုင်ငံအတွင်းက ဆောင်ရွက်ပေးဖို့ လိုလားပါ
တယ်”

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေအတွက် ပြောလိုက်တဲ့အထဲမှာ
အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် အဆိုးဆုံးအတွက် ပြင်ဆင်ထားကြဆိုတာ
လည်း ပါဝင်ပါတယ်။ ဒီစကားကို မစ္စတာဂမ်ဘာရီ ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ချင်ပါ
သလဲ။

“တခါ ကျနော်ဟာ အသေးစိတ်၊ အတိအကျသိရတာ မဟုတ်ဘူးဆိုတာ ပြောပါရစေဦး။ ကျနော်သိရသလောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ ကွယ်လွန်သူ ဖခင်ရဲ့စကား
ကို ပြန်ညွှန်းပြောဆိုတယ်လို့ သိရပါတယ်။ သူ့ဖခင်ဟာ ကိုလိုနီစနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့စဉ်တုန်းက ဒီလိုပြောခဲ့တာ ဖြစ်ပါတယ်။ စည်းလုံး
ညီညွတ်ကြ၊ အင်အားမွေးထားကြ၊ တိုက်ပွဲဟာ ရှည်ကြာနိုင်တယ်၊ မျှော်လင့်ချက်ကို
မလျှော့နဲ့၊ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့လည်း လိုအပ်တယ်ဆိုတာမျိုး ပြောခဲ့တာဖြစ်ပါ
တယ်။ အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်က ဒီသဘောမျိုးပြောတာ ထင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုပဲ ပြန်ကောက်ပါရစေရှင်။ မြန်မာအာဏာ
ပိုင်တွေဟာ အပြောပဲရှိပြီး အလုပ်မရှိဘူး၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို မလိုက်
နာဘူး၊ ကုလသမဂ္ဂကိုပြောတော့ အဖမ်းအဆီးတွေ ရပ်တန့်လိုက်ပါပြီလို့ ဆိုတယ်၊
လက်တွေ့မှာတော့ မရပ်ဘူး၊ ပြီးတော့ မစ္စတာဂမ်ဘာရီကိုလည်း ထပ်ခါတလဲလဲ ပါးစပ်ကနေဖိတ်ပေမယ့် တကယ်တမ်းကျတော့ ဧပြီကျမှ လာခွင့်ပေးမယ်ဆိုတာ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါလဲ။

“မဟုတ်ပါဘူး။ ကျနော်တို့ဟာ စိတ်ရှည်ရမယ်၊ ဇွဲကောင်းရမယ်၊ အဓိကကျတဲ့ ကျနော်
တို့ အားလုံးလိုလားတဲ့ ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းသော၊ ကြွယ်ဝသော၊ ဒီမိုကရေစီထွန်း
ကားသော မြန်မာပြည်ဖြစ်ဖို့အရေး၊ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာ
တဲ့ နိုင်ငံဖြစ်လာရေးကိုသာ ကျနော်တို့က စိုက်လိုက်မတ်တပ် သတိပြုနေရမှာ ဖြစ်ပါ
တယ်။ တွန်းအားပေးရပါလိမ့်မယ်။ မြန်မာအစိုးရ ပါဝင်ဆောင်ရွက်လာအောင် လုပ်နေ ရမှာသာဖြစ်ပါတယ်”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို စစ်အစိုးရက ဖမ်းထားပြီး အခု ထောင်ချဖို့လုပ်နေပါတယ်။ ဒါတွေကိုရော မစ္စတာဂမ်ဘာရီ သိပါရဲ့လားရှင့်။

“ကျနော်က စိုးရိမ်မကင်းကြောင်း လူသိရှင်ကြား ပြောကြားပြီးဖြစ်ပါတယ်၊ ဒီကိစ္စတွေနဲ့
ပတ်သက်လို့။ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို အဟန့်အတားပြု၊ နောက်
ဆုတ်စေမယ့် ကိစ္စမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ ထာဝစဉ် ရပ်တည်ချက်ပါပဲ။ နိုင်ငံရေးသမားတွေအားလုံး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်
ကို လွှတ်ပေးဖို့ အရေးကြီးပါတယ်။ သူဟာ တွေ့ဆုံဆွေးနွေးဘက်အဖြစ် ရပ်တည်နေရ
မှာ ဖြစ်ပါတယ်”

ဒေါ်လှလှသန်း မစ္စတာဂမ်ဘာရီနဲ့ သီးသန့်ဆက်သွယ်မေးမြန်းထားတာကို
ဦးကျော်ဇံသာနဲ့ မအေးသန္တာကျော်တို့က တင်ဆက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG