သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ နေအိမ်မှာ လုပ်ကြံခံရ


ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း ဒီကနေ့ညနေမှာပဲ အမည်မသိ သေနတ်
သမားတွေက ပစ်ခတ်လုပ်ကြံသွားခဲ့လို့ ကွယ်လွန်သွားခဲ့ပါတယ်။ ထိုင်း-မြန်မာ
နယ်စပ် မဲဆောက်မြို့နေအိမ်မှာ ပဒိုမန်းရှာ
ဒီကနေ့ညနေက လုပ်ကြံခံခဲ့ရတာပါ။ အဲဒီနေရာကိုရောက်ရှိနေတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ နောက်ဆုံးတွေ့မြင်နေရတဲ့ အခြေအနေတွေ
ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး တင်ပြ
ထားပါတယ်။

ပဒိုမန်းရှာ ဒီကနေ့ညနေက သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လု့ိ နောက်ဆုံးတွေ့နေရတဲ့ အခြေအနေတွေနဲ့ မအေးအေးမာစုံစမ်းထားတာတွေကို
ရှင်းပြပါခင်ဗျာ။
“လက်ရှိအခြေအနေမှာတော့ ပဒိုမန်းရှာအိမ်မှာ ရဲတွေလည်း အများအပြား ရောက်နေ
တယ်။ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကခေါင်းဆောင်တွေ၊ တိုင်းရင်းသား
ခေါင်းဆောင်တွေလည်း အများအပြား တွေ့ရပါတယ်။ သူဖြစ်သွားတာကတော့ ညနေ
၄ နာရီလောက်မှာ အမည်းရောင် ဟိုင်းလပ်ကားတစီး ရောက်လာပြီး ပဒိုမန်းရှာရဲ့
အိမ်ပေါ်ထပ်ကို လူ ၂ ယောက်တက်လာတယ်။ တက်လာပြီး ကရင်လို ဟားလဲအဂေး
အတီး ဆိုပြီးပြောတယ်။ ဗမာလိုဆိုရင် မင်္ဂလာညနေခင်းပါဦးလေးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒီလိုပြောပြီး ပဒိုမန်းရှာရဲ့ ဘယ်ဘက်ရင်အုံကို တချက်ပစ်လိုက်တယ်။ ပြီးတော့ သူပြန်ဆင်းသွားတယ်။ ဆင်းသွားပြီးတဲ့အခါ နောက်တယောက်က ထပ်တက်လာပြီး
တော့ နှစ်ချက်ထပ်ပစ်တယ်။ ပဒိုမန်းရှာက ရင်ဘတ်မှာတချက်ထိပြီး ဗိုက်မှာ နှစ်ချက်
ထိသွားတယ်။ ဒုတိယအချက်နဲ့ တတိယအချက်တွေမှာတော့ သူ့အနေနဲ့ လက်နဲ့ကာပုံ
ရတယ်။ သူ့လက်မှာလည်း သေနတ်ဒဏ်ရာတွေ တွေ့ရတယ်”

သေနတ်ဒဏ် သုံးချက်ထိခဲ့တာပေါ့။
“ဟုတ်ကဲ့ရှင့်”

အဲဒါက မျက်မြင်သက်သေတွေက ပြောတာလားခင်ဗျာ။
“ဟုတ်ကဲ့၊ ကျမ မြင်ရတာပါ”

အဲဒီပစ်သွားတဲ့လူတွေက ဘယ်အဖွဲ့အစည်းကလဲ။ ကရင်စကားပြောတယ်ဆိုတော့ ကရင်လူမျိုးတွေလား၊ တခြား ဘယ်သူတွေဖြစ်နိုင်တယ်လို့ရော ပြောကြလဲ။
“အခုလောလောဆယ် အခြေအနေမှာတော့ အမျိုးမျိုးပြောနေကြတာပေါ့။ ဒါပေမယ့် ကရင်လိုပြောကြတယ်ဆိုတော့ ကရင်အဖွဲ့အစည်းတွေကလို့ပဲ ပြောနေကြတယ်”

ကရင်အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းလို့ သူတို့က ဆိုလိုတာပါလဲခင်ဗျ။
“အခုလောလောဆယ် အခြေအနေမှာတော့ ပြောရခက်ပါသေးတယ်။ ဘယ်သူက လုပ်ကြံသွားတယ်ဆိုတာကို အတိအကျတော့ မပြောနိုင်သေးဘူး”

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာတွေ၊ စုံစမ်းတာတွေ၊ ဘာတွေရှိနေပြီ
လဲခင်ဗျာ။
“အခုအချိန်မှာ ရဲတွေကလည်း အပြည့်ရောက်နေတယ်။ ရဲတွေက သူ့ကိုပစ်သွားတဲ့ သေနတ်ကျည်ဆံတွေ၊ သူ့ရဲ့အလောင်းကို စစ်ဆေးနေတာတွေ လုပ်နေကြတာ တွေ့ရ
ပါတယ်”

ပစ်သွားတဲ့လူတွေက စုစုပေါင်း ဘယ်နှစ်ယောက်လဲ၊ ပဒိုမန်းရှာတယောက်တည်းပဲ
ထိတာလား။ တခြား အိမ်ထဲမှာ ဘယ်သူတွေရှိလဲ၊ တခြားထိတဲ့၊ မှန်တဲ့လူတွေရော
ရှိလားခင်ဗျာ။
“တခြားမှန်တဲ့လူတွေတော့ မရှိဘူး။ ပဒိုမန်းရှာက ညနေပိုင်းမှာ ထမင်းစားပြီး သူ့ရဲ့
အိမ်ပေါ်ထပ်တက်လာပြီး ပန်းသီးစားနေတယ်။ အဲဒီအချိန် သူ့ဘေးမှာ သူ့တူမလေး တယောက်ရှိတယ်။ သူ့တူမလေးရှေ့မှာပဲ ပစ်သတ်သွားတာ”

သူ့တူမလေးရော ဒဏ်ရာရတာ၊ ထိတာရှိလား။
“သူ့တူမလေးကိုတော့ ဘာမှမလုပ်သွားပါဘူး။ ဘာဒဏ်ရာမှလည်း မရပါဘူး”

ပဒိုမန်းရှာရဲ့နေအိမ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတယ်ဆိုတော့ အခုလိုမျိုး မဲဆောက်မြို့ထဲမှာပဲ တိုင်းရင်းသားခေါင်းဆောင်တယောက်ကို လာပြီးတော့ သေနတ်
နဲ့ပစ်ပြီး လုပ်ကြံသွားတယ်ဆိုတော့ မဲဆောက်မြို့မှာ လုံခြုံရေးအခြေအနေတွေ
ဘယ်လိုရှိလဲခင်ဗျ။
“အခုလောလောဆယ်မှတော့ ထိုင်းရဲတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထား
တာတော့ တွေ့ရတယ်။ ဒါပေမယ့် အခု ပစ်သတ်ခံရတဲ့အချိန်မှာတော့ ပဒိုမန်းရှာရဲ့
အိမ်မှာ လုံခြုံရေးမရှိဘူး”

လုံခြုံရေးမရှိလို့ ပစ်သတ်ခံရတာလား၊ လုံခြုံရေးတွေရှိရင်ရော အခုလို လုပ်ကြံမှုတွေ
က ရှိတတ်သလားခင်ဗျ။ အဲဒီဒေသမှာ။
“မဲဆောက်မြို့မှာ အခုလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာတွေတော့ရှိတယ်။ သို့သော်
လည်းပဲ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တယောက်ကို ဒီလိုမျိုးလုပ်တယ်
ဆိုတာတော့ အခုချိန်မှပဲ ကြားဖူးတယ်”

ပတ်ဝန်းကျင်မှာရော တခြား ဘာတွေထပ်ထူးခြားတာ ရှိပါသေးလဲ။ သူ့မိသားစုတွေ
ဘက်ကရော ဘာတွေပြောကြပါလဲ။
“သူ့မိသားစုမှာဆိုရင် သူ့တူမလေးကတော့ မျက်မြင်သက်သေပေါ့။ သူက ဘာမှကို သိပ်မပြောနိုင်တော့ဘူး။ စိတ်ဝေဒနာခံစားနေရတဲ့ပုံ ရှိတယ်ရှင့်”

ပဒိုမန်းရှာဟာ သေနတ်သမားတွေရဲ့လက်ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတာပေါ့။
“ဟုတ်ကဲ့၊ ပွဲချင်းပြီးပဲ သေဆုံးသွားတာပါ”

ကေအန်ယူအဖွဲ့အစည်းကရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေပြောနေကြလဲ၊ သူတို့ ဘယ်လိုဆောင်ရွက်မှုတွေ ရှိနေပြီလဲ။
“အခု ကေအန်ယူအဖွဲ့အစည်းအတွင်းမှာတော့ သေနတ်သမားတွေက ဘယ်သူတွေလဲ
ဆိုတာကို လိုက်လံစုံစမ်းမှုတွေလုပ်နေတာကိုတော့ တွေ့ရပါတယ်”

တခြား နိုင်ငံရေးအင်အားစုတွေဘက်ကရော ဘာတွေပြောနေကြပါလဲ။
“ပဒိုမန်းရှာအိမ်မှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်တွေ တော်တော်များများ လာရောက်ကြတာကို
တွေ့ရပါတယ်။ သူတို့ကလည်း အတော်ကို စိတ်မကောင်းတဲ့မျက်နှာမျိုးတွေ တွေ့ရ
တယ်။ တချို့တွေလည်း ငိုနေကြတာ တွေ့ရပါတယ်”

တခြားထူးခြားချက်တွေရော ဘာတွေရှိပါသေးလဲ။
“ပဒိုမန်းရှာနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအရပြောရမယ်ဆိုရင် ပဒိုမန်းရှာဟာ ၁၉၆၅
ခုနှစ်မှာ တောခိုပြီး ပဲခူးရိုးမကိုရောက်ခဲ့ပါတယ်။ ၆၆ ခုနှစ်မှာဆိုရင် တရုတ်ပြည်ကို ဆရာကြီးစောလယ်တောဆိုတဲ့ အဲဒီအချိန်တုန်းက ကေအန်ယူပီရဲ့ အထွေထွေအတွင်း
ရေးမှူးပေါ့၊ အဲဒီကိုယ်စားလှယ်အဖွဲ့နဲ့ အတူတူ ခရီးသွားခဲ့တာတွေရှိတယ်။ ၁၉၇၄
ခုနှစ်မှာလည်း တခါ တရုတ်ပြည်ကို သွားခဲ့တာတွေ ရှိတယ်။ ၁၉၇၅ ခုနှစ်မှာတော့
ပဲခူးရိုးမမှာပဲ ကေအန်ယူပီနဲ့ ကေအန်ယူတို့ ပြန်လည်ပေါင်းစည်းကြပြီး အဲဒီအချိန်မှာ
သူက ကေအန်ယူရဲ့ ညောင်လေးပင်ခရိုင်မှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့
တယ်လို့ သိရပါတယ်။ ၁၉၇၅-၇၆-၇၇ ခုနှစ်မှာတော့ သူ ရှေ့တန်းမှာ တပ်နဲ့အတူ၊
လူထုနဲ့အတူ နေခဲ့တယ်။ ၂၀၀၀ ခုနှစ် ကေအန်ယူရဲ့ ၁၂ ကြိမ်မြောက် ကွန်ဂရက်မှာမှ အထွေထွေအတွင်းရေးမှူးဖြစ်တယ်လို့ သိရပါတယ်”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG