သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အထူးသံတမန်အတွက် မြန်မာနိုင်ငံတွင် အမြဲတမ်းရုံးတခု ဖွင့်ခွင့်ပြုရန် အာဆီယံ တိုက်တွန်း


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး
သံတမန် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari) ရဲ့ ကိုယ်စားလှယ်ရုံး
တခုကို မြန်မာနိုင်ငံမှာဖွင့်ခွင့်ပြုဖို့ အရှေ့
တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နိုင်ငံ
ခြားရေးဝန်ကြီးတွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ
နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်း
စဉ်ဟာ အများက ယုံကြည်လက်ခံနိုင်
လောက်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက
လိုလားကြပါတယ်။ ဒီအကြောင်းအသေး
စိတ်ကို ဦးကျော်ကျော်သိန်းက တင်ပြ
ထားပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာ အဲဒီလိုတိုက်တွန်းမှုတွေ လုပ်ခဲ့
ကြတာပါ။ မစ္စတာဂမ်ဘာရီရဲ့ ကိုယ်စားလှယ်အရာရှိတဦးကို မြန်မာနိုင်ငံမှာ အမြဲတမ်း
ရုံးစိုက်ခွင့်ပြုဖို့ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး
ဂျော့ဂျ်ယို (George Yeo) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီလို အာဆီယံက တိုက်တွန်းတဲ့အပေါ် အပြည့်အဝထောက်ခံတယ်လို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အတွက် အထောက်အကူဖြစ်စေပါမယ်လို့ ဆိုပါတယ်။

“ဒီအချိန်ကာလဟာ မြန်မာပြည်အတွက် အင်မတန်အရေးကြီးတဲ့ အချိန်ကာလ ဖြစ်နေ
တယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကိစ္စရပ်တွေဟာ နိုင်ငံရေးအင်အားစုအားလုံးကြားထဲမှာ ကြေကြေလည်လည်နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲမျိုး မဖြစ်ခဲ့ဘူးဆိုရင် မြန်မာပြည်မှာ
ရှေ့ကာလမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နောက်ဆက်ဆွဲအကျိုးဆက်တွေ အများကြီး
ဖြစ်မှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အာဆီယံက အခုလိုတင်ပြတာကို နိုင်ငံတကာ
အင်အားစုတွေရဲ့ သဘောထားကလည်း တညီတညွတ်တည်းရှိတယ်။ ဒီလမ်းကြောင်း
ပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့ တိုက်တွန်းမယ့်ကိစ္စတွေ လုပ်ရမယ်။ ဒေသတွင်းနိုင်ငံ
တွေကပေးတဲ့ သဘောထားကို နအဖအနေနဲ့ အလေးအနက်စဉ်းစားဖို့လိုတယ်လို့
မြင်ပါတယ်”

လက်ရှိမှာတော့ မစ္စတာဂမ်ဘာရီဟာ တရုတ်နိုင်ငံကိုရောက်နေပြီး အင်္ဂါနေ့က တရုတ်
နိုင်ငံခြားရေးဝန်ကြီး ယန်ဂ် ဂျိုင်းချီ (Yang Jiechi) နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါ
တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး အပြုသဘောဆောင် ကူညီဖို့ ကြိုးပမ်းကြတဲ့နေရာမှာ ဓမ္မဓိဋ္ဌာန်ကျဖို့၊ ကျိုးကြောင်းဆီလျော်ဖို့နဲ့ မျှတဖို့ တရုတ်
နိုင်ငံခြားရေးဝန်ကြီးက နှိုးဆော်ခဲ့တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်သွားနိုင်ရေး တရုတ်အစိုးရက ကူညီဆောင်ရွက်
ပေးနေပြီး သဘောထားပြောင်းလဲမှုတချို့ ရှိလာတယ်လို့ ဒေါက်တာသောင်းထွန်းက
ပြောပါတယ်။

“မစ္စတာဂမ်ဘာရီကလည်း အခု မီဒီယာတွေမှာ ထုတ်ပြောတာက အရင် ဧပြီလလယ် လောက်မှသွားမယ်ဆိုတာထက် စောပြီးတော့ မတ်လထဲမှာ သွားနိုင်လိမ့်မယ်ဆိုတဲ့ အလားအလာတွေ ကျနော်တို့ သိရပါတယ်။ တရုတ်ရဲ့သဘောထားဟာ တစုံတရာ
တော့ ပြောင်းလဲမှုရှိတယ်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေမှာ မစ္စတာဂမ်ဘာရီ အမြန်ဆုံးသွားရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် လုပ်ခြင်းသာလျှင် အမှန်ကန်
ဆုံး နိုင်ငံရေးဖြေရှင်းမှု ဖြစ်တယ်ဆိုတဲ့ အနေအထားတွေပေါ်မှာ တရုတ်က သဘော
ထားရှိလာတာ တွေ့ရပါတယ်။ အဲဒီအခြေခံတွေပေါ်မှာ ကျနော်တို့က ဆက်ပြီးတော့
တရုတ်က တခြား အာဆီယံနဲ့ အနောက်အင်အားစုနိုင်ငံတွေနဲ့ ဒီ့ထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့၊ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့
လိုတယ်လို့ ကျနော်တို့မြင်ပါတယ်”

အခုကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ
ကိစ္စကို အဓိကအာရုံစိုက် ဆွေးနွေးကြပါတယ်။ မေလမှာ ကျင်းပမယ်ဆိုတဲ့ အခြေခံ
ဥပဒေအသစ်အတွက် လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိတ်ကိစ္စတွေ
အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အတော်များများက မေးခွန်းထုတ်ခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်တွေရဲ့ ဖြောင့်မတ်မှန်ကန်မှု
ကို မေးခွန်းထုတ်ခဲ့ကြတဲ့ထဲမှာ ဖိလစ်ပိုင်နိုင်ငံကတော့ အပြင်းထန်ဆုံးပါပဲတဲ့။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး
လုပ်ငန်းစဉ် (Road Map) နဲ့ပတ်သက်ပြီး ဒီလို မေးခွန်းတွေထုတ်ခဲ့ကြတယ်ဆိုတော့
အာဆီယံရဲ့ အရင်ရပ်တည်ချက်တွေကနေ သိသိသာသာ လမ်းခွဲထွက်လိုက်ပြီလား၊
ပိုပြီးတော့ တွန်းအားပေးနိုင်တဲ့ အနေအထားမှာ ရှိနေပြီလားဆိုတာ ဒေါက်တာ
သောင်းထွန်းကို မေးခဲ့ပါတယ်။

“အာဆီယံက နိုင်ငံရေးအရ အခုလိုမျိုး ဆောင်ရွက်တဲ့ဟာကတော့ ထူးခြားချက်လို့
မြင်ပါတယ်။ ဘာပဲပြောပြော အာဆီယံအနေနဲ့ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း သဘော
ထားတွေ ချပြလာတာ၊ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်ဟာ နိုင်ငံရေးအင်အားစုတွေ
အားလုံးပါဝင်ရမယ်၊ နအဖဘက်က ဖွဲ့စည်းပုံကို အခုလိုမျိုး တဖက်သတ်အတည်ပြုဖို့
ကြိုးစားတာ အာဆီယံက လက်မခံဘူးဆိုတဲ့ သဘောထားမျိုးလည်း ပါပါတယ်။ အဲဒီ အဓိပ္ပာယ်အရဆိုရင် ဒါ အာဆီယံက နိုင်ငံရေးအရ၊ သံတမန်ရေးအရ ပိုပြီးတော့
လုပ်လာတယ်ဆိုတဲ့ အမြင်မျိုးရှိပါတယ်။ ဒီလိုမျိုး အာဆီယံရဲ့ သဘောထားတွေ၊
အာဆီယံရဲ့ တွန်းအားပေးမှုတွေဟာ တခြား အရေးကြီးတဲ့နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့
အိန္ဒိယတို့ရဲ့ စဉ်းစားမှုတွေပေါ်မှာ အများကြီးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့
ကျနော်တို့ မြင်ပါတယ်”
အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂ
ရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်းပါ။

မြန်မာစစ်အစိုးရကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲတာ ပြီးစီးသွားပြီလို့
ကြေညာလိုက်ပြီး လူထုဆန္ဒခံယူပွဲကို မေလမှာ လုပ်ပါတော့မယ်။ ဒီမတိုင်ခင် မြန်မာ့
အရေး နိုင်ငံတကာကနေ တွန်းအားပေးလုပ်ဆောင်နေတာတွေက ဘယ်လောက်ထိ အကျိုးသက်ရောက်မယ်ဆိုတာကိုတော့ သံသယဖြစ်သူအများအပြား ရှိနေကြ
ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG