သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူက မြန်မာစစ်အစိုးရရဲ့ ဆန္ဒခံယူပွဲအပေါ် ကျေနပ်အားရမှုမရှိကြောင်း ဆုံးဖြတ်ချက်ချ


မြန်မာစစ်အစိုးရက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအဖြစ် မကြာခင် ပြည်လုံးကျွတ် ဆန္ဒ
ခံယူပွဲတွေလုပ်ဖို့၊ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ကြေညာခဲ့ပေမယ့် ဒါတွေဟာ
လုံလောက်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မဟုတ်သေးဘူးလို့ ဥရောပသမဂ္ဂ
(အီးယူ) က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက အခုလို ထုတ်ပြန်ပြောဆိုလိုက်
ပေမယ့်လည်း အီးယူအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဥရောပ
သမဂ္ဂဝန်ကြီးတွေက ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

မေလထဲကြရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေမူကြမ်းကို အတည်
ပြုမယ်၊ အဲဒီကမှတဆင့် သက္ကရာဇ် ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲအသစ်တွေ
လုပ်မယ်ဆိုပြီး မြန်မာစစ်အစိုးရက ကြေညာခဲ့ပေမယ့် သက်ဆိုင်သူတွေဖြစ်တဲ့
အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ ပါဝင်နိုင်မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်မှုရနိုင်မှာဖြစ်တယ်ဆိုပြီး အီးယူ ဥရောပသမဂ္ဂက ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရရဲ့ ဒီလဆန်းပိုင်းက ထုတ်ပြန်လိုက်တဲ့ ကြေညာ
ချက်အပေါ် အခုလို သတိပေးပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အီးယူ ပြန်ကြားရေး
တာဝန်ခံတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ …

“ကျမတို့အနေနဲ့ ဒါကို ယေဘုယျအားဖြင့် ဆန့်ကျင်တဲ့သဘော မရှိပါဘူး။ ဒါပေမယ့်
လည်း အစိုးရက ပြောဆိုထားတာဟာ တကယ်တမ်း စစ်မှန်တဲ့ နိုင်ငံရေးပြောင်းလဲမှု
ဖြစ်ပေါ်ဖို့ ဘယ်လိုရည်ရွယ်ချက်ရှိတယ်ဆိုတာ ထုတ်ဖော်ဖို့လိုပါတယ်။ ပြည့်စုံတဲ့၊
အားလုံးပါဝင်နိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်ရပါမယ်။ လောလောဆယ်မှာကတော့
ဒါကို အပေါင်းလက္ခဏာဆောင်တဲ့သဘောလို့ ပြောဖို့ခက်ပါတယ်။ အခြေခံဥပဒေ မူကြမ်းဆိုတာကလည်း ဘယ်သူမှ မြင်ကြရသေးတာ မဟုတ်သေးဘူးလေ။ အခြေခံ
ဥပဒေပေါ်လာဖို့ လုပ်ငန်းစဉ်ဆိုတာကလည်း သက်ဆိုင်သူတွေပါဝင်ပြီး ရေးဆွဲတာ မဟုတ်ဘူးဆိုတာကိုလည်း ကျမတို့ သတိထားမိပါတယ်”

ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ အီးယူ
အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲဖြစ်သလို၊ မြန်မာအာဏာပိုင်တွေအနေနဲ့လည်း
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာအောင်
နိုင်ငံရေးအရ ဆောင်ရွက်ချက်တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ကိုလည်း အီးယူက တောင်းဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အီးယူဝန်ကြီးတွေ မနေ့
ကပြုလုပ်တဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံအရေး ထည့်သွင်းဆွေးနွေးခဲ့ကြအပြီး
ဒီလိုပြောဆိုခဲ့ကြတဲ့အကြောင်းကိုလည်း အီးယူ ပြန်ကြားရေးတာဝန်ခံက အခုလို
ရှင်းပြပါသေးတယ်။

“နိုင်ငံရေးလုပ်ငန်းစဉ်တွေ တိုးတက်နေတဲ့ အခြေအနေတွေမှာ ရှိမနေပါဘူး။ ဥပမာ
ပြောရရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ အကြံပြုတိုက်တွန်းထား
သလို အားလုံးပါဝင်နိုင်လောက်တဲ့ အခြေအနေမျိုး မရှိပါဘူး။ သိတဲ့အတိုင်းပါပဲ နိုင်ငံ
ရေးအကျဉ်းသားတွေဟာလည်း အကျဉ်းထောင်တွေထဲမှာ ရှိနေတုန်းပါ။ ဒါတွေကို
အစည်းအဝေးမှာ ဆွေးနွေးမှတ်ချက်ချခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံကိစ္စကို နိုင်ငံ
တကာက အာရုံစိုက်မှုတွေလည်း ဆက်ရှိနေစေချင်ပါတယ်။ ဒါကြောင့်လည်း မြန်မာ
နိုင်ငံကိစ္စဟာ အရေးကြီးတဲ့ကိစ္စအဖြစ် ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြတာပါ”

ဒီလို နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ မရှိတာကြောင့် မြန်မာ့အရေး ကြားဝင်
ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari)၊ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ပေါ်လို ဆာဂျီယို ပီညဲရိုး
(Paulo Sergio Pinheiro) တို့ကို မြန်မာနိုင်ငံ အမြန်ဆုံးပြန်သွားခွင့်ပြုဖို့ လိုအပ်တယ်
လို့လည်း ပြောဆိုလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အချိန်ကာလ သတ်မှတ်
ချက်တွေ သတ်မှတ်ပြီး သက်ဆိုင်သူတွေအားလုံးနဲ့ အဆက်မပြတ် ဆွေးနွေးပြောဆို
မှုတွေ လုပ်ဆောင်ဖို့ကိုလည်း မြန်မာစစ်အစိုးရကို အီးယူက တောင်းဆိုလိုက်ပါတယ်။

တကယ်တော့ မြန်မာစစ်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ဟာ တိုင်းပြည်အတွက်
အကျိုးမရှိနိုင်ဘူး၊ လက်ရှိ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ပိုမိုသာ ဆိုးရွားသွားစေနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မနေ့ကပဲ သတိပေးပြောဆိုလိုက်
တဲ့ တချိန်တည်းမှာပဲ အခုလို အီးယူဝန်ကြီးတွေရဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်
လာတာပါ။ ဒီလို အန်န်အယ်လ်ဒီရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အီးယူ ပြန်ကြားရေး
တာဝန်ခံက …

“အန်န်အယ်လ်ဒီက ဒီလိုထုတ်ပြန်ပြောဆိုတယ်ဆိုရင် တခြား နိုင်ငံတကာအသိုင်း
အဝိုင်း၊ ဥပမာ အိမ်နီးချင်းနိုင်ငံတွေကလည်း ဒါတွေကို ထည့်သွင်းစဉ်းစားဖွယ်ရာ
ရှိပါတယ်။ ဒီလို ကွဲလွဲတဲ့သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို
ဘာတွေ တကယ်တမ်းဖြစ်ပျက်နေတယ် ဆိုတာတွေအားလုံးကို ကျမတို့အနေနဲ့
ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သွားမှာပါ”

အီးယူအနေနဲ့ တည်ငြိမ်ပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွန်းလာ
အောင် မြန်မာပြည်သူတွေကို ကူညီသွားဖို့ ရည်ရွယ်ထားဆဲ ဖြစ်တယ်လို့လည်း ပြောဆို
လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်ထွန်းမှုတွေအပေါ်
မူတည်ပြီး လိုအပ်ရင် လိုအပ်သလို အီးယူရဲ့ ရပ်တည်ချက်တွေ၊ အရေးယူဆောင်ရွက်
ချက်တွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့လည်း အီးယူက ပြောဆိုထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG