သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ ဈာပနအခမ်းအနား ကရင်တော်လှန်ရေးနယ်မြေမှာ ကျင်းပ


ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင်
တဦးဖြစ်သူ ပဒိုမန်းရှာရဲ့ ဈာပနကို ကရင်လက်နက်ကိုင် တော်လှန်ရေးနယ်မြေမှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်ချပြီး ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းအသေးစိတ်
ကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကရင်အမျိုးသား
ခေါင်းဆောင် ပဒိုမန်းရှာရဲ့ ဈာပနကို ကရင်လက်နက်ကိုင် တော်လှန်ရေးနယ်မြေ
တနေရာမှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားပြီး ကျင်းပခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ပစ်ဖောက်
ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ အတွင်းရေးမှူးအသစ်ဖြစ်လာတဲ့ ဗိုလ်မှူး
တူးတူးလေးက …

“ဒီဖြစ်ရပ်ဟာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးမှာ အင်မတန် ထိခိုက်နစ်နာ
သွားတဲ့ နစ်နာမှုတရပ်ဖြစ်ပါတယ်။ ထို့နည်းတူ အဖွဲ့အစည်းပေါင်း မြောက်မြားစွာနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေရှိပါတယ်။ အထူးသဖြင့် ကျနော်တို့အားလုံး လုပ်ဆောင်ပြီးတော့ ရည်ရွယ်နေတဲ့ ပန်းတိုင်ကိုရောက်ဖို့ အများ
ကြီး အနှောင့်အယှက် ဖြစ်သွားပါတယ်။ အဲဒါကိုလည်း အားလုံးသိရှိကြပါတယ်”

ဈာပနကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်တွေနဲ့ ပဒို
မန်းရှာကို လေးစားချစ်ခင်ကြတဲ့ မဟာမိတ်အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်
များအပါအဝင် လူအင်အားနှစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

ဈာပနမှာ ပဒိုမန်းရှာရဲ့ သားသမီးလေးဦးက သူတို့ရဲ့ဖခင်အတွက် ဝမ်းနည်းခြင်း၊
ဂုဏ်ယူခြင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ဈာပနကို ညနေပိုင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပေမယ့် ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရ
မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ ပြီးဆုံးနိုင်မှာ မဟုတ်သေးတဲ့
အကြောင်း သူ့ကိုလေးစားချစ်ခင်သူတွေက ပြောဆိုနေကြဆဲပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG