သံဃာ့တပ်ပေါင်းစုအပါအ၀င် အဖွဲ့ ၁၂ ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီက မြန်မာစစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့မိသားစုတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် စစ်အစိုးရကို စစ်လက်နက်နည်းပညာ အထောက်အကူ
ပေးနေတဲ့ နိုင်ငံတွေကလုပ်တဲ့ ကုန်ပစ္စည်းတွေကို ၀ယ်ယူမသုံးစွဲဘဲ စီးပွားရေးသပိတ်
မှောက်ကြဖို့ လူထုကို နှိုးဆော်ထားပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက စုစည်းတင်ပြထားပါတယ်။
ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေနဲ့ စုစည်းထားတဲ့ အဖွဲ့ ၁၂ ဖွဲ့ ပါဝင်တဲ့ လူထု
လှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီကနေ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး
လုပ်ငန်းများကို သပိတ်မှောက်ဖို့ နှိုးဆော်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အချက်အချာ
ကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဗိုလ်ချုပ်ကြီးတွေက လက်ဝါးကြီးအုပ်ထားတာ
ကြောင့် လူထုတွေအနေနဲ့ မ၀ယ်ယူ မသုံးစွဲဘို့အတွက် သတိပေးလိုက်ခြင်းလည်း
ဖြစ်ပါတယ်။
ဒီထဲမှာ ဦးပိုင်လီမိတက်ပိုင်ဆိုင်တဲ့လုပ်ငန်းများ၊ အောင်ဘာလေထီဆိုင်၊ ဗိုလ်ချုပ်
မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး မိသားစုပိုင် ဆိုင်များလည်း ပါဝင်ပါတယ်။ အဖွဲ့
၁၂ ဖွဲ့ထဲမှာပါဝင်တဲ့ သံဃာ့တပ်ပေါင်းစုကြီးက ပြောရေးဆိုခွင့်ရှိသူ ဦးပညာဝံသ
ကတော့ …
“ရည်ရွယ်ချက်ကတော့ မြန်မာနအဖစစ်အစိုးရနဲ့ သူ့ရဲ့ အပေါင်းအပါတစု ပူးပေါင်းပြီး
လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်။ ဘာဖြစ်လို့
လဲဆိုရင် စစ်အစိုးရနဲ့ သူ့အပေါင်းအပါ အဖွဲ့တွေဟာ တေဇတို့ဘာတို့ပေါ့ဗျာ၊ သူတို့တွေ
က စီးပွားရေးမှာ လက်ဝါးကြီးအုပ်တယ်။ အဲဒီစီးပွားရေးက ရရှိလာတဲ့ အကျိုးအမြတ်
တွေနဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်တယ်။ ၀ယ်လို့ရလာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့
ပြည်သူတွေကို နှိပ်ကွပ်တယ်၊ အနိုင်ကျင့်အုပ်ချုပ်တယ်။ အဲဒါကြောင့် ဒီဟာကို
ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်။ တိုင်းသူပြည်သားတွေကိုလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ကြဖို့ ဦးဇင်းတို့ တိုက်တွန်းတယ်”
ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းလွန်းတာကြောင့် ထွက်ပေါက်အဖြစ် ထီထိုးကြပါ
တယ်။ ဒီထီတွေရဲ့ ရောင်းရငွေတွေဟာ မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့အတွက်သာ
ဖြစ်တာကြောင့် ထီတွေကိုလည်း မထိုးသင့်တဲ့အကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့်အောင်ကလည်း အခုလို ဆက်ပြောသွားပါတယ်။
“အောင်ဘာလေထီ ရောင်းရငွေရဲ့ ၄၀ ရာခိုင်နှုန်းကို သူတို့ အစိုးရကနေပြီး အမြတ်ငွေ အဖြစ်ယူတယ်။ အဲတော့ ပြည်သူလူထုက ထီမထိုးဘူးဗျာ။ နောက် စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေဖွင့်ထားတဲ့ စူပါမားကက်တွေ၊ ကုမ္ပဏီတွေ၊ အဲဒီကုမ္ပဏီထုတ်ပစ္စည်းတွေ
ကို အားမပေးဘူးဆိုရင်၊ မ၀ယ်ဘူးဆိုရင် ဒီကုမ္ပဏီကရတဲ့ အကျိုးအမြတ်တွေနဲ့ ပြည်သူ
တွေကို ဖိနှိပ်ဖို့အတွက် စစ်လက်နက်ပစ္စည်းဝယ်တာတွေ၊ ပြည်သူကိုဖိနှိပ်ဖို့အတွက် သူတို့အုပ်ချုပ်ရေး ယန္တရားတွေကို စက်ယန္တရားတွေ တိုးချဲ့တာအပေါ်မှာ ကျနော်တို့က
ဒါတွေကို ကန့်ကွက်နိုင်တယ်၊ တားမြစ်နိုင်တယ်။ အဲဒီတော့ ပြည်သူပြည်သားအားလုံး
ဟာ ဒီကုမ္ပဏီတွေနဲ့ မပတ်သက်ဖို့၊ ဒီကုမ္ပဏီတွေကို စီးပွားရေးအရ သပိတ်မှောက်ကြ
ဖို့၊ ဒီကုမ္ပဏီတွေကို အားပေးခြင်းမပြုဘူးဆိုရင်၊ တဦးချင်းစီကသာ တာဝန်ယူလုပ်သွား
မယ်ဆိုရင်၊ တတိုင်းပြည်လုံး ညီညီညာညာနဲ့ လုပ်သွားမယ်ဆိုရင် ကျနော်တို့ပြည်သူ
လူထုနဲ့ ကျနော်တို့သံဃာတွေကို သတ်နေတဲ့ စစ်အစိုးရကို ဟန့်တားခြင်းဖြစ်ပါတယ်”
အခုလို မြန်မာပြည်သူတွေ သပိတ်မှောက်မယ်ဆိုရင်၊ ကုမ္ပဏီတွေမှာ အရောင်းပါး
သွားရင် ၀န်ထမ်းတွေအနေနဲ့ ထိခိုက်မှုတွေ၊ နစ်နာမှုတွေ မဖြစ်နိုင်ဘူးလားလို့ မေးတဲ့
အခါမှာတော့ ဗကသများအဖွဲ့ချုပ်က ကိုလင်းထက်နိုင်က အခုလိုပြန်ပြောပါတယ်။
“ကျနော်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှု အောင်မြင်မှုရမယ်ဆိုရင် ၀န်ထမ်းတွေအတွက်
ထိခိုက်မှုတချို့ ဖြစ်မှာအမှန်ပဲ။ ဒါပေမယ့် ဒီဝန်ထမ်းတွေက သူတို့ရဲ့ လုပ်ငန်းရှင်တွေက
စစ်သေနတ်နဲ့ စစ်သေနတ်ထုတ်လုပ်ရေးအတွက် အာဏာရှင်တွေရဲ့ လက်ရုံးတွေမှန်း
မသိကြလို့ သူတို့က လုပ်တာလည်း ဖြစ်နိုင်တယ်။ ပထမတချက်က။ နောက်ပြီးတော့
ဒီဝန်ထမ်းတွေက ကျနော်တို့ ဒီလို စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုက်နစ်နာသွားလို့
ရှိရင် သူတို့ရဲ့နစ်နာမှုတွေဟာ တိုင်းပြည်အတွက် နစ်နာမှုလို့ ဂုဏ်ယူရင်းနဲ့ ခံယူ
ကျေနပ်နေမယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်တယ်။ ကျနော်တို့ဟာ မြန်မာ့ဒီမိုကရေ
စီရေးမှာလည်း စွန့်လွှတ်အနစ်နာခံတဲ့သူတွေအဖြစ် တတိုင်းပြည်လုံးကလည်း ဒီ
ဝန်ထမ်းတွေအပေါ်မှာ ချီးကျူးဂုဏ်ပြုနေမှာပါ။ ဒါကတော့ စိတ်ဓာတ်ရေးရာပိုင်း
ဆိုင်ရာပေါ့။ ဒါပေမယ့် တကယ့်ရုပ်ပိုင်းဆိုင်ရာ အခက်အခဲကို ပြေလည်စေဖို့ရာ
ကျနော်တို့က စစ်အစိုးရနဲ့ မပေါင်းသင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့က တိုက်တွန်းပေးထားတယ်။ ဒီလိုဝန်ထမ်းတွေ ဒုက္ခရောက်တဲ့အတွက် ဒီဝန်ထမ်းတွေကို
ဦးစားပေး အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ တိုက်တွန်းပေးထားတာ ရှိပါတယ်”
ဒီထဲမှာ ကိုရီးယားနဲ့ တရုတ်နိုင်ငံလုပ် ပစ္စည်းတွေကိုလည်း မသုံးစွဲဘို့ နှိုးဆော်ထားတာ တွေလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ ဈေးပေါပေါနဲ့ရတဲ့ တရုတ်လုပ်ပစ္စည်းတွေ နေရာ
ယူနေချိန်မို့ ဒီလိုပိတ်ဆို့မှုဟာ အောင်မြင်မှုရနိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့
ရန်ကုန်တိုင်း လူထုလှုပ်ရှားမှုကော်မတီတာဝန်ခံ ကိုတေဇက အခုလိုဖြေပါတယ်။
“အဲဒီသုံးနေတဲ့အထဲမှာ တရုတ်နိုင်ငံကထုတ်တဲ့ ပစ္စည်းတွေဆိုရင် ဇိမ်ခံပစ္စည်းတွေ
ရှိမယ်။ အဲဒီဇိမ်ခံပစ္စည်းတွေက ကျနော်တို့ အခြေခံလူထုအနေနဲ့ မသုံးဘဲနေမယ်ဆိုရင်
လည်း ရတယ်။ အဲလိုဟာမျိုးကို ကျနော်တို့က မသုံးဘဲနဲ့ သပိတ်မှောက်မယ်။ တရုတ်
ပြည်ကထွက်တဲ့ ပစ္စည်းတော်တော်များများဟာ ကျနော်တို့သပိတ်မှောက်လို့ ရောင်းချမှု နည်းနည်းလျော့သွားမယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့က ဒါကို သပိတ်အောင်မြင်မှု
တခုလို့ ယူဆမယ်”
၁၂ ဖွဲ့ပါဝင်ပူးပေါင်းထားတဲ့ လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီကတော့ သူတို့
လှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ အသံတိတ်ဆန္ဒပြမှုဖြစ်တယ်၊ ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတာတွေကို ဟန့်တားဖို့အတွက် လုပ်တာဖြစ်တယ်၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ဗိုလ်ကျမှုတွေကို ငြိမ်းချမ်းစွာနဲ့ စနစ်တကျ တုံ့ပြန်မှုလည်း ဖြစ်တဲ့
အကြောင်း ပြောဆိုသွားပါတယ်။