သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုတိုးလာနေသည့် လွတ်လပ်စ ကိုဆိုဗိုနိုင်ငံသို့ အီးယူ နိုင်ငံခြားရေး အကြီးအကဲ သွားရောက်


ဆားဘီးယားလက်အောက်က ကိုဆိုဗို
လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် ဥရောပ
သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ
ဟာဗီးယား ဆိုလားနား (Javier Solana) က
ပထမဦးဆုံး နိုင်ငံတကာခေါင်းဆောင်တဦး
အဖြစ် ကိုဆိုဗိုကို ရောက်ရှိနေပါတယ်။ ကိုဆိုဗိုလွတ်လပ်ရေးနဲ့ပတ်သက်ပြီး
အောင်ပွဲခံသူခံ၊ ကန့်ကွက်သူကန့်ကွက်
ဖြစ်နေတဲ့အချိန်မှာ မစ္စတာဆိုလားနား
ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗွီအိုအေ
သတင်းထောက် စတက်ဖန်ဘော့စ်
(Stefan Bos) ဘူဒါပက်စ်ကနေ သတင်း
ပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြ
ပေးထားပါတယ်။

အယ်လ်ဘေးနီးယားအနွယ်ဝင်တွေ ဒီလိုအောင်ပွဲခံနေကြချိန်မှာ ဥရောပသမဂ္ဂ နိုင်ငံ
ခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ မစ္စတာ ဟာဗီးယား ဆိုလားနား ရောက်ရှိလာတာ
ဖြစ်ပါတယ်။ မစ္စတာဆိုလားနားဟာ ကိုဆိုဗိုသမ္မတ ဖတ်တ်မီး ဆက်ဒ်ဂျီယူး (Fatmir
Sedjiu)၊ ဝန်ကြီးချုပ် ဟာဆင်းမ် သာစီ (Hashim Thaci) တို့နဲ့တွေ့ဆုံပြီး ကိုဆိုဗို
လူ့အခွင့်အရေးကို ကြီးကြပ်မယ့် အင်အားနှစ်ထောင်လောက်ရှိတဲ့ အီးယူရဲတပ်ဖွဲ့ကိစ္စ
ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကိုဆိုဗိုရဲ့ ခက်ခဲသောရှေ့ခရီးမှာ ဥရောပသမဂ္ဂအနေနဲ့ ကူညီဖို့အဆင်သင့်ရှိတယ်လို့ သူကဆိုပါတယ်။

“ပရစ်စ်တီးနားမြို့တော်နဲ့ ကိုဆိုဗိုတနံတလျား တွေ့မြင်နေရတဲ့ ပျော်ရွှင်မှုတွေကို
ကျနော်တို့လည်း ဝေမျှခံစားရပါတယ်။ ဒါတွေကို ရှေ့ခရီးမှာ ဒီလူ့အဖွဲ့အစည်း တိုးတက်
ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ့် အပြုသဘော စွမ်းအင်အဖြစ် ပြောင်းလဲကြရပါလိမ့်မယ်”

မစ္စတာဆိုလားနားဟာ ၁၉၉၉ ခုနှစ်က ဆားဘီးယားကို ထုတ်ပစ်စဉ်တုန်းက နေတိုး
အတွင်းရေးမှူး ဖြစ်ခဲ့သူပါ။

ကိုဆိုဗိုလွတ်လပ်ရေးကို ဆန့်ကျင်ဒေါသထွက်နေတဲ့ ဆာ့ဘ်တွေ ကိုဆိုဗို-ဆားဘီးယား နယ်စပ်ဖြတ်လမ်းတခုကို မီးရှို့လိုက်ကြတဲ့အတွက် နေတိုးတပ်ဖွဲ့ဝင်တွေ ဝင်စွက်ဖို့ ချက်ချင်းအကြောင်းဖန်လာပါတယ်။ လူမျိုးရေးကွဲပြားမှုရှိတဲ့ မီထရိုဗီစာ (Mitrovica)
မြို့မှာဆိုရင် ကုလသမဂ္ဂဝင်းထဲ ဗုံးခွဲခံရပြီး ကားတွေပျက်စီးသွားခဲ့ပါတယ်။ လူတွေ
တော့ မထိခိုက်ခဲ့ပါဘူး။

ဒီလွတ်လပ်ရေးကို ကိုဆိုဗိုဆာ့ဘ်တွေ မကျေနပ်တာ သူတို့ဘက်မှာလည်း နိုင်ငံတကာ ထောက်ခံမှုတွေ ရှိနေတာကို ထင်ဟပ်ပြီး ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး ဗွတ်က်
ဂျရမစ် (Vuk Jeremic) က အခုလိုပြောခဲ့ပါတယ်။

“ဆားဘီးယားဟာ ဒီကိစ္စအတွက် နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်ရပါတယ်။ ဆားဘီး
ယားက ဒါကို လက်မခံပါဘူး။ နိုင်ငံတကာစင်မြင့်ဟူသမျှမှာ ဒီကိစ္စကို သံတမန်ရေးရာ
အရရော၊ နိုင်ငံရေးအရပါ ကျားကုတ်ကျားခဲ ခုခံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”

ကိုဆိုဗိုလွတ်လပ်ရေးကို အမေရိကန်က အသိအမှတ်ပြုတဲ့အတွက် ဝါရှင်တန်မြို့တော်
က ဆာ့ဘ်သံအမတ်ကို ဆားဘီးယားက ပြန်လည်ခေါ်ယူလိုက်ပါပြီ။ ကိုဆိုဗိုနဲ့ အဆက် အသွယ်ထူထောင်တဲ့ နိုင်ငံတွေက ဆာ့ဘ်သံရုံးတွေကိုလည်း ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီသံအမတ်က ဌာနေအပြန်မှာ ကိုဆိုဗိုလွတ်လပ်ရေးဟာ နိုင်ငံတကာဥပဒေကို ကမောက်ကမ ပြုလုပ်ခြင်းသာဖြစ်ပြီး ဒေသတွင်း မငြိမ်မသက်မှု ဖြစ်စေလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

“ဆွေးနွေးမှုတွေ ဆက်လုပ်သင့်ပါတယ်။ ကိုဆိုဗိုကိစ္စဖြေရှင်းချက်ဟာ မှန်ကန်တယ်
လို့ ကျနော်တို့ မယူဆပါဘူး။ ဒါဟာ တည်ငြိမ်ရေးအတွက် အထောက်အကူ မဖြစ်နိုင်ပါ
ဘူး။ ဒီကိစ္စကို သံတမန်ရေးအရ နောင်ဖြေရှင်းရလိမ့်ဦးမယ်လို့ ကျနော်တို့ မျှော်လင့်ပါ
တယ်။ ဒီတရားမဝင်တဲ့လုပ်ရပ်ကို အသိအမှတ်ပြုကြလိမ့်မယ်မဟုတ်ဘူးလို့ မျှော်လင့်
ပါတယ်”

ရုရှားနဲ့ ဥရောပသမဂ္ဂနိုင်ငံ အများအပြားတို့ကလည်း ဆားဘီးယားဆိုရင် ဒီလိုပဲ စိုးရိမ်
နေကြပါတယ်။ စပိန်နိုင်ငံက ကိုဆိုဗိုလွတ်လပ်ရေး ကြေညာတဲ့ကိစ္စဟာ သူတို့ဆီက ခွဲထွက်ဖို့ကြိုးစားနေတဲ့ ဘတ်စ်က် (Basque) ဒေသမှာ ထိခိုက်လာလေမလားဆိုတာ စိုးရိမ်နေပါတယ်။ ဒါပေမယ့် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်အပါ အဝင် ကျန်ဥရောပသမဂ္ဂ နိုင်ငံတချို့ကတော့ ကိုဆိုဗိုကို အသိအမှတ် ပြုပြီးကြပါပြီ။

ဥရောပသမဂ္ဂထဲက နောက်ထပ် ၁၇ နိုင်ငံကလည်း ဆက်လက်ပြီး အသိအမှတ်ပြုလိမ့်
မယ်လို့ ယူဆရပါတယ်။ ဆားဘီးယားအိမ်နီးချင်းဖြစ်တဲ့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေ
မှာတော့ ကိုဆိုဗိုကို အသိအမှတ်ပြုရေးနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဟန်ဂေရီဆိုရင် ကိုဆိုဗိုလွတ်လပ်ရေးကို အသိအမှတ်ပြုချင်ပေမယ့် ဟန်ဂေရီယန်း
နွယ်ဖွား သုံးသိန်းကျော်နေထိုင်တဲ့ ဆားဘီးယားနဲ့လည်း မိတ်မပျက်လိုဘူးလို့ ဆိုပါ
တယ်။

ဥရောပသမဂ္ဂထဲကို မနှစ်ကမှ ဝင်ရောက်လာခဲ့တဲ့ ရိုမေးနီးယားလို နိုင်ငံတချို့ကတော့ ကိုဆိုဗိုလွတ်လပ်ရေးကို ဆန့်ကျင်နေကြကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG