ထိုင်းနိုင်ငံမှာခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်
တွေကို ဂျပန်နိုင်ငံကလက်ခံဖို့ စဉ်းစားနေ
တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ
လူငယ်ပိုင်းအရွယ် ရှားပါးနေမှုနဲ့ အလုပ်
သမား လိုအပ်နေမှုအပြင် မြန်မာနိုင်ငံသား
တွေရဲ့စရိုက်ဟာ ဂျပန်ယဉ်ကျေးမှုနဲ့ နီးစပ်
တဲ့အတွက် မြန်မာဒုက္ခသည်တွေကို ဂျပန်
နိုင်ငံကခေါ်ယူဖို့ ဝန်လေးမှာမဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါ
တယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံမယ်လို့ စဉ်းစားလာတာဟာ ဂျပန်နိုင်ငံ
မှာ ကျင့်သုံးနေတဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒတွေ သိပ်ကိုတင်းကျပ်တယ်လို့ နိုင်ငံတကာ
က ဝေဖန်မှုတွေကို လျော့ပါးလာစေမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယပြောခွင့်ရ တိုမိုဟိကို တာနိဂုချိ (Tomohiko Taniguchi) ကတော့ ဂျပန်အစိုးရ
အနေနဲ့ ဒီကိစ္စကို စဉ်းစားနေပြီဖြစ်ပေမယ့် တိတိကျကျတော့ မဆုံးဖြတ်ရသေးဘူးလို့
ပြောပါတယ်။
“ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဂျပန်နိုင်ငံက လက်ခံဖို့
အတွက် ဆွေးနွေးနေတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုထိ တိတိကျကျ မဆုံး ဖြတ်ရသေးပါဘူး”
တတိယနိုင်ငံအဖြစ်နဲ့ ဒုက္ခသည်တွေကို ဂျပန်နိုင်ငံက လက်ခံစောင့်ရှောက်ပေးမယ်
ဆိုတာဟာ အခု ပထမဆုံးအကြိမ်ဖြစ်တာမို့ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေး၊ တရားရေး၊
ကျန်းမာရေး၊ အလုပ်သမားရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနတွေမှာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချမှတ်မှုတွေ အဆင့်ဆင့်လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ ဂျပန်
နိုင်ငံက လက်ခံခဲ့တာတွေရှိပေမယ့် အခုလို ဒုက္ခသည်စခန်းက မြန်မာတွေကို တတိယ
နိုင်ငံအနေနဲ့ လက်ခံတာမျိုး လုံးဝမရှိသေးပါဘူး။ အခုမှ ဘာကြောင့် ဂျပန်နိုင်ငံက ဒါမျိုးစဉ်းစားလာတယ်ဆိုတာကို ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံးတာဝန်ခံ ဒေါက်တာ
မင်းညိုကို မေးကြည့်ပါတယ်။
“ဂျပန်ပြည်မှာ ၁၉၇၀ ကျော်လောက်ကတည်းက ဥပဒေတရပ်ရှိတယ်။ အင်ဒိုချိုင်းနား
ကနေ အထူးသဖြင့် Boat People တွေပေါ့၊ လှေလေးတွေနဲ့ ထွက်ပြေးလာတဲ့ ဗီယက်
နမ်တို့၊ ကမ္ဘောဒီးယားတို့၊ လာအိုဘက်တို့ကနေ ထွက်ပြေးလာတဲ့လူတွေ ဂျပန်နိုင်ငံကို ရောက်လာတယ်။ ရောက်လာတော့ အဲဒီအချိန်တုန်းက ကမ္ဘာကြီးမှာ နိုင်ငံပေါင်းစုံက
ဝိုင်းပြီးလက်ခံလိုက်တဲ့အတွက် ဂျပန်က လက်မခံရင် မရဘူး။ မရတဲ့အတွက် သူတို့က
လွှတ်တော်မှာ ဥပဒေထုတ်ပြီး အင်ဒိုချိုင်းနား ဒုက္ခသည်များ ကူညီရေးဥပဒေဆိုတာ
ရှိပါတယ်။ အဲဒီအင်ဒိုချိုင်းနားမှာ Refugee ဆိုတာက အခုက မရှိတော့ဘူးဖြစ်နေပြီ။
“အခုပြောရင်တော့ အရှေ့တောင်အာရှက အများဆုံးလာနေတာ မြန်မာနိုင်ငံက
ဖြစ်နေတယ်။ အဲဒီတော့ မြန်မာနိုင်ငံက ဂျပန်ပြည်မှာလည်း ဒီလို လျှောက်လွှာတင်တဲ့
လူတွေက အများကြီးဖြစ်နေတယ်။ နောက်တခါ ထိုင်းတို့ ကျန်တဲ့နိုင်ငံပေါင်းစုံကလည်း အများကြီးဖြစ်နေတယ်ဆိုတာကို နိုင်ငံတကာကလည်း ဝိုင်းပြောနေတယ်။ နောက်
တခါ Refugee ကို အသိအမှတ်ပြုတဲ့နှုန်းက သိပ်နည်းနေတော့ နိုင်ငံတကာကလည်း
Pressure တွေပေးနေတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ခုနဥပဒေကလည်း ဘတ်ဂျက်
တို့ဘာတို့က ရှိသင့်သလောက်ရှိထားတော့ အင်ဒိုချိုင်းနားကလာတဲ့ Refugee တွေ
အစား မြန်မာနိုင်ငံကလာတဲ့ Refugee တွေပေးရင် ကောင်းမလားဆိုတဲ့ အယူအဆက
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ထွက်နေတဲ့ဟာပါ။ လွှတ်တော်ထဲမှာလည်း လူ့အခွင့်အရေးလုပ်တဲ့ အမတ်အုပ်စုတွေကနေ အဲဒီကိစ္စကို ပြောနေကြတာ ကြားနေရ
တာမို့ အဲဒါကြောင့် ဖြစ်ပေါ်လာတယ်လို့ ကျနော်တို့ တွက်ဆလို့ရပါတယ်”
အခု မြန်မာဒုက္ခသည်တွေထဲမှာ သူနာပြုတို့ ဘာတို့ ကျွမ်းကျင်ပညာရှင်တွေက အများ
ကြီး ပါနေတဲ့အတွက် သူတို့စဉ်းစားတယ်။ သူတို့အကျိုးစီးပွားအတွက် စဉ်းစားတယ်
လို့ရော ထင်ပါသလား။
“နိုင်ငံခြားရေးပေါ်လစီဆိုတာက ပြောရင်တော့ သူတို့နိုင်ငံရဲ့ အကျိုးအမြတ်ပေါ်မှာ
စဉ်းစားတဲ့ဝါဒဆိုတော့ ဒါကတော့ ပါကိုပါတာပေါ့။ မြေကြီးလက်ခတ်မလွဲ ပါတာပေါ့။ ဘာမှမတတ်တဲ့လူတွေကို ခေါ်မှာထက်စာရင် တတ်တဲ့လူတွေခေါ်တာလည်း ကောင်း
တယ်။ နောက်တခုက သူတို့က ဘာပြဿနာဖြစ်နေလဲဆိုတော့ အသက်ကြီးတဲ့လူတွေ
ရဲ့ population အချိုးနှုန်းက များနေပြီးတော့ အသက်ငယ်တဲ့လူတွေနှုန်းက နည်းနေ
တယ်။ ကျနော်တို့ ပိရမစ်ကြီးကို ပြောင်းပြန်ပြန်တဲ့ပုံစံမျိုး ရောက်စပြုနေပြီ။
“ပြောမယ်ဆိုရင်တော့ ဆင်းရဲတဲ့လူတွေ၊ ပညာမတတ်တဲ့လူတွေခေါ်ရင်တောင်
ငယ်တဲ့လူတွေလည်း သူတို့ခေါ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ အလုပ်ကြမ်းလုပ်ဖို့
လူတွေက အများကြီးလိုတာကိုး။ ဆိုတော့ သူတို့အတွက်ကတော့ မိုင်းနပ်စ်ဖြစ်စရာ
မရှိဘူး။ ပလပ်စ်ဖြစ်ဖို့များတယ်။ နောက်ပြီးတော့လည်း မြန်မာနိုင်ငံက လာတယ်
ဆိုတော့လည်း ဘယ်လူမျိုးပဲဖြစ်ဖြစ် သူတို့ဂျပန်ယဉ်ကျေးမှုနဲ့ သိပ်ပြီးတော့ မဝေးဘူး
လို့ သူတို့က ခံယူတာကြောင့် ကျနော်ထင်တယ်၊ ဒီတခါ နည်းနည်းပါးပါးခေါ်ဖြစ်ရင်
နောက်ပိုင်း မြောက်မြားစွာခေါ်လာနိုင်တဲ့ အလားအလာတွေ များတယ်လို့ ထင်ပါ
တယ်”
ဒေါက်တာမင်းညို ပြောသွားတာဖြစ်ပါတယ်။
စက်တင်ဘာအရေးအခင်းနောက်ပိုင်း မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ မခံရ
အောင် တိမ်းရှောင်ပြီး ထိုင်းနိုင်ငံကို လာရောက်ခိုလှုံကြတဲ့ မြန်မာဒုက္ခသည်ပေါင်း တသိန်းခွဲလောက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက
ပြောပါတယ်။