သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ အစ္စရေးအပေါ် ခြိမ်းခြောက်မှု နိုင်ငံတကာကို အမေရိကန် သတိပေး


ဟက်ဇ်ဘိုလာ (Hezbollah) တပ်မှူးတဦး
လည်းဖြစ်၊ အကြမ်းဖက်မှုလုပ်ငန်းတွေကို
နောက်က ကြိုးကိုင်နေသူလည်းဖြစ်တယ်
ဆိုတဲ့ အီမတ်မုခ်နီယာ (Imad Mughniyeh) ဒမတ်စကတ်မြို့မှာ လုပ်ကြံခံခဲ့ရပြီးနောက်
ပိုင်း အစ္စရေးတို့အပေါ် ဟက်ဇ်ဘိုလာတို့ရဲ့ ခြိမ်းခြောက်မှုတွေဟာ စိတ်ပူစရာဖြစ်လာ
တယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့
က ထုတ်ဖော်ပြောကြားသွားပါတယ်။ လက်ဘနွန်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟက်ဇ်
ဘိုလာတို့က မစ္စတာမုခ်နီယာ သေဆုံးရမှု
အတွက် အစ္စရေးတို့ကို လက်ညှိုးထိုးပြီး
အစ္စရေးနဲ့ ပြောင်ပြောင်တင်းတင်း စစ်ခင်းဖို့ အဆင်သင့်ပဲလို့ ဟက်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဇ်ရယ်လ်လာ (Hassan
Nazrallah) က ပြောပါတယ်။ ဗွီအိုအေသတင်းထောက် David Gollust အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထား
ပါတယ်။

ဟက်ဇ်ဘိုလာဟာ အရင်ကတည်းက အကြမ်းဖက်လုပ်ငန်းတွေ လုပ်လာခဲ့တဲ့ အစဉ်
အလာရှိတော့ အခုနောက်ဆုံး အစ္စရေးတို့ကို ခြိမ်းခြောက်ထားတာကို အလေးအနက်
ယူဆပြီး နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားဖို့လိုတယ်လို့ အမေရိကန်နိုင်ငံခြား
ရေးဌာန အရာရှိတွေက ပြောသွားတာပါ။ လုပ်ကြံမှုဟာ သူတို့နဲ့မဆိုင်ပါဘူးလို့ အစ္စရေး
တို့က ငြင်းဆိုပေမယ့် ကြောက်စရာအကောင်းဆုံး အကြမ်းဖက်ခေါင်းဆောင်
တယောက်လို့ ကမ္ဘာကယူဆထားတဲ့ မစ္စတာမုခ်နီယာကို ဆီးရီးယားနိုင်ငံ ဒမတ်စကတ်
မြို့က လူနေရပ်ကွက်တခုမှာ ဗုဒ္ဓဟူးနေ့က ကားဗုံးခွဲလုပ်ကြံခဲ့တဲ့ကိစ္စဟာ အစ္စရေးတို့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဟက်ဇ်ဘိုလာတို့က အပြစ်တင်ပါတယ်။

ဒီသတ်ဖြတ်မှုဟာ အစ္စရေးတို့နဲ့ဖြစ်နေတဲ့ စစ်မြေပြင်ပြင်ပမှာ ဖြစ်ပွားတာဖြစ်တယ်။
စစ်မြေပြင်ဆိုတာ အစ္စရေး-လက်ဘနွန်နယ်စပ်ဒေသကို ပြောတာဖြစ်ပြီး တကယ်လို့
အစ္စရေးတို့ပဲ ပြောင်ပြောင်တင်းတင်း စစ်ခင်းချင်တယ်ဆိုရင်တော့ ရစေရမယ်လို့ ဘေရွတ်မြို့တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ မစ္စတာမုခ်နီယာရဲ့ ဈာပန
အခမ်းအနားကို တက်ရောက်လာတဲ့ ထောင်သောင်းချီတဲ့ ဟက်ဇ်ဘိုလာထောက်ခံသူ
တွေကို မစ္စတာနာဇ်ရယ်လ်လာက ဗွီဒီယိုကနေ ပြောကြားသွားတာပါ။

ကမ္ဘာတခွင်မှာလည်း ဟက်ဇ်ဘိုလာက အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ သာဓက
တွေ အများကြီးရှိထားတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ ရောင်းရင်းနိုင်ငံ
တခုလည်းဖြစ်၊ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ အစ္စရေးကို ခြိမ်းခြောက်မှုလုပ်တိုင်း ဒါကို
ကမ္ဘာတခုလုံးက စိုးရိမ်ကြရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရှောင်
မက်ကောမက် (Sean McCormack) က သတင်းထောက်တွေကို ပြောကြားပါတယ်။

“ယဉ်ကျေးမှုမြင့်မားတဲ့ ဒီမိုကရေစီနည်းကျ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းတခု
ကို အကြမ်းဖက်အုပ်စုက ခြိမ်းခြောက်မှုပြုလုပ်ရင် ကျနော်တို့အားလုံး စိတ်ပူကြရပါ
တယ်။ တကယ်လို့သာ အိမ်နီးချင်းနိုင်ငံတနိုင်ငံ ဒါမှမဟုတ် မိတ်ဆွေ ဒီမိုကရေစီနိုင်ငံ
တနိုင်ငံမှာ ဘာဖြစ်ဖြစ် ကိုယ့်အပူမဟုတ်ဘူးလို့ သဘောထားရင်တော့ အဲဒီမှာ
ပြဿနာစတာပါပဲ။ ဒီတော့ ယေဘုယျပြောရမယ်ဆိုရင်တော့ ဟက်ဇ်ဘိုလာတို့ရဲ့
ကြေညာချက်က အားလုံးအတွက် စိတ်ပူစရာပါ”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင်မက်ကောမက်
ပြောသွားတာပါ။

မစ္စတာမုခ်နီယာရဲ့ ဈာပနကို အီရန်နိုင်ငံခြားရေးဝန်ကြီး မာနိုရှီးရား မိုတာကီ
(Manouchehr Mottaki) တက်ရောက်တာကလည်း အီရန်နဲ့ အကြမ်းဖက်သမားတွေနဲ့
ဖွဲ့စည်းထားတဲ့ ဟက်ဇ်ဘိုလာတို့အကြား အစဉ်အဆက် ဆက်စပ်မှုရှိနေတယ်ဆိုတာ
ပြသတာပဲလို့ မစ္စတာမက်ကောမက်ကပဲ ပြောပါတယ်။ အဲဒီလို မစ္စတာမက်ကောမက်
ဗုဒ္ဓဟူးနေ့က တဲ့တိုးပြောသွားတဲ့အထဲမှာ လူတွေအများကြီးကိုသတ်ခဲ့တဲ့ သွေးအေး
လူသတ်သမား၊ သူ့ကြောင့် အပြစ်မဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ မစ္စတာ
မုခ်နီယာ မရှိတော့လို့ ကမ္ဘာကြီး ပိုငြိမ်းချမ်းသွားတယ်လို့ မစ္စတာမက်ကောမက်က ထည့်ပြောသွားပါတယ်။

အခုသေဆုံးသွားတဲ့ မစ္စတာမုခ်နီယာဟာ အမေရိကန်က ထုတ်ပြန်ထားတဲ့ အလိုအရှိ
ဆုံး လူဆိုးစာရင်းထဲမှာပါဝင်ပြီး သူဟာ အဓိကအကြမ်းဖက် တိုက်ခိုက်မှုကြီးတွေနဲ့
လည်း ဆက်စပ်နေသူလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ သူတို့ပြောတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ အမေရိကန် စစ်မှုထမ်းတွေနဲ့ သံရုံးအမှုထမ်းတွေ ရာချီပြီးသေဆုံးခဲ့တဲ့ ၁၉၈၀ ပြည့်လွန်က ဘေရွတ်ဗုံးခွဲမှု၊ လူရာကျော်သေဆုံးစေခဲ့တဲ့ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့တော်က ဂျူးဘာသာဝင်တွေစုဝေးရာ အသင်း
တိုက်ကို ၁၉၉၀ ပြည့်လွန်က ဗုံးခွဲတိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။

မစ္စတာမုခ်နီယာရဲ့ ဈာပနအခမ်းအနားဟာ အခုနှစ်ပိုင်းတွေအတွင်း ဗုံးခွဲတိုက်ခိုက်ခံရ
လို့ သေဆုံးရတဲ့ သဘောထားအလယ်အလတ်ရှိတဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်
သူ လက်ဘနွန်ရဲ့ အနောက်တိုင်းအစိုးရကိုထောက်ခံတဲ့ ဝန်ကြီးချုပ် ရာဖစ်က်ဟာရီရီ
(Rafik Hariri) ကွယ်လွန်တဲ့ ၃ နှစ်ပြည့်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီလို ၃ နှစ်
ပြည့်သွားပြီဆိုတဲ့နေ့မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ အပြည့်အဝထောက်ခံမှုကို
ထပ်ပြီး ခိုင်မာစေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံခြားလွှမ်းမိုးမှုက ကင်းလွတ်ပြီး လွတ်လပ်ပြီး ဒီမို
ကရေစီနည်းကျ နိုင်ငံတခုတည်ဆောက်ချင်သူ လက်ဘနွန်နိုင်ငံသားတွေနဲ့အတူ ရပ်တည်လျက်ရှိပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရှောင်မက်ကော
မက်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG