သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ အခြေခံဥပဒေအရ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့လိမ့်မယ်လို့ အန်န်အယ်လ်ဒီ မယုံကြည်


ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၆၁ နှစ်
မြောက် ပြည်ထောင်စုနေ့ အခမ်းအနား
မိန့်ခွန်းသဝဏ်လွှာမှာ မြန်မာစစ်အစိုးရ
ခေါင်းဆောင်က သူတို့ချမှတ်ထားတဲ့
လမ်းညွှန်မြေပုံကို ဝိုင်းဝန်းထောက်ခံမှသာ
ပြည်ထောင်စုမပြိုကွဲအောင် ကာကွယ်နိုင်
မယ်လို့ ပြောဆိုလိုက်ပါတယ်။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးအင်အားစုတွေကတော့ ဒီလိုမမြင်
ကြပါဘူး။ အကြောင်းစုံကို ဦးအောင်လွင်ဦး
က တင်ပြပေးထားပါတယ်။

အခုကျရောက်တဲ့ ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို မြန်မာ စစ်အစိုးရဘက်ကရော အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကပါ ကျင်းပခဲ့ကြတာမှာ ပြည်ထောင်စုအနှစ်သာရအပေါ် ရှုမြင်ပုံတွေ၊ ပြည်ထောင်စုအဖြစ် တည်တံ့အောင် တည်ဆောက်သွားဖို့ ကိစ္စတွေမှာတော့ သဘောထားအမြင်တွေ တူတဲ့ပုံတော့ မရှိပါ
ဘူး။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ကတော့ ပြည်ထောင်စုကြီး
ထာဝရတည်တံ့ခိုင်မြဲဖို့အတွက် သူတို့ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ် ၇ ရပ် အောင်မြင်မှ
ဖြစ်မယ်လို့ ဒီကနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ပြောဆိုလိုက်တာပါ။
အခုဆိုရင် အခြေခံဥပဒေမူကြမ်းတရပ်ကို ရေးဆွဲတဲ့အဆင့်ကို ရောက်နေပြီလို့လည်း ပြောဆိုလိုက်သလို ပြီးခဲ့တဲ့ စနေနေ့ကပဲ မေလထဲမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ
ကျင်းပမယ်၊ ဒီနောက် သက္ကရာဇ် ၂၀၁၀ မှာ ရွေးကောက်ပွဲအသစ်တွေ လုပ်မယ်ဆိုပြီး
တော့လည်း ကြေညာထားတာပါ။ ဒါဟာ တကယ်ပဲ ပြည်ထောင်စုတရပ်ကို စုစည်း တည်ဆောက်နိုင်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပုံတော့ မရှိပါဘူး။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း
ကတော့ …

“ကျနော်တို့ လုံးဝမယုံကြည်ပါဘူး။ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ထင်တယ်။ ဘာဖြစ်လို့
လဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေတောင် မထွက်သေးဘူးပေါ့ဗျာ။ Draft
Constitution လည်း မရှိသေးပါဘူး။ ကျနော်တို့ National Convention ကထုတ်တဲ့ အသေးစိတ်အခြေခံရမယ့်မူတွေကိုကြည့်ရင် ဒီဥစ္စာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ
မရောက်တဲ့ Constitution ဖြစ်နေတယ်။ အဲတော့ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်
ဘဲနဲ့ အခုလိုပဲ စစ်ခေါင်းဆောင်တွေက ဆက်ကာ ဆက်ကာ အုပ်ချုပ်မယ်ဆိုရင် အရင်
အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံအရ ဘယ်လိုမှ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဖြစ်မယ်လို့ ကျနော်တို့တော့ မယုံကြည်ဘူးဗျ။”

ဒီကနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သဝဏ်လွှာထဲမှာတော့ အစိုးရက တိုးတက်ဖွံ့ဖြိုးမှု
တွေ ဆောင်ရွက်နေပေမယ့်လည်း ပြည်ထောင်စုကြီး အင်အားချည့်နဲ့အောင် အဆိုးမြင်
ရှိသူတွေက နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်၊ ဒါ့ကြောင့်လည်း တိုးတက်မှု
တွေဟာ နှောင့်နှေးနေရတယ်ဆိုပြီးတော့ ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း သဘောထားကွဲလွဲသူတွေကို အဆိုးမြင်သူတွေလို့ သတ်မှတ်တာဟာ ပြည်ထောင်စု
စိတ်ဓာတ်ကို ဖော်ညွှန်းရာမရောက်ဘူး၊ နောက်ပြီး တကယ်တမ်း လက်တွေ့မှာလည်း
အင်အားချည့်နဲ့အောင်လုပ်တာကို ခံနေရတာဟာ အန်န်အယ်လ်ဒီသာဖြစ်တယ်လို့
ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော့်အယူအဆအရတော့ အဲဒီလိုပြောတာ လုံးဝမှားနေတယ်။ ဘာဖြစ်လို့မှားလဲ
ဆိုတော့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို သူတို့သဘောပေါက်တာ လွဲနေလို့ပါ။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးညီညီညွတ်ညွတ်နဲ့ မပြေလည်တဲ့ဟာကို
ပြေလည်အောင်၊ တူတာတွေကိုပေါင်းလုပ်၊ မတူတာတွေကို ညှိနှိုင်းလုပ်။ အဲဒီဟာကမှ ပြည်ထောင်စုစိတ်ဓာတ်ဗျ။ အဲဒီလိုမလုပ်ဘဲနဲ့ ငါလုပ်တာ လိုက်လုပ်ပါဆိုတာ ပြည်ထောင်စုစိတ်ဓာတ်မဟုတ်ဘူး။ အဲဒါကြောင့် ဒါ လုံးဝမှားနေတယ်လို့ အန်ကယ်တို့
ယူဆတယ်။ ရွေးကောက်ပွဲပြီးကတည်းက၊ အန်န်အယ်လ်ဒီနိုင်သွားတယ်ဆိုကတည်းက အန်န်အယ်လ်ဒီကို ဂုဏ်သိက္ခာကျအောင်၊ အင်အားလျော့အောင် တောက်လျှောက် အခုထိလုပ်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အန်န်အယ်လ်ဒီက အနိုင်ရလို့။ အဓိက
ဒါပါပဲ။ ဒီပေါ်မှာမူတည်ပြီးတော့ သူတို့က အဲန်အယ်လ်ဒီကို သိက္ခာကျအောင်၊
အန်န်အယ်လ်ဒီကလုပ်တာတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အမျိုးစုံပေါ့။ အခုမှမဟုတ်
ပါဘူး၊ တောက်လျှောက်ပါ”

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီကနေ့ ပြည်ထောင်စုနေ့
သဝဏ်လွှဲထဲမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက တုံ့ပြန်ခဲ့တာပါ။

ရန်ကုန်မြို့မှာ ဒီကနေ့ အန်န်အယ်လ်ဒီက ကမကထလုပ်ကျင်းပတဲ့ အခမ်းအနားကို
တော့ လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ သိုက်သိုက်ဝန်းဝန်းပဲ ကျင်းပနိုင်ခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နိုင်ငံရေးအင်အားစုတွေကတော့ ကျနော်တို့ဆီမှာ ဒီနေ့ အကုန်စုစည်းပါတယ်။
Activists တွေရော၊ ဝါရင့်တွေရော၊ ကျောင်းသားတွေရော၊ စီအာပီပီရော အကုန်လုံး
ကျနော်တို့ဆီမှာ စုစုစည်းစည်းတက်ပါတယ်။ ခါတိုင်းထက်ကို နည်းနည်းပိုမယ်ဗျ။
ခြောက်ရာ ခုနှစ်ရာလောက်တော့ရှိမယ်။ လုံခြုံရေးလည်း အထူးများတယ်ပေါ့ဗျာ။
ကျနော်တို့ ရဲမမြင်ဘူး၊ စစ်သားမမြင်ဘူး။ အရပ်ဝတ်နဲ့ ရဲမဟုတ်သော၊ စစ်သားမဟုတ်
သော ပုဂ္ဂိုလ်တွေ နှစ်ရာ သုံးရာလောက် ကျနော်တို့ရုံးရှေ့မှာ လာရပ်နေကြတယ်”

ဒီကနေ့ကျရောက်တဲ့ ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ အန်န်အယ်လ်ဒီရုံးချုပ်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက ကျင်းပ
ခဲ့တဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG